
မော်လမြိုင်ကျွန်း ၊ နိုဝင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ မြစ်ကမ်းပါးပြိုကျမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်း တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် လပွတ္တာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလှိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိတို့က မော်လမြိုင်ကျွန်းမြို့၊ အမှတ် (၁၀) ရပ်ကွက်၊ ၅ လမ်း၊ ဗိုလ်ချုပ်ဈေးမြစ်ကမ်း၌ မအူပင်မြို့နယ်ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါလုပ်ငန်းကို ဧရာဝတီတိုင်းဒေသကြီး၏ ငွေလုံးငွေရင်းရန်ပုံငွေ ကျပ် (၃၃၀. ၃၇၁) သန်းဖြင့် ဆောင်ရွက်လျက်ရှိပြီး Geo Bag အသုံးပြု၍ ကမ်းခြေအောက်ခြေအထိန်းအကာအားဖြည့်ခြင်းနှင့် အလျား ပေ ၂၀၀ ရှိ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ တည်ဆောက်ဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် မြစ်ကမ်းပါးပြိုကျမှုများကို လျှော့ချနိုင်မည်ဖြစ်ပြီး မြစ်ကမ်းတစ်လျှောက် ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် မြစ်ကမ်းအနီးရှိ အဆောက်အအုံများ၊ လမ်းပန်းဆက်သွယ်ရေးများ ထိခိုက်ပျက်စီးမှုမရှိစေရေးတို့အတွက် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ရဲကိုမောင်
https://t.me/MyanmarNationalPost