Myanmar Digital News

ဉာဏ်ရည်တုနည်းပညာခေတ်တွင် သတိပြုရမည့် သတင်းတု သတင်းမှားအန္တရာယ်

 

ပါမောက္ခ ဒေါက်တာမျိုးခိုင် (ကွန်ပျူတာတက္ကသိုလ်)

 

မြန်မာ့စာပေကို ပြန်ပြောင်းလေ့လာကြည့်လျှင် သတင်းမှားများကို မစူးစမ်း၊ မဆင်ခြင်ဘဲ ယုံကြည်မိ ရာမှ ပျက်စီးဆုံးရှုံးရသည့် သင်ခန်းစာ၊ သာဓကများ ထင်ထင်ရှားရှား ရှိခဲ့ဖူးပါသည်။ ငါးရာ့ငါးဆယ်နိပါတ်တော် “ဒုဒ္ဒုဘဇာတ်”တွင် ဥသျှစ်သီးကြွေကျသံကို မစူးစမ်းဘဲ “မြေပြို ပြီ” ဟု အော်ဟစ်ထွက်ပြေးသော ယုန်သူငယ်နောက်သို့ တောတွင်းရှိ သားရဲတိရစ္ဆာန်အပေါင်းတို့က တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ယုံကြည်လိုက်ပါကြရာမှ အားလုံးပျက်စီးမည့်ဘေး ကြုံခဲ့ကြရဖူး ပါသည်။

 

ထိုနည်းတူစွာ မြန်မာ့ပါးစပ်ရာဇဝင်၌ ပျူခေတ်သရေခေတ္တရာ ပြည်ကြီးတွင်လည်း လေပွေတိုက်၍ လွင့်ပါသွားသော ဆန်ကောနောက် သို့ ပိုင်ရှင်အမျိုးသမီးက “ငါ့ဆန်ကော၊ ငါ့ဆန်ကော” ဟု အော်ဟစ်လိုက် ပါသည်ကို “ငစကောတပ်ကြီး ချီလာပြီ” ဟူသော သတင်းမှားအဖြစ် ပျံ့နှံ့သွားခဲ့ရာ ပြည်သူအပေါင်းအထိတ်တလန့် ထွက်ပြေးကြရင်း ခမ်းနားထည်ဝါခဲ့သည့် သရေခေတ္တရာမြို့ပြကြီး ပျက်သုဉ်းခဲ့ရပါသည်။ ရှေးယခင်ခေတ်များက နှုတ်စကားဖြင့် ပျံ့နှံ့ခဲ့သော သတင်းမှားတစ်ခု သည်ပင် လူ့အဖွဲ့အစည်းတစ်ခုလုံးကို ပြိုလဲစေခဲ့ပါသည်။

 

ယနေ့ခေတ်တွင်မူ ထိုသို့သော သတင်းတု၊ သတင်းမှားများသည် ရှေးခေတ်ကဲ့သို့ နှုတ်စကား အဆင့်မျှသာ မဟုတ်တော့ဘဲ ဉာဏ်ရည်တု (AI) နည်းပညာ၏ အကူအညီဖြင့် အစစ်နှင့် ခွဲခြားရန် အလွန်ခက်ခဲသည့် အသွင်သဏ္ဌာန်သစ်သို့ ကူးပြောင်းရောက်ရှိလာပြီဖြစ်ပါသည်။ AI နည်းပညာသည် လူသားတို့၏ နေ့စဉ်လူမှုဘဝ၊ ပညာရေးနှင့် စီးပွားရေးကဏ္ဍများတွင် များစွာအကျိုးပြုလျက် ရှိသော်လည်း တစ်ဖက်တွင်မူ ဤနည်းပညာကို အလွဲသုံးစားပြုလုပ်၍ ဖန်တီးဖြန့်ဝေနေကြသော သတင်းတု၊ သတင်းမှားများ၏အန္တရာယ်မှာ အွန်လိုင်းအသုံးပြုသူ ပြည်သူတစ်ဦးချင်းစီ၏ နေ့စဉ်ဘဝ လုံခြုံရေးကို ပြင်းထန်စွာ ခြိမ်းခြောက်လျက်ရှိနေပါသည်။

 

သတင်းတုသတင်းမှား(Fake News) ကို ယေဘုယျအားဖြင့် အမှတ်တမဲ့မှားယွင်းဖော်ပြမိသည့် သတင်းအမှား (Misinformation) နှင့် ထင်ယောင်ထင်မှားဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဖန်တီး သည့် သတင်းအတု (Disinformation) ဟူ၍ နှစ်မျိုးခွဲခြားနိုင်ပါသည်။

 

AI ခေတ်၏ သတိပြုဖွယ်ရာ သတင်းတုနည်းပညာ ပုံစံသစ်များ

ယခင်က သတင်းတုများကို စာသားအမှားများ၊ ဓာတ်ပုံဖြတ်ညှပ်ကပ်များဖြင့်သာ ပြုလုပ်ခဲ့ကြ သော်လည်း ယနေ့ခေတ် Generative AI နည်းပညာကမူ လူသားတစ်ဦး ဖန်တီးထားသကဲ့သို့ သဘာဝကျနသည့် အကြောင်းအရာအသစ်များကို စက္ကန့်ပိုင်းအတွင်းထုတ်လုပ်ပေးနိုင်စွမ်း ရှိလာပါသည်။ အများပြည်သူ အထူးသတိပြုသင့်သည့် အဓိက ပုံစံလေးမျိုးမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

 

၁။ ရုပ်သံအတုများ

လူတစ်ဦး၏ မျက်နှာအမူအရာနှင့် နှုတ်ခမ်းလှုပ်ရှားမှုတို့ကို AI ဖြင့် လေ့လာမှတ်သားပြီး ထိုသူ လုံးဝမပြောဆိုခဲ့သည့် စကားများကို ပြောဆိုနေသယောင် ရုပ်ရောအသံပါ တစ်ထပ်တည်းတူအောင် ဖန်တီးထားသည့် ရုပ်သံဗီဒီယိုအတုများ (Deepfakes) ဖြစ်ပါသည်။

 

၂။ အသံအတုများ

အသံတုပခြင်းနည်းပညာ (AI Voice Cloning) ဆိုသည်မှာ လူတစ်ဦး၏ အသံနမူနာကို စက္ကန့်ပိုင်းမျှ နားထောင်ရုံဖြင့် ထိုသူ၏ အသံအနေအထား၊ လေယူလေသိမ်းအတိုင်း တုပပြောဆိုနိုင်သည့် နည်းပညာဖြစ်ပြီး မိသားစုဝင်နှင့် မိတ်ဆွေအယောင်ဆောင်ကာ ငွေကြေးလိမ်လည်မှုများတွင် အသုံးပြုလာကြပါသည်။

 

၃။ ဓာတ်ပုံအတုများ

လက်တွေ့တွင် လုံးဝမဖြစ်ပျက်ခဲ့သည့် သဘာဝဘေးအန္တရာယ် ဓာတ်ပုံများ၊ မတော်တဆမှု ဓာတ်ပုံများနှင့် ဂုဏ်သိက္ခာထိခိုက်စေမည့် ဓာတ်ပုံအတုများကို တကယ့်ဓာတ်ပုံအစစ်နှင့် မခြားနားအောင် စာသားဖြင့် ညွှန်ကြားရုံမျှဖြင့် ဖန်တီးဖြန့်ဝေခြင်း (AI-Generated Images) ဖြစ်ပါသည်။

 

၄။ စာသားအတုများနှင့် စက်ရုပ်အကောင့်များ

AI စနစ်ဖြင့် စာသားအတု၊ သတင်းအတုများကို မြောက်မြားစွာ ရေးသားစေပြီး အလိုအလျောက် ထိန်းချုပ်ထားသည့် အကောင့်အတု (Bots) ထောင်ပေါင်းများစွာဖြင့် တစ်ပြိုင်နက်တည်း မျှဝေကာ လူအများစိတ်ဝင်စားမှုမြင့်တက်လာအောင် ဖန်တီးခြင်းဖြစ်သည့်အတွက် အဆိုပါ သတင်းတုများသည် လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် အချိန်တိုအတွင်း လျင်မြန်စွာပျံ့နှံ့နိုင်စွမ်းရှိကြပါသည်။ ထိုသို့ ထိန်းချုပ်ရ ခက်ခဲလောက်အောင် ပျံ့နှံ့မှုနှုန်းလျင်မြန်ခြင်းကြောင့် အမှန်တရားကို ပြန်လည် ရှင်းလင်းနိုင်ခြင်း မပြုနိုင်မီမှာပင် လူတစ်ဦးချင်းစီ၏ နေ့စဉ်လူမှုဘဝနှင့် လူ့အဖွဲ့အစည်း တစ်ရပ်လုံးအပေါ် ပြင်းထန်သောဆိုးကျိုးများ သက်ရောက်စေပါသည်။

 

နေ့စဉ်လူမှုဘဝအပေါ် သက်ရောက်နိုင်သည့် ဆိုးကျိုးများ

AI ဖြင့် ဖန်တီးထားသော သတင်းတု၊ သတင်းမှားများသည် သာမန်လှည့်စားမှုမျှသာမဟုတ်ဘဲ လူတစ်ဦးချင်းစီ၏ နေ့စဉ်လူမှုဘဝနှင့် လူ့အဖွဲ့အစည်းတစ်ရပ်လုံးအပေါ် ဘက်ပေါင်းစုံမှ ပြင်းထန်သော ဆိုးကျိုးများ ဖြစ်ပေါ်စေပါသည်။ အထူးသဖြင့် အစစ်နှင့်အတု ခွဲခြားရန် ခက်ခဲလှသည့် ရုပ်သံနှင့် အသံတုများကိုအသုံးချ၍ လိမ်လည်လှည့်ဖြားမှုများကြောင့် သာမန်ပြည်သူများအနေဖြင့် တစ်သက်တာ စုဆောင်းထားသည့် ချွေးနည်းစာများ ဆုံးရှုံးနစ်နာရခြင်း၊ အရေးကြီးသော ဘဝဆုံးဖြတ်ချက်များ မှားယွင်းချမှတ်မိခြင်း စသည့်လက်တွေ့ကျသော ထိခိုက်ဆုံးရှုံးမှုများကို ကြုံတွေ့ နေကြရပါသည်။ ထို့အပြင် သိပ္ပံနည်းကျ အထောက်အထားမရှိသော အကြံပြုချက် အမှားများနှင့် ကြော်ငြာအတုများကို အမှန်ထင်၍ လိုက်နာမိခြင်းကြောင့် လူသားတို့ ၏ ကိုယ်ခန္ဓာ ကျန်းမာရေးနှင့် အသက်အန္တရာယ်ကိုပါ တိုက်ရိုက်ခြိမ်း ခြောက်လျက်ရှိပါသည်။

 

တစ်ဖက်တွင်လည်း လူမှုပတ်ဝန်းကျင်အတွင်း အထင်အမြင် လွဲမှားစေမည့် ဓာတ်ပုံနှင့် ဗီဒီယို အတုများသည် လူအချင်းချင်းကြား သံသယစိတ်များ၊ အမုန်းတရားများ ပွားများစေပြီး လူ့အဖွဲ့အစည်း၏ တည်ငြိမ်မှုကို ပျက်ပြားစေပါသည်။ အပြစ်မဲ့သူများ၏ ပုံရိပ်နှင့် အသံ များကို အလွဲသုံးစားပြုလုပ်၍ အွန်လိုင်းပေါ်တွင် အနိုင်ကျင့်ခြင်း၊ ငွေညှစ်ခြင်းနှင့် သိက္ခာချခြင်းများကြောင့် ကာယကံရှင်များမှာ လူမှုအသိုင်းအဝိုင်းကြား မျက်နှာမပြရဲလောက်အောင် ဂုဏ်သိက္ခာကျဆင်း ပြီး စိတ်ပိုင်းဆိုင်ရာ ပြင်းထန်စွာ ထိခိုက်ခံစားကြရပါသည်။

 

အဆိုးရွားဆုံး နောက်ဆက်တွဲရလဒ်မှာ အတုအယောင်များ အလွန်အကျွံ များပြားလာသောအခါ လူသားများအနေဖြင့် မည်သည့်အရာကိုမျှ မယုံကြည်နိုင်တော့သည့်အခြေအနေသို့ ရောက်ရှိသွားခြင်း ဖြစ်ပါသည်။ ထိုအခါတကယ့်အဖြစ်မှန် သတင်းအချက်အလက်များ၊ အများပြည်သူ အသက်ဘေးလွတ်မြောက်ရေးအတွက် အရေးပေါ်သတိပေးချက်များ တရားဝင်ထွက်ပေါ်လာသည့် တိုင်အောင် လူအများက အတုဟုထင်မှတ်ကာ လျစ်လျူရှုမိတတ်ကြသဖြင့် လူ့အဖွဲ့အစည်း အတွင်း အမှန်တရားအပေါ် ယုံကြည်မှု ပျောက်ဆုံးသွားစေနိုင်ပါသည်။

 

သတင်းတု၊ သတင်းမှားများကို ကိုယ်တိုင်ခွဲခြားစိစစ်နိုင်မည့် နည်းလမ်းများ

ဉာဏ်ရည်တုနည်းပညာသည် မည်မျှပင် အဆင့်မြင့်မားစေကာမူ ပြီးပြည့်စုံမှုမရှိသေးပါ။ ထို့ကြောင့် အွန်လိုင်းအသုံးပြုသူ ပြည်သူများ အနေဖြင့် အောက်ပါနည်းလမ်းများဖြင့် စိစစ်ကာကွယ်နိုင်ပါသည်-

 

၁။ အသေးစိတ်အချက်အလက်များကို စစ်ဆေးခြင်း

AI ဖြင့် ဖန်တီးထားသော ဓာတ်ပုံနှင့် ဗီဒီယိုများတွင် ကိုယ်လက် အင်္ဂါ၊ ဟန်ပန်၊ သွင်ပြင်၊ အမူအရာ၊ လူ့သဘာဝ ဝိသေသလက္ခဏာများ မူမမှန်မှုအပြင် နောက်ခံရှုခင်းနှင့် စာသားများ အဓိပ္ပာယ်မရှိဖြစ်နေ ခြင်းတို့ကို သတိပြုကြည့်ရှုခြင်းဖြင့် အတုဖြစ်ကြောင်း ခွဲခြားသိရှိနိုင်ပါသည်။

 

၂။ သတင်းရင်းမြစ်အား အတည်ပြုခြင်း

အမည်မသိ လူမှုကွန်ရက် အကောင့်တုများမှတင်သည့် သတင်းများကို ချက်ချင်းမယုံကြည်ဘဲ ယုံကြည်စိတ်ချရသော တရားဝင်သတင်းမီဒီယာကြီးများနှင့် သက်ဆိုင်ရာပညာရပ်ဆိုင်ရာ အဖွဲ့အစည်း များ၏ စာမျက်နှာများတွင် ဖော်ပြထားခြင်း ရှိ၊ မရှိ အမြဲတမ်းတိုက်ဆိုင် စစ်ဆေးရပါမည်။

 

၃။ စိတ်ခံစားမှုကို နှိုးဆွသည့် အရေးအသားများကို သတိပြုခြင်း

သတင်းတစ်ပုဒ်ကို ဖတ်ရှုလိုက်ချိန်တွင် ဒေါသထွက်ခြင်း၊ အလွန်အမင်း ကြောက်ရွံ့ထိတ်လန့်ခြင်း စသည့်ပြင်းထန်သော စိတ်ခံစားမှု ချက်ချင်းဖြစ်ပေါ်လာပါက ထိုသတင်းသည် မိမိ၏ ကျိုးကြောင်းဆင် ခြင်နိုင်စွမ်းကို ပိတ်ပင်၍ လှည့်စားရန် ရည်ရွယ်ထားခြင်းဖြစ်နိုင်ကြောင်း သတိပြုဆင်ခြင်ရပါမည်။

 

၄။ နည်းပညာအကူအညီရယူ၍ ပြန်လည်စစ်ဆေးခြင်း

ဓာတ်ပုံတစ်ပုံ၏ မူလရင်းမြစ်ကို သိရှိလိုပါက ‘Google Reverse Image Search’ ကဲ့သို့သော အခမဲ့ အွန်လိုင်းကိရိယာများကို အသုံးပြု၍ ရှာဖွေစစ်ဆေးနိုင်ပါသည်။ ထို့အပြင်မသေချာမရေရာသော သတင်း များကို မိမိ၏ လူမှုကွန်ရက်မှတစ်ဆင့် ပြန်လည်မျှဝေခြင်း (Share) မှ ရှောင်ကြဉ်ခြင်းဖြင့် သတင်းတုကွင်းဆက်ကို ဖြတ်တောက်ပစ်ရမည် ဖြစ်ပါသည်။

 

ကမ္ဘာတစ်ဝန်းတွင် သတင်းတုအန္တရာယ်ကို ဖွံ့ဖြိုးဆဲနိုင်ငံများသာမက နည်းပညာထိပ်တန်း ရောက်နေသည့် နိုင်ငံများတွင်ပါ ပြင်းထန်စွာခံစားနေကြရပါသည်။ ထိုစိန်ခေါ်မှုကို ရင်ဆိုင်ဖြေရှင်းရန် အတွက် နိုင်ငံတကာတွင် နည်းပညာကုမ္ပဏီကြီးများက AI ဖြင့် ဖန်တီးထား သော ရုပ်ပုံနှင့် ဗီဒီယိုများ၌ မမြင်နိုင်သော ဒစ်ဂျစ်တယ်အမှတ်အသား (Digital Watermarking) များ ထည့်သွင်းခြင်း၊ လူမှုကွန်ရက်စာမျက်နှာ များပေါ်တွင် ‘AI ဖြင့် ဖန်တီးထားသည်’ ဟူသော သတိပေးစာတန်းများ မဖြစ်မနေဖော်ပြစေခြင်းနှင့် လွတ်လပ်သောအချက်အလက် စစ်ဆေးရေးအဖွဲ့များက အချိန်နှင့် တစ်ပြေးညီ ဖော်ထုတ်ရှင်းလင်းခြင်း စသည့်နည်းပညာပိုင်းဆိုင်ရာကာကွယ်မှုများနှင့် ဒီဂျစ်တယ် အသိပညာပေးလုပ်ငန်းစဉ်များကို ဟန်ချက်ညီညီ အကောင်အထည်ဖော် ဆောင်ရွက်နေကြပြီ ဖြစ်ပါသည်။

 

ယူနက်စကို (UNESCO) ၏ လေ့လာတွေ့ရှိချက်အရ ကမ္ဘာ့နိုင်ငံများ ၏ ၄၃ ရာခိုင်နှုန်းခန့်သည် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု (Media and Information Literacy) ကို ပညာရေး သင်ရိုးညွှန်းတမ်းများထဲတွင် တရားဝင် ထည့်သွင်း သင်ကြားပေးနေပြီ ဖြစ်ပါသည်။ AI နည်းပညာ ပိုမိုတွင်ကျယ်လာသည့် ယနေ့ခေတ်တွင် အဆိုပါသတင်းအချက်အလက် ပိုင်းခြားစိစစ် နိုင်စွမ်းများကို မြှင့်တင် ပေးရန်မှာ ယခင်ကထက် ပိုမိုအရေးကြီးလာပြီဖြစ်သည်။

 

အချုပ်အားဖြင့်ဆိုရသော် ဉာဏ်ရည်တုနည်းပညာသည် ကြားနေအရာဝတ္ထုသာဖြစ်ပြီးအသုံးချသူ လူသားတို့၏ စိတ်စေတနာနှင့် အသိဉာဏ်ပေါ်မူတည်၍ ကောင်းကျိုးနှင့်ဆိုးကျိုးကွဲပြားသွားခြင်း ဖြစ်ပါသည်။ ရှေးပျူခေတ်က “ငါ့ဆန်ကော” ဟူသော ကောလာဟလနှင့် ဒုဒ္ဒုဘဇာတ်တော်လာ ဥသျှစ်သီးကြွေသံကြောင့် ဘေးဒုက္ခ ကြုံတွေ့ခဲ့ ကြရသည့် သင်ခန်းစာများကို နှလုံးသွင်းလျက် ယနေ့ AI ခေတ်တွင် သတင်းမှန်နှင့် သတင်းတုကို ခွဲခြားသိမြင်နိုင်စွမ်းရှိခြင်းသည် လူသားတိုင်း မဖြစ်မနေတတ်မြောက်ထားရမည့် ဘဝရှင်သန်ရေး ကျွမ်းကျင်မှု တစ်ခု ဖြစ်လာပါသည်။

 

သို့ဖြစ်ပါ၍ နည်းပညာဗဟုသုတများကို စဉ်ဆက်မပြတ် လေ့လာ ဆည်းပူးပြီး အရာရာကို သတိ၊ ပညာ၊ ဝေဖန်ပိုင်းခြားဉာဏ်တို့ဖြင့် ချင့်ချိန်သုံးသပ်ခြင်းအားဖြင့် သတင်းတု၊ သတင်းမှားအန္တရာယ်မှ မိမိ ကိုယ်တိုင်နှင့် ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းကိုပါ အကာအကွယ်ပေးနိုင် ကြပါစေကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။ ။

 

ကိုးကား -

ငါးရာ့ငါးဆယ်ဇာတ်တော်၊ ‘ဒုဒ္ဒုဘဇာတ်'။

Journalism, 'Fake News' & Disinformation: Handbook for Journalism Education and Training, UNESCO, 2018.

Advancing Media and Information Literacy in the Age of Artificial Intelligence, UNESCO, 2026.

Google Reverse Image Search [images.google.com].

မူရင်းသတင်း — Myanmar Digital News