Voice of Myanmar

အခန်း (၂၆၉)

ဆူးငှက်

ပုံရိပ် – ၁ (၁၉၃၀ ဝန်းကျင်) ——————————- ထိုအချိန်က ဈေးချိုတော် အနောက်ဖက် ရွှေတချောင်းမြောင်း ကျော်လိုက်တာနှင့် မြေလွတ်မြေရိုင်းတွေ ဖြစ်သည်။ အနောက် မိကျောင်းတံတားနားမှာ ပုဏ္ဏားရွာစုလေးရှိ၏။ ပုဏ္ဏားရွာစုလေး အနောက်ဖက်မှာတော့ ဘုန်းကြီးကျောင်းတိုက်ကြီးတွေ ရှိသည်။ ထိုအနီးအနား အထင်ရှားဆုံး ဖြစ်တာက ရတနာပုံမ် မန္တလေးနေပြည်တော် မတည်ခင် သက္ကရာဇ် ၁၂ဝ၉ ခု၊ နတ်တော်လဆန်း ၁၁ ရက် ကတည်းက ပုဂံမင်း တည်ထားခဲ့သည့် မဟာ လောကရံသီ အိမ်တော်ရာ စေတီတော်ကြီး တည်ရှိနေခြင်းဖြစ်၏။ ဘုန်းကြီးကျောင်းတိုက်ကြီးတွေ၊ ပုဏ္ဏားရွာစုလေးတွေကလည်း အိမ်တော်ရာ စေတီကြီးနှင့်အတူ တည်ရှိခဲ့ကြခြင်း ဖြစ်သည်။

သည်တုန်းက..မုံရွာ ဒိစတြိတ်၊ ဘုတလင်မြို့နယ်၏ အရှေ့ဖျား ဝေသီခေါင်သော အရပ်ဒေသမှ ငယ်ရွယ်သော ဇနီးမောင်နှံ သည် မန္တလေးသို့ ခေါင်းရွက်ဗျက်ထိုး လုပ်ကိုင် စားသောက်ရန် ရောက်ရှိလာကြသည်။ မန္တလေးမှာက လွန်ခဲ့သော ၁ဝ နှစ်၊ ၁၉၁ဝကျော် ဝန်းကျင်ကတည်းက ရောက်ရှိကာ ပွဲရုံလုပ်ငန်းဖြင့် အခြေကျနေသော နယ်ခံ မိတ်ဆွေတစ်ဦးလည်း ရှိခဲ့သည်။ ထို့ကြောင့် မန္တလေး ရောက်ရောက်ချင်း ၊ အဆိုပါ မိတ်ဆွေထံ ဦးတိုက်ကာ နေရေး ထိုင်ရေး အကူအညီတောင်းရ၏။ မိတ်ဆွေ၏ ခြံဝင်းကြီးက ပွဲရုံနှင့် လူနေအိမ် အပါအဝင် ကျယ်ဝန်းလှသည်။ အနီးအနားမှာ ဘုန်းကြီးကျောင်းတိုက်ကြီးတွေနှင့် ပုဏ္ဏားရွာလေးရှိ၏။

မြေလွတ်တော်တော်များများမှာက ဝါးရုံတောရိုင်းကြီးတွေ ဖြစ်၏။ ဟိုး အရှေ့တောင်ထောင့် ယွန်းယွန်း မလှမ်းမကမ်း အရပ်ဆီမှာ ပုဂံမင်း၏ ခမည်းတော် သာယာဝတီမင်း ဓာတ်နန်းစံခဲ့ဖူးရာ အရပ်ရှိသည်ဟု သိရသည်။ ဝါးရုံ တောရိုင်းကြီးတွေကို ခုတ်ထွင်ရှင်းလင်းပြီး ကြိုက်သလောက် နေရာယူကာ ခြံစည်းရိုးခတ်လိုက်လျှင် ကိုယ်ပိုင်မြေယာ တစ်ကွက်ရရှိနိုင်သော်လည်း ရိုးဖြောင့်ခြိုးခြံပြီး သံယောဇဉ်ဖြင့် နေထိုင်စားသောက်လိုသော အညာသား ဗမာလူမျိုးပီပီ၊ ဇနီးမောင်နှံသည် ရောက်နှင့်ပြီး မိတ်ဆွေ၏ ခြံဝင်းကျယ်ကြီးထဲ၌သာ အတူတကွ ပူးပေါင်း နေထိုင်ခဲ့ကြတော့သည်။

ဤသို့ဖြင့် …

ပုံရိပ် – ၂ ( ၁၉၇၀ မှ ၁၉၈၀ကျော် ဝန်းကျင်) ————————————————- ကျွန်တော်သည် ထိုဇာတ်ဝင်ခန်းကို ပြည်တည်၍ ငယ်ဘဝကို ပြန်လှန် စဉ်းစားမိလေတော့ ဈေးချိုတော် အနောက်ဘက်၊ အိမ်တော်ရာဘုရားတော်ဘက် ဒေါင်းရိုးရပ်ထဲက ပုံရိပ်တွေ တဖျပ်ဖျပ်မြင်လာ၏။ စိတ်ရင်း သဘောကောင်း၍ ချမ်းသာကြွယ်ဝသော ဆွေကြီးမျိုးကြီး အဝန်းအဝိုင်းမှာ ဖခင်လက်ထက် ကတည်းက အရိပ်ခိုခဲ့ရတော့ သူများဝင်းထဲ နေရပေမင့် စိန်နားကပ်အရောင်နှင့် ပါးပြောင်ခဲ့ရပါ၏။ သို့သော်လည်း တက္ကသိုလ်တက်စဉ် ကာလရောက်တော့ ရှေ့ဆက်ရမည့် ဘဝခရီးအတွက် ကိုယ်ပိုင်အိမ်ရာလေး နှင့် ဖြစ်ချင်ခဲ့ရသည်။ ထိုအာသီသ ချဉ်ခြင်းကား အမြူတေပမာ နှလုံးထဲဖွဲ့တည်ခဲ့ပါပကော။

ဤသို့ဖြင့် …

ကျွန်တော် ငယ်ငယ်ကတည်းက ပန်းချီဝါသနာ ပါသည်။ တကယ်တမ်း ဖြစ်ချင်တာက ပန်းချီဆရာ….။ပန်းချီမှာမှ မြန်မာ့ရိုးရာလိုင်းကို ပိုပြီး ခုံမင်မိ၏။ ဟံသာဝတီ သတင်းစာ၏ အခါကြီး ရက်ကြီး အထူးထုတ် မျက်နှာဖုံးက ဆရာကြီး ဦးအေးမြင့်(မြန်မာ့ရိုးရာဒီဇိုင်း)တို့၊ မောင်ဝင်းမောင်(တမ်္ပဝတီ)တို့၏ သရုပ်ဖော် ပန်းချီတွေဆိုရင် အမြဲသိမ်းထားပြီး လေ့လာဖြစ်သည်။ ယခင် လူထုသတင်းစာက အထူးထုတ် မျက်နှာဖုံးတွေကိုတော့ ကြီးမှ ပြန်တွေ့ခွင့်ရလို့ ကြက်သီး မွှေးညင်း ထမျှ အံ့သြ နှစ်သက်မိပြန်သည်။

ကျွန်တော် ကျောင်းသွား ကျောင်းပြန်တိုင်း အမြဲဖြတ်သန်းရသည့် အိမ်တော်ရာဘုရား စောင်းတန်းတွေ ဇရပ်တွေထဲက နိပါတ်တော်ကားတွေကိုလည်း မဝနိုင်အောင် ကြည့်မိသည်။ အိမ်တော်ရာ အရှေ့မုခ်ပေါက် ဘေးက ပန်းချီဆရာ ကံညွှန့်လေး ရေးနေသည့် နိပါတ်ကားတွေကိုလည်း စိမ်ပြေနပြေ ထိုင်ကြည့်ဖြစ်သည်။ သည်မှာတင် ကျွန်တော် လက်စွမ်းပြဖို့ အခွင့်အရေး တစ်ခု ရလာတော့သည်။ မင်္ဂလာဆောင် ဖိတ်စာ ဒီဇိုင်းလေး တစ်ခု ဖန်တီးရခြင်း ဖြစ်ပါ၏။ ထိုဖိတ်စာကို ကိုယ့်စိတ်ကြိုက် ဖန်တီးရပါမည်။ ကိုယ့်ခြေ ကိုယ့်လက် ကိုယ်ကြိုက်သလို ဆောင်ရွက်နိုင်ပါမည်။ ထိုအခါ အရါယ်က အချစ်စိတ်တွေ မိုးမွှန်ရသည့် ကာလ၊ အချစ်အတွက်ဆို အသက်ပင် သေသေ ဆိုသည့် ကာလမှာ ဒီသရုပ်တွေ ပေါ်လွင်အောင် ကိုယ်မြတ်နိုးသော မြန်မာရိုးရာပန်းချီနှင့် မင်္ဂလာဆောင် ဖိတ်စာကို သရုပ်ဖော် မည်ပေါ့။ ထို့ကြောင့် မြန်မာ့ရိုးရာ အစဉ်အလာမှာ ရှိပြီး အချစ်ကြီးသူ သင်္ကေတ ကိန္နရီ ကိန္နရာပုံကို ဇာတ်မင်းသား၊ မင်းသမီးက ထိုအဝတ်တန်ဆာများဖြင့် သရုပ်ဖော်ကပြ နေတဲ့ဟန်ကို ယူကာ ဖိတ်စာဒီဇိုင်းကို ရေးဆွဲဖြစ်သည်။

““ချစ်သမျှကို မြင့်မိုရ်ရွှေတောင်လုံးသာပလေ….၊ လေးဆူဒီပါ…သီတာရေမြေဆုံးစေတော့လေ….””ဆိုတဲ့စာသားထဲလို…။

နောက်….““သံသာလေ ကမ်းတိုင်၊တူပြိုင်လေကူးမယ်”” ဆိုတဲ့စာသားလို…၊

““ရွှေဝန်းရံညီ၊ ကိန္နရီ ဖော်လဲ၊ ကွဲခဲ့ပြီလေး၊ သည်ပူဝန်ရေးငယ်နှင့်၊ မအေးတဲ့ ပါပြီ၊ မူးချိန်မှီ…”” ဆိုတဲ့စာသားတွေလိုပေါ့…။

ထို ကိန္နရီ ကိန္နရာ မောင်နံှ၏ နောက်ခံမှာ တောတွေ၊ တောင်တွေ၊ မြစ်တွေ ချောင်းတွေကို ရိုးရာ ကောက်ကြောင်းနှင့် ရေးဆွဲသည်။ သူရိန်နေမင်းနှင့် သီတဂူစန်းလတို့လည်း ယှဉ်တွဲပါရှိသည်။ မိုးကြီးလေကြီးမှာ ချောင်းခြားလို့ တစ်ညဝေးရသည်ကိုပင် ရက်ပေါင်း၇၀၀ ဆွေးရတယ်ဆိုသော သဘောလည်းပါစေချင်သည်။ ထို့ကြောင့် ကောက်ကြောင်းပန်းချီ ပုံ၏အောက်မှာ ဘလ္လာတိယပျို့ထဲက“ကာလမြင့်ခေါင်၊ သက်ဆုံးအောင်လျှင်၊ မြဲနှောင်မကွေ…၊ ချစ်ရိုသေလျက်၊ နေကြသောလား၊ နှစ်ပါးစုံရန်၊ မျိုးကြင်တန်ကို၊ ထိုဟန်စိတ်ဖြူ၊ ချစ်နည်းယူလျက်…”” ဟူသည့် စာသားကို ထည့်ထားသည်။

ပြောရမည်ဆိုလျှင်…၊ ပထမအရွယ် တင်းတင်း ပြည့်ပြီးချိန် ၁၉၈၃ခုနှစ်မှာ ဖန်တီးလိုက်သည့် ကျွန်တော့် “မင်္ဂလာဆောင် ဖိတ်စာ’ လေးဖြစ်သည်။ ကျွန်တော် အိမ်ထောင်ကျပြီ။

ပုံရိပ် – ၃ ( ၁၉၈၅ မှ ၁၉၉၉) ———————————- ၁၉၈၃ ခုနှစ်မှာပဲ ချက်မြှုပ်ဇာတိ ဒေါင်းရိုးရပ်မှသည်၊ ဓာတ်စက်ရုံကြီးအရှေ့ဖက် ဟေမာဇလရပ်သို့ ပြောင်းရွှေ့ ရ၏။ အိမ်၏မြောက်ဖက် တစ်ပြမှာပဲ ကျုံးမြို့ရိုးတွေရှိလို့၊ အူလှိုက်သည်းလှိုက် ဝမ်းမြောက်ရသည်။ မနက်ခင်း ကျုံးနံဘေးလမ်းလျှောက်…၊ ညနေခင်း ကျုံးနံဘေးတစ်ယောက်(ထိုစဉ်က) လွတ်လပ်ရေးပွဲတွေ ကျင်းပတော့ ကျုံးနဘေး ကျိတ်ကျိတ်တိုး..ခြိမ့်ခြိမ့်သည်း..။ အိမ်သို့ အိပ်ချိန်မှသာ ပြန်ဖြစ်တော့သည်။ မှတ်မှတ်ရရ ထိုစဉ်ကာလမှာပဲ အိမ်နှင့် မလှမ်းမကမ်း စည်ပင်သာယာရေးကော်မီတီ ရုံးနှင့် အမေရိကန်ကောင်စစ်ဝန်ရုံးကြား ၇၁လမ်းကို ပိတ်ပြီး ကျုံးဘက် မျက်နှာပြုကာ သင်္ကြန်ဗဟိုမဏ္ဍပ်ကြီးကို ဆောက်သည်။

သင်္ကြန်ပြီးသောအခါ ထိုမဏ္ဍပ်ကြီးကို မဖျက်သိမ်းသေးဘဲ ရုပ်ရှင်ဇာတ်ကား တစ်ကားရိုက်သောကြောင့် ကျွန်တော်တို့မှာ ညတိုင်လျှင် ကျုံးဘေး သံဇကာကိုမှီပြီး ရုပ်ရှင်ရိုက်သည်ကို ကြည့်ကြရ၏။ ပရိသတ်က ကျိတ်ကျိတ်တိုးနေသည်။ ထိုရိုက်ကွင်းမှာ မန္တလေးသင်္ကြန်တွင် အတန်ကြာ ပျောက်ကွယ် နေသည့် သင်္ကြန်အလှပြယာဉ်များကိုပါ အသစ်ဆင်ကာ ရိုက်ကူးနေသည်ကို တွေ့ရသည်။ အထူးသဖြင့် မန္တလေးသင်္ကြန်တွင် မပါမဖြစ်ပါဝင် ဆင်နွှဲနေကျ မြို့မငွေငန်းအလှပြယာဉ်မှာ ၁၉၇၈ခုနှစ်နောက်ပိုင်း ပျောက်ကွယ်ခဲ့ရာမှ ယခု ရုပ်ရှင်ရိုက်ကွင်းတွင် ပြန်မြင်ရလို့ ရင်ခုန်မိသေး၏။

ရိုက်ကွင်းက မြို့မအလှပြယာဉ်မှာ အရွယ်တော် လိုက်ငန်း ၂ကောင်က ကလပ်ပေါ်ကတဆင့် ရှေ့သို့ လည်စင်းထားသည်။ သည်ပုံစံက ၁၉၆၀ဝန်းကျင်က မြို့မအလှပြယာဉ် ဒီဇိုင်း ဖြစ်သည်။ ယခုရိုက်ကူးနေသော ရုပ်ရှင်တွင် အရွယ်အစားကြီးမားသော လည်ဆန့် အားယူကာ အတောင်ဖြန့်နေသည့် တစ်ကောင်တည်း ငန်းရုပ်ကြီးနှင့် ၁၃၁၉ခုနှစ်က ပုံစံအတိုင်း ပြန်လည်ပြင်ဆင်ထားသော မြို့မအလှပြယာဉ်လည်း ပါသေးသည်။ ထိုအလှပြယာဉ်ကြီးကို ပွဲကုန်းရပ်ထိပ် ဒေါက်တာသိန်းအောင်တိုက် ခြံဝင်းအတွင်း ရပ်ထားတာ တွေ့ရသည်။ တချို့ရက်တွေမှာ ဆိုင်းတန်းထိပ်က ရီမြင့်ရုပ်ရှင် ဝင်းကြီးထဲမှာ ထိုအလှပြယာဉ်ကြီး ရှိနေသည်။

ဗဟိုမဏ္ဍပ်ရှေ့က ရိုက်ကွင်းတွင် ခပ်လှမ်းလှမ်းက မြင်နေရတာက စင်ပေါ်မှာ ယိမ်းပျိုဖြူလေးတွေ ကကွက်တစ်ကွက် ရိုက်ရန် မီးမောင်းကြီးတွေ ထိုးလိုက်၊ မိနစ်ပိုင်းလေးရိုက်လိုက်၊ မီးမောင်းတွေ ပြန်ရွေ့လိုက် အစမ်းကလိုက်၊ မိနစ်ပိုင်းလေးရိုက်လိုက်မို့ ကျုံးဘေးမှာ မတ်တပ်ရပ်ရသည့်အပြင် ခြင်လည်း ကိုက်လို့ ခဏကြည့်ပြီး ပြန်ခဲ့သည်။ ကိုယ်တော့ သဲသဲကွဲကွဲ မမြင်ရ၊ ဘေးကတစ်ယောက်က စင်ပေါ်က မြင်နေရသူတွေကို ခင်သန်းနုတဲ့ ဇော်ဝမ်းတဲ့ မေရွက်ဝါတဲ့ မင်းသမီးသစ်လေး မေသန်းနုတဲ့ ဒါရိုက်တာ မောင်တင်ဦးတဲ့ဟုတော့ ပြောပြနေသည်။ သင်္ကြန်တုန်းက ဗဟိုမဏ္ဍပ်ကြီးက ရုပ်ရှင်ရိုက်ကွင်းတွင် နွေဦးကဗျာ အမျိုးသမီးသင်္ကြန်မဏ္ဍပ်ကြီး အဖြစ် ဆိုင်းဘုတ်ပြောင်းလဲ ထားသည်။

၁၉၈၄ခုနှစ်တွင် ဟေမာဇလမှာ သားဦးလေးရတော့ ဘုရားကြီး၊ မြစ်ဆိပ်၊ မန္တလေးတောင်သို့ စိတ်ကူးရ၍ စက်ဘီးတစ်စီးနှင့် သွားလေတိုင်း စက်ဘီး ရှေ့ခုံလေးမှာ သားဦးလည်းပါသည်။ ဘုရားကြီး ၄၅ တာကွင်းက ဘုန်းကြီးပျံပွဲ၊ အနောက်ပြင် မစိုးရိမ်ကျောင်းတိုက်က ဘုန်းကြီးပျံပွဲ၊ အရှေ့ပြင် ဦးကောကျောင်းတိုက် ဘုန်းကြီးပျံပွဲများသို့လည်း စက်ဘီးတစ်စီးနှင့် သားအဖနှစ်ယောက် ရောက်ဖြစ်ခဲ့သည်။ နောက် ၁၉၈၉ခုနှစ်တွင် သားငယ် ရလာတော့ စက်ဘီး တစ်စီးမှာ သားငယ်ကရှေ့က…။ သားကြီးက ကယ်ရီယာပေါ်ကနှင့် မန္တလေး နေရာ အနှံ့ စိတ်သွားတိုင်း လိုက်ပါခဲ့ပါ၏။ ပြောရမည်ဆိုလျှင် ကလေး ၂ ယောက်နှင့် မြို့ပတ်ရထားပင် အစအဆုံးစီးဖြစ်ကြသေး။ ဘုရားကြီးမန္တလေးတောင်၊ ကုသိုလ်တော်၊ မြစ်ဆိပ်..၊ ဘယ်မှမရောက်ဖြစ်လျှင် ဘူတာကြီးထဲ သွားထိုင်ပြီး၊ မီးရထားစက်ခေါင်းကြီးတွေ သားအဖတစ်တွေ ထိုင်ကြည့်ဖြစ်ကြပါ၏။ ဤသို့ဖြင့် …

ပုံရိပ် – ၄ ( ၂၀၀၀ခုနှစ်ကျော် ကာလများ) ————————————————- အရှေ့ဆီမျှော်ကြည့်လိုက်တော့ မန္တလေး၏ အမှတ်လက္ခဏာတစ်ရပ်ဖြစ်သော ရန်ကင်းတောင်ကြီးကို တိမ်တိုက်တွေ အောက်မှာ စိမ်းရင့်မှိုင်းညို့ ပီပြင်စွာမြင်ရသည်။ ဘေးပတ်ဝန်းကျင်မှာ အုံ့အုံ့ဆိုင်းဆိုင်း သပြေခြံကြီးတွေ ရှိ၏။ လမ်းဘေးရေအိုင်စပ်မှာ ငါးရံ့ဖျပ်ဖျပ်လူးသည်။ ကြာဖက်လေးတွေနှင့် ကြာနီကြာဖြူလည်းပွင့်၏။ အောင်ပင်လယ်၊ လယ်တောကို ဖြတ်၍ တိုက်ခတ်လာသောလေက လတ်ဆတ်မွှေးမြနေသည်။ ပေ ၅ဝ ပတ်လည်မြေကွက်ထဲမှာ အဆောက်အဦးက တဖြည်းဖြည်းချင်း ရုပ်လုံးပေါ်လာသည်။ အုတ်ကို အမေလူထုဒေါ်အမာက ကူညီသည်။ ကြေးခွေတွေနှင့် သံပန်း၊ မှန်လည်အချို့ကို နဒီမြန်မာ ဦးအောင်ခိုင် က ကူညီ၏။ အလားတူ စာရေးဆရာ နီမင်းဆွေ ကလည်း ကူညီသည်။ အစ်ကိုများဖြစ်ကြသော လှဂုဏ်ရည် ဦးကျော်ဝင်း နှင့် မန္တလေးသောက်ရေသန့် ကိုမောင်မောင်မြင့် တို့က ကူညီသည်။ စာပေမိတ်ဆွေ ဥတ္တရလမင်း ဦးသန်းဆွေ တို့က ကူညီသည်။ ညီတော်မောင် အင်ဂျင်နီယာ ကိုသန်းဦး က ကူညီသည်။ မိဘများက မန္တလေးသို့ ၁၉၂ဝ ဝန်းကျင်ကတည်းက ရောက်လာ အခြေချခဲ့ကြသော်လည်း သားဖြစ်သူ ကျွန်တော့အသက် ၄ဝ ကျော်သည်အထိ မန္တလေးမှာ မြေတစ်လက်မမျှပင် မပိုင်ဆိုင်နိုင်သေး။

အခု မန္တလေးဟုခေါ်ဆိုအပ်သော နယ်နိမိတ်အတွင်း မန္တလေးသား၊ မန္တလေးဒေသစွဲကြီးလွန်းလှသူဟု သမုတ်ခံရသူ၊ ရေးလိုက်သမှ မန္တလေးမပါလျှင်မပြီးသော စာရေးဆရာ ဆူးငှက် ဆိုသူက ပေ ၅ဝ ပတ်လည် မြေလေးတစ်ကွက်၊ သူပေးငါပေး အလှူငွေများဖြင့် သူပေးငါပေး ပစ္စည်းပစ္စယများဖြင့် ဝယ်ယူဆောက်လုပ်နေသောအခါ စာပေမိတ်ဆွေ အပေါင်းသင်းများ၊ မိဘကဲ့သို့သော ဆရာသမားများ၊ ဆွေမျိုးသားချင်းများကလည်း ဝမ်းမြောက်ကြသည်။ မိမိကိုယ်တိုင်ဆိုလျှင် မပြောပါနှင့်တော့။ တကယ်တော့ မန္တလေးမှာနေပြီဆိုမှတော့ ကျောက်သွေးတန်းမှာ တိုက်ကြီးနှင့်နေချင်တာပေါ့။ ဘီလမ်းပေါ် ဝင်းကြီးနှင့် နေချင်တာပေါ့။ စီဗီလိုင်းမှာ ခြံကြီးနှင့်နေချင်တာပေါ့။ မြို့သစ်ဗိုလ်ချုပ်ရွာမှာ အဆောင်အယောင် အပြည့်အစုံနှင့် နေချင်တာပေါ့…။ အနိမ့်ဆုံး အိုးနှင့်အိမ်နှင့် ဂရန်နှင့် နေချင်တာပေါ့။ သို့သော် တကယ်တမ်း တတ်နိုင်တာက အားလုံးအပြီးစီး ၁ဝ သိန်းခန့် မျှသာ။ ဒါကလည်း ဟိုကသည်က။

မြေကလေး ဝယ်အပြီး လန (၃၈) ဆိုသောအထောက်အထားမှလွဲ၍ ဘာမှမရှိ။ မရှိလည်း မတတ်နိုင်။ မန္တလေးမှလွဲ၍ ဘယ်မှာမှ မနေချင် ၊ မနေနိုင်။ မန္တလေး နယ်နိမိတ်ထဲ နေချင်ပြီ၊ ရှိသည့် အတိုင်းအတာနှင့်က သည်နေရာပဲ ဖြစ်နိုင်သည်။ မပြေးသော် ကန်ရာရှိ။ စည်ပင်မှ နီးစပ်သူများနှင့် မေးမြန်းတော့ မကြာမီ ထိုနေရာမျးသို့ ကွန်ပျူတာ မြေပုံထုတ်ရန် မြေတိုင်းအဖွဲ့ လာမည်။ မြေတိုင်းစာရင်းတွင် မိမိဝင်းခြံနေရာ နာမည်နှင့်ပါသွားလျှင် နောက်ပိုင်း၌ လုပ်ထုံးလုပ်နည်းများ အတိုင်း ဆက်လက် ဆောင်ရွက်လျှင် ရပါသည်ဟု ဆိုတာကြောင့်လည်း စီစဉ် ဝယ်ယူ ဆောက်လုပ်ခြင်းဖြစ်ပါ၏။ အရင် ဒီနေရာက ပုသိမ်ကြီးမြို့နယ် အပိုင်ဆိုလို့ ပုသိမ်ကြီးမြေစာရင်းရုံး စုံစမ်းပြန်တော့ သူတို့နှင့် မဆိုင်တော့ မန္တလေးလွှဲပြီးပြီတဲ့။ မကြာခင ်တရားဝင်မြေပုံ ထုတ်ပေး ပါလိမ့်မယ်တဲ့။ ကဲ…ဒါပဲတတ်နိုင်သည်။

အာရ်စီ နံကပ် တစ်ထပ်တိုက်လေး ဆောက်အပြီး ဝင်းထရံတွေ ကာအပြီးမှာ ကိုယ့်ဝင်းကိုယ့်အိမ် ဟူ၍ ခံစားသိရှိ ပီတိဖြစ်မှုက အတိုင်းအဆမရှိဟု ဆိုလောက်သည်။ အသက် ၉ဝ ကျော် မိခင်အိုကြီးကဆို တပြုံးပြုံး..။ ညနေစောင်း အိမ်ရှေ့သို့ထွက်ခါ ခုံကလေးနှင့်ထိုင်ရင်း ဗျိုင်းတွေ၊ ရေကြက်တွေ အိပ်တန်းတက်တာ ကြည့်ရင်း မိခင်ကြီး ကျေနပ် နေသည်။ အပျိုပေါက်ဖြစ်ပြီးမှ မကြာ၊ တောရွာထုံးစံအတိုင်း အိမ်ထောင်ကျပြီး၊ မန္တလေးရောက်ခဲ့ရသော အမေသည် အသက် ၉ဝ ကျော်မှ သားဖြစ်သူ၏ အိမ်ရာတွင် ပျော်ရွှင်စွာ နေထိုင်ရမှုအပေါ် ကျေနပ်ခြင်းက ဖုံးမရ..ဖိမရ…။

ခေါင်းရင်းမှာ သပြေပင် ၁ဝပင် လောက်ချမည်။ အနောက်ဖက် လှည့်မို့ အိမ်မျက်နှာစာမှာ ပိတောက်၊ တယ်၊ ဒန့်ဒလွန်၊ ပြည်ပန်းညိုပင်တွေ စိုက်၏။ အရှေ့ခြမ်းမှာ ငှက်ပျောပင်တွေလည်း ချထားသည်။ ၁၉၈၈, ၉၉, ၂ဝဝဝ, ၂ဝဝ၁….။ ဤသို့ဖြင့် …

ပုံရပ် – ၅ ( ၂၀၀၃ မှ ၂၀၀၈) ———————————– သတင်းက တောမီးပမာ ပျံ့နှံ့သွားသည်။ လက်နှိပ်စက်ဖြင့်ရိုက်ပြီး စာကူးစက်နှင့် အလျင်အမြန် ရိုက်လှိမ့် ပေးဝေထားလို့ မှင်နှံ့မပြယ်၊ မှင်ပင် မခြောက်သေး။ စာရွက်ဝါဝါနှင့် ဖိတ်စာစာရွက်လေးတွေ ကိုယ်စီကိုင်ရင်း အားလုံးမှာ တုန်လှုပ် ခြောက်ခြား နေကြသည်။ အငြိမ်းစား ဝန်ထမ်းတွေ၊ လက်လုပ်လက်စားတွေ၊ အနုပညာသမား တွေဆိုတော့ အတွေ့အကြုံနည်းလို့ ပိုမို၍ မျက်စိမျက်နှာပျက်နေကြတာပေါ့။ ခရိုင်ရုံးရောက်တော့ပို၍ ကြောက်လန့်သွားကြသည်။ ”ကျူးကျော်မို့ ဖယ်ရမည်။ ဘယ်နေရာ ပို့မလဲမသိ။ ဘယ်နေ့ ရွှေ့ရမလဲမသိ။ ဘာကြောင့်လဲ ဆိုတာကလည်း မမေးနှင့်၊ အစားပြန်ရဖို့လည်း မသေချာပါ” ဆိုတာမျိုး ဖြစ်သည်။

စနစ်တကျ ဆောက်လုပ်ထားသော အိမ်ဝင်းခြံလေးများ ချွေးနဲစာဖြင့် ပြုပြင်ခင်းကျင်းထားသော ဖြောင့်ဖြူးမြေနီ ဂျင်းကျောက်လမ်းလေးများ၊ အကွက်အကွင်းကျကျ လမ်းသွယ်များ…။ မျှော်လင့်မှုများ ရုတ်ခြည်းပြိုကျသွားသည်။ ရပ်ကွက်ဓမ္မာရုံလေးတည်ဆောက်ဖို့၊ လူမှုရေးအသင်းဖွဲ့ကြဖို့၊ ရပ်ကွက်နေ အနုပညာသမားများ စုစည်းပြီး ပန်းချီပြပွဲ၊ အနုပညာပြပွဲ လေးတွေခင်းကျင်းကြဖို့…၊ ရပ်ကွက်လေးမှာ ယခင်ရှေးက အောင်ပင်လယ်သမိုင်း လယ်သားများနေရာမို့ မင်းအဆက်ဆက် အခွင့်အရေးပေးစောင့်ရှောက်ခဲ့သော ကျေးဇူးကို အောက်မေ့ကာ၊ ”မင်းရှင်စောရပ်ကွက်” ဟု အမည်ပေးဖို့။

တိုင်းကြ၊ ထွာကြ၊ ဓာတ်ပုံရိုက်ကြ၊ စာရင်းကောက်ကြနှင့် ထိုစဉ်က နိုင်ငံတော်၏ တာဝန်ရှိ ပုဂ္ဂိုလ်ကြီးတစ်ဦးက ”ဤနေရာတွင် မည်သည့်အစီအစဉ် စီမံကိန်းပြုလုပ်သည်ဖြစ်စေ၊ ရပ်ကွက်သူ ရပ်ကွက်သားများ အခြေမပျက်… အကျိုးစီးပွား မထိုက်စေမှ ဆောင်ရွက်ပါ” ဟူသော လမ်းညွှန်းမှုအရ။ ရပ်ကွက်သူ ရပ်ကွက်သားများ မျှော်လင့်ချက် ရောင်ခြည်များ ပြန်လည် လင်းလက်ခဲ့သည်။ ကင်းတော၊ မြွေတော၊ ရွှံ့တော၊ ဗွက်တောမှ စနစ်တကျ သန့်ရှင်း ရပ်ကွက်လေး အသွင် ပြုစုခဲ့ကြရသော ရပ်ကွက်လူထု ပြန်လည် စိတ်ချမ်းသာခဲ့ကြရ၏။ သို့သော် ကမ်းနားသစ်ပင် သဘာဝမို့၊ စိတ်ချလက်ချ အခိုင်အမာတော့ မဖြစ်ခဲ့။ ဖျက်ပါ၊ ရွှေ့ပါ ဟူသည့် သတင်းဆိုးတွေက မကြာမကြာ ဝင်ရောက် လာချေပြန်၏။ မရေရာသော ဘဝ။ စိတ်ချ လက်ချ အပူအပင်မဲ့ ဖြောင့်ဖြောင့် အိပ်လို့မရ။ သည်ရပ်ကွက်လေးမှာ နိုင်ငံကျော် ဇာတ်မင်းသားကြီး မြို့တော်သိန်းအောင် သား မောင်မောင်သိန်း ရှိသည်။ ယနေ့ထက်တိုင် မြန်မာ့ခေတ်သစ် ဂန္တဝင်ဂီတနှင့် ပတ်သက်၍ စံထားပြောဆိုရဆဲ ဂီတအနုပညာရှင်ကြီး မြို့မငြိမ်း၏ သားကြီး ကျမ်းပြုဆရာ ဦးသန်းအောင်ခိုင် ရှိသည်။ ကမ္ဘာကျော် ပန်းချီဆရာ ပေါ်ဦးသက်၏ ဇနီး မြို့မငြိမ်းသမီးကြီးနှင့် သမီးငယ် ရှသည်။ ပန်းချီဆရာ ဦးမြင့်ထွန်း ရှိသည်။ ခေတ်သစ်ပန်းပုဆရာ ဦးစူးမြင့်သိန်း ရှိသည်။ ပန်းချီနှင့် ရွှေချည်ထိုးပညာရှင် ဦးတင်ထွန်း ရှိသည်။

အာစီယံသာမက အမေရိကန်၊ အနောက်ဥရောပအထိ သတင်းပေါက်မြောက် သော ထန်းရိပ်ညို အတ်ဂယ်လာရီ ရှိသည်။ ဘီဂျင်း အိုလံပစ်ဆုရှင် ပန်းချီဦးမျိုးခင် ရှိသည်။ ဂီတပညာရှင် စန္ဒရား ဦးတင်ဝမ်းရှိသည်။ ဟိုမရောက် သည်မရောက် စာရေးဆရာ ဆူးငှက်ရှိသည်။ အယ်ဒီတာစာရေးဆရာ ကိုရိုးကွန့် ရှိသည်။ သည်လို အနုပညာရှင် အစုအဝေး နှင့် ဆိတ်ငြိမ် ရပ်ကွက်လေးဆီ၊ အတူတကွပူးပေါင်းကာ အနုပညာအလုပ် လုပ်ကြဖို့ (မန္တလေးကို လွန်လွန် ကဲကဲချစ်ကြဖို့) အချို့သော အနုပညာရှင်တွေက မြေလေးဝယ်ယူကာ လာရောက်နေထိုင်ကြဖို့၊ မေးမြန်း စုံစမ်းကြလျှင် ကိုယ်လို ဒုက္ခမရောက် စေချင်လို့ အခြေအနေ အရပ်ရပ်ကို ရှင်းပြကာ တားရဆီးရပြန်၏။ အနုပညာသမား က ချမ်းသာချင်တာမဟုတ်။ အနှောင်အဖွဲ့ ကင်းကင်း စိတ်လက်ချမ်းသာ ပျော်ရွှင်စွာဖြင့် အေးချမ်းစွာနေထိုင်လိုခြင်းပဲ ဖြစ်ပါသည်။ နို့တစ်စာ၊ ဆင့်စာ၊ အကြောင်းကြားစာတွေ စောင့်စား ပူပန်နေချင်တာမျိုး မဟုတ်…။ ဤသို့ဖြင့် …

ပုံရိပ် – ၆ (၂၀၀၉ မှ နောက်ပိုင်း) —————————————- ကောဇာသက္ကရာဇ် ၁၃၇၁ ခုနှစ်မှာ ရတနာပုံမြို့တည်နန်းတည် မန္တလေးနှစ် ၁၅ဝ တင်းတင်းပြည့်သည်။ တစ်သက်မှာ တစ်ခါကြုံရသော ပွဲလမ်းအထိမ်းအမှတ်မို့ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး အပါအဝင် အကြီးအကဲများ ဦးဆောင်ပြီး၊ မန္တလေး မြို့မိမြို့ဖများ၊ မန္တလေး အနုပညာရှင်များနှင့် ပူးပေါင်းကာ မန္တလေး နှစ် ၁၅ဝ ပြည့်ပွဲတော်ကြီး အနှစ်သာရရှိရှိ ကျင်းပနိုင်ရန် စီစဉ်ခဲ့သည်။ ၂ဝဝ၈ ခုနှစ်၊ အောက်တိုဘာ ၃ဝ ရက်နေ့တွင် မန္တလေး မြို့တော်စည်ပင်သာယာရေး ကော်မတီ အစည်းအဝေးခန်းမ၌ ကျင်းပသည့် အကြံပြု အစည်းအဝေးမှ အစပြုပြီး ကျွန်တော်လည်း တက်ရောက်ခဲ့ရသည်။ ၂ဝဝ၉ ဇန်နဝါရီလ ၁၅ ရက်နေ့ ဗဟိုဦးစီးကော်မတီ၊ ဆပ်ကော်မတီများ ဖွဲ့စည်းရေး အစည်းအဝေး၊ ဇန်နဝါရီလ ၃ဝ ရက်နေ့ ကျင်းပသော အစည်းအဝေးများမှအစ၊ နောက်ပိုင်း အစည်းအဝေးတွေ တက်ရောက်ရင်း၊ ”မန္တလေးနှစ် ၁၅ဝ ပြည့်” ဟူသော တစ်ချောင်းတည်း စိတ်ဖြင့် ပွဲတော်ကြီး ခမ်းနား သိုက်မြိုက်စွာ အောင်မြင်ရေးကို ပြောဆို ဆွေးနွေးကြ၊ တိုင်ပင်ကြ၊ အတည်ပြု ဆုံးဖြတ်ခဲ့ကြပေသည်။ ဖေဖော်ဝါရီ ၄ ရက်နေ့ အစည်းအဝေး၊ ဖေဖော်ဝါရီ ၂၆ ရက်နေ့ အစည်းအဝေးများ၌ လုပ်ငန်း ရုပ်လုံးတွေ ပီပြင်လာတော့၏။

မန္တလေးနှစ် ၁၅ဝ ပြည့် အစည်းအဝေးတွေက အပြန် အိမ်သို့ရောက်လေတိုင်း သက်ပြင်းချ ရင်မောကာ အားငယ်မိ တော့သည်။ သရက်ပင်ပေါက်လေးတွေ ရေမလောင်းမိ။ ပိတောက်ပင်ကို ကိုင်းတွေရှင်းပြီး ပြုပြင်ဖို့လည်း မလုပ်မိ။ ဝင်းထရံ အသစ်လဲရန်လည်း စိတ်မဝင်စား။ နောက်ထပ် အရိပ်ရ အပင်တွေ စိုက်ပျိုးဖို့ ယူလာသည့် အပင်ပေါက်လေးတွေ ခြောက်သွေ့ ညှိုးလျော်ကုန်ပြီ။ ရပ်ကွက်အဝင် လမ်းပြင်ဖို့ ပြောဆိုထားတာတွေလည်း ရပ်တန့်ခိုင်းထားရ၏။ ကိုယ့်အိုး ကိုယ့်အိမ်လေးနှင့် ပျော်ရွှင် ကျေနပ်နေသော အိမ်သူဇနီးသည်က ခြေကုန် လက်ပန်းကျ နေပုံမျိုး ထိုင်နေသည်။ သားတွေမျက်နှာက ညှိုးလျော်နေ၏။ တောင်ဝှေး ထောက်ကာ ထောက်ကာ ဖြည်းဖြည်းချင်း လမ်းလျှောက်လာပြီး၊ မြို့မငြိမ်းအကြောင်း၊ မန္တလေးအကြောင်း ခြေခြေမြစ်မြစ် ပြောလေ့ ရှိသည့် မြို့မငြိမ်းသားကြီး ဦးသန်းအောင်ခိုင် လည်း မလာတာကြာပြီ။

အသစ်ဖောက် ၂၆ ဘီလမ်း၊ အရှေ့ခြမ်း၏မြောက်ဘက်၊ အောင်ပင်လယ် မြို့ပတ်လမ်း၏ အနောက်ဘက်၊ ကွင်းအမှတ် – ၄၉၂ မြေယာစီမံကိန်းက သေချာနေပြီ။ ဂရန်ရှိသူတွေ (ဂရန် ဆိုတာကလည်း ပုသိမ်ကြီး ဂရန်၊ လက်ခံ ကျောက်တိုက်မှာ ရှိမရှိ မသိ) ကို မြေတဝက်ပဲ ပြန်ပေးမှာတဲ့။ ဂရန်မရှိသူတွေ (မစစ်မှန်ဖွယ် ဂရန်များမို့၊ စစ်မှန် တိကျသေချာမှ ပြုလုပ်မည်ဟု စောင့်ဆိုင်းခဲ့သော) ကိုတော့ မြေရဲ့ သုံးပုံတစ်ပုံ ပေးမှာတဲ့။ စာရင်းတွေ ကောက်ကြ၊ ဓာတ်ပုံ ရိုက်ကြ၊ ပြေးကြ လွှားကြ ငိုကြ၊ ယိုကြ။ မြို့တော်ခန်းမနှင့် အမျိုးသားဇာတ်ရုံမှာတော့ မန္တလေး အနှစ်၁၅၀ပြည့်ပွဲတွေက ခြိမ့်ခြိမ့်သည်း၊ ကျွန်တော်က ဖဲ့ပွင့်ဖဲပြားတပ် တိုက်ပုံတကားကားနှင့် တလွှားလွှား။

မြေလွတ်ချည်း ဧကချီ၍ သောင်းဂဏန်းကျပ်ငွေ တန်ဖိုးမျှဖြင့် ဝယ်ယူခဲ့သူတွေက လက်ခမောင်း ထခတ်သည်။ ပေ ၄ဝxပေ၆ဝ (၂) ကွက်ရမှာ၊ (၃) ကွက်ရမှာ စသည်။ အနည်းဆုံး ကျပ်သိန်း (၈ဝ) ဝန်းကျင် ကြမ်းခင်း ဈေးပေါက် ကုန်၏။ ရှိစုမဲ့စု ချွေးနဲစာလေး ၊ လူပေးသူကမ်းနှင့် ဖွဲ့ရွဲ့ဝယ်ကာ၊ အိမ်ကလေးဆောက်၊ ချွေးနဲစာဖြင့် လမ်းခင်း၊ ခြံခတ်၊ မီးသွယ်ပြုစု ပျိုးထောင်ခဲ့သူ ရွာနေ ပြည်ထိုင်တွေက ၃ ချိုး ၁ချိုး မြေခွဲတမ်းပင် မရနိုင်တော့လို့ ဘယ်နေရာမှာမှန်းမသိတဲ့ တိုက်ခန်းပဲ ရမှာလိုလို။

ကျွန်တော်ကား…ရေလောင်းပေါင်းသင်ပြီး ရှင်သန်ကြီးထွား၊ သီးပွင့်လာမည့် သရက်ပင်လေးတွေ ထားရစ်ခဲ့ရမှာ နှမြောနေသည်။ အမေလူထုဒေါ်အမာ အပါအဝင် မန္တလေးချစ်သူ၊ အနုပညာချစ်သူ၊ စာပေချစ်သူများ ဝိုင်းဝန်း တည်ဆောက် ပေးခဲ့သော ဆယ်နှစ်ကျော် သက်တမ်းရှိ အိမ်ကလေးကို နေ့စဉ် မျက်ရည်ဝိုင်းသော အကြည့်ဖြင့် ကြည့်နေရသည်။ ယခုအခြေအနေက စာပေနှင့်ပဲ အသက်မွေးရသူမို့ အိုးသစ်အိမ်သစ်ဆိုတာ မစဉ်းစားဝံ့။ ကုန်ကုန်ပြောရလျှင် နှစ်တစ်လက်မ တစ်ချောင်းပင် မဝယ်နိုင်။ သပြေပင်လေးတွေ ပန်းပင်လေးတွေနှင့် နေချင်သော အနုပညာသမား တစ်ယောက်အဖို့ ဘယ်နေရာမှန်း မသိနိုင်သော နေရာမှာ ကျဉ်းကျဉ်းကျုပ်ကျုပ် ပြောင်းရွှေ့ဖို့ဆိုတာ။

ဤသို့ဖြင့် …

ဆူးငှက်

မူရင်းသတင်း — Voice of Myanmar