
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်
Nvidia ရဲ့ ပူးတွဲတည်ထောင်သူနဲ့ CEO ဂျင်ဆန် ဟွမ်ဟာ တရုတ်အတွက် သူလျှိုလုပ်တယ်လို့ စွပ်စွဲခံထားရတဲ့ အမျိုးသမီးတစ်ဦးနဲ့ ဆက်ဆံရေးရှိခဲ့တာအပါအဝင် အိမ်ထောင်ရေးဖောက်ပြန်မှုတွေ ပေါ်ပေါက်လာပြီးနောက် CEO ရာထူးကနေ နုတ်ထွက်ခဲ့ရပေမဲ့ ၂ ပတ်တောင် မပြည့်ခင် တနင်္လာနေ့မှာ ကယ်လီဖိုးနီးယားပြည်နယ် ဆန်တာ ကလာရာမြို့ရှိ Nvidia ရုံးချုပ်ကို ပြန်ရောက်လာပါတယ်။
အသက် ၆၃ နှစ်အရွယ် ဂျင်ဆန် ဟွမ်ဟာ သူ့ရဲ့ထုံးစံအတိုင်း အနက်ရောင်သားရေဂျာကင်ကို ဝတ်ထားပြီး ရင်ဘတ်ပေါ် လက်တင်ကာ သူ့ကို အားပေးကြိုဆိုနေတဲ့ ဝန်ထမ်းတွေကို ပြုံးပြခဲ့ပါတယ်။ ဝန်ထမ်းတွေဟာ ရုံးချုပ်အလယ်ခန်းမမှာ ပြည့်ကျပ်နေသလို အပေါ်ထပ်လသာဆောင်တွေမှာလည်း စုဝေးပြီး ကြိုဆိုခဲ့ကြပါတယ်။
ဟွမ် ပြန်လာနိုင်ဖို့ အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က ဟွမ်ကို ချီးကျူးခဲ့ သလို နည်းပညာလောကက ထင်ရှားသူ အီလွန် မတ်စ်ကလည်း သူပြန်လာတာကို ကြိုဆိုခဲ့ပါတယ်။ အဲဒီနေ့မှာ Nvidia ရဲ့ ရှယ်ယာဈေးက ၃၁.၅ ရာခိုင်နှုန်းအထိ တက်သွားပြီး Wall Street စတော့ဈေးကွက် တစ်ခုလုံးလည်း ပြန်လည် အားကောင်း လာခဲ့ပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ် ၃ ခုကျော်က သူကိုယ်တိုင် ပူးတွဲတည်ထောင်ခဲ့တဲ့ ချစ်ပ်ထုတ်လုပ်ရေးကုမ္ပဏီကို ဟွမ် အခုလို မြန်မြန်ဆန်ဆန် ပြန်လည်ဦးဆောင်လာတာဟာ အံ့အားသင့်စရာ ပြန်လည်ရောက်ရှိမှုတစ်ခု ဖြစ်ပါတယ်။ ဒီဖြစ်ရပ် ကလည်း ဟွမ်ဟာ အမေရိကန်အစိုးရ၊ ဈေးကွက်၊ AI လုပ်ငန်းနဲ့ ကမ္ဘာ့နိုင်ငံရေးအပေါ် ဘယ်လောက်အထိ သြဇာ လွှမ်းမိုးမှုရှိသလဲဆိုတာကို ပိုပြီး ထင်ရှားစေပါတယ်။
လော့စ်အိန်ဂျလိစ်အခြေစိုက် Patriarch Organization ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုကုမ္ပဏီရဲ့ ဥက္ကဋ္ဌ အဲရစ် ရှစ်ဖာက “နည်းပညာရင်းနှီးမြှုပ်နှံသူတွေအတွက် ဂျင်ဆန်က အဲလ်ဗစ်ထက်တောင် ပိုကြီးတဲ့ပုဂ္ဂိုလ်ဖြစ်တယ်” လို့ ပြောပါတယ်။
AI လုပ်ငန်း အရှိန်အဟုန်နဲ့ တိုးတက်လာမှုရဲ့ အဓိကနေရာမှာရှိတဲ့ ဟွမ်ရဲ့ အခန်းကဏ္ဍက Nvidia CEO တစ်ယောက် အဖြစ်နဲ့တင် မကပါဘူး။ သူဟာ ကမ္ဘာတစ်ဝန်းက ဥပဒေပြုအမတ်တွေ၊ မိတ်ဖက်ကုမ္ပဏီတွေ၊ ဖောက်သည်တွေနဲ့ ပစ္စည်းပေးသွင်းသူတွေနဲ့ ဆက်ဆံရေးတွေ တည်ဆောက်ထားသလို AI လုပ်ငန်းအတွက် လိုအပ်တဲ့ အကြီးစား တည်ဆောက်မှုတွေကိုလည်း ငွေကြေးထောက်ပံ့ပေးခဲ့ပါတယ်။
Oracle ရဲ့ ဥက္ကဋ္ဌ လာရီ အဲလစ်ဆန်နဲ့ အီလွန် မတ်စ်တို့လို ဘီလျံနာတွေတောင် ၂၀၂၄ ခုနှစ်မှာ ဟွမ်ဆီက GPU တွေရဖို့ “တောင်းပန်နေရတယ်” လို့ အဲလစ်ဆန်က ပြောခဲ့ပါတယ်။
အာရှမှာတော့ ဟွမ်ဟာ ရော့ခ်စတားတစ်ယောက်လို လူကြိုက်များပါတယ်။ တိုင်ပေနဲ့ ဆိုးလ်မြို့တွေရဲ့ လမ်းတွေ ပေါ်မှာ ပရိသတ်တွေက သူ့ကို ဝိုင်းအုံလာပြီး စာအုပ်တွေ၊ ပိုစတာတွေအပြင် သူတို့ရဲ့ ခန္ဓာကိုယ်ပေါ်မှာတောင် လက်မှတ်ထိုးပေးဖို့ တောင်းဆိုကြပါတယ်။
ဒါပေမဲ့ ဟွမ် အခုလို အံ့အားသင့်စရာ ပြန်လာခဲ့ပေမယ့် AI startup ကုမ္ပဏီတွေအတွက် သူရေးပေးခဲ့တဲ့ ငွေကြေး အမြောက်အမြားနဲ့ အဲဒီကုမ္ပဏီတွေက Nvidia ချစ်ပ်တွေ ပြန်ဝယ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး မေးခွန်းတွေကတော့ ကျန်နေဆဲပါ။
ဟွမ် ရာထူးကနေ မနုတ်ထွက်ခင်ကတည်းက Nvidia ရဲ့ ကိုယ်ပိုင်ငွေကြေးစီးဆင်းမှုကို အသုံးပြုပြီး ကုမ္ပဏီရဲ့ တိုးတက်မှုကို ထောက်ပံ့နေတာကို လျှော့ချဖို့ တောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။ Wall Street က လူအများအပြားက ဒီလုပ်ဆောင်ချက်ဟာ အန္တရာယ်ရှိတဲ့ အပြန်အလှန်ငွေကြေးထောက်ပံ့မှုကွန်ရက်တစ်ခု ဖြစ်လာနိုင်တယ်လို့ သတိပေးခဲ့ကြပါတယ်။ ဟွမ်ကတော့ ဒီဝေဖန်ချက်ကို ပြန်လည်တုံ့ပြန်ပြီး Nvidia ဟာ တကယ့်ဝယ်လိုအားကို အခြေခံ ပြီး ငွေကြေးထောက်ပံ့နေတာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
ဟွမ် ရာထူးကနေ ထွက်သွားပြီးနောက် သူမရှိဘဲ AI လုပ်ငန်းတစ်ခုလုံးနဲ့ CoreWeave ၊ Nebius လို ကုမ္ပဏီတွေ ဆက်လက်တိုးတက်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းတွေလည်း ပေါ်လာခဲ့ပါတယ်။ အဲဒီကုမ္ပဏီတွေရဲ့ ရှယ်ယာဈေးတွေ ကတော့ တနင်္လာနေ့မှာ မြင့်တက်လာခဲ့ပါတယ်။
GCG Advisory Partners ရဲ့ မိတ်ဖက် ဘီလ် ဂန်ဒါဆန်က “ဒီလုပ်ငန်းတစ်ခုလုံးရဲ့ မျက်နှာစာက လူတစ်ယောက်တည်း ဖြစ်နေခဲ့တာကို မြင်နိုင်ပါတယ်။ သူထွက်သွားတော့ အရာအားလုံးက ပျက်စီးသွားသလို ဖြစ်သွားတယ်။ အခု သူပြန်လာ တာ နဲ့ အရာအားလုံးက ပြန်ကောင်းလာတယ်” လို့ ပြောပါတယ်။