
မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးတွင် (၃၇)ကြိမ်မြောက် မသိုးသင်္ကန်းတော်ကို ယနေ့ (နိုဝင်ဘာ ၂၄ ရက်) တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့ နံနက်အရုဏ်တက်ချိန်တွင် ကပ်လှူပူဇော်ခဲ့ကြောင်း သိရသည်။
အဆိုပါ မသိုးသင်္ကန်းတော်ကို တစ်ရက်တည်းအပြီး ရက်လုပ်ပူဇော်ရန်အတွက် (၃၇)ကြိမ်မြောက် မသိုးသင်္ကန်းရက်လုပ်လှူဒါန်းပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၃ ရက် နံနက် ၈ နာရီတွင် မဟာမုနိဘုရားကြီးပရိဝုဏ်ရှိ ဗုဒ္ဓဝင်ကွင်း၌ ကျင်းပဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
မသိုးသင်္ကန်းတော် ရက်လုပ်ပူဇော်ခြင်းကို ရေကြည်ပေါက်၊ အုန်းတော၊ အင်းလေး၊ ဟဲယာနှင့် ရွာမဒေသတို့မှ ရက်ကန်းပညာရှင်များနှင့် စက်ချုပ်ပညာရှင်များက နှစ်စဉ်လာရောက်ကုသိုလ်ယူ ရက်လုပ်ပူဇော်ကြခြင်းဖြစ်ပြီး ယခုအခါ မသိုးသင်္ကန်းတော် ကပ်လှူထားသည့် မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်ကြည်ညိုနိုင်ကြောင်း သိရသည်။
ထို့အတူ ယနေ့ တန်ဆောင်မုန်းလပြည့်နေ့တွင် မဟာမုနိဘုရားဝင်းအတွင်းရှိ ရှင်မာလဲဘုရားအား မဟာမုနိဂေါပကအဖွဲ့က ဃနာနို့ဆွမ်းနှင့် ကြာပန်းများ ကပ်လှူပူဇော်ခဲ့ကြသည်။
ရှင်မာလဲဘုရား ကြာပန်းကပ်လှူပွဲတော်တွင် ဘုရားဖူးများအနေဖြင့် အမျိုးသားများ ကိုယ်တိုင်တက်ရောက်ကပ်လှူပူဇော်နိုင်ပြီး အမျိုးသမီးများက ရင်ပြင်တော်မှ အထက်ပစ္စယံများပေါ်သို့ ပစ်တင်ကပ်လှူနိုင်ကြောင်း သိရသည်။