



ချင်းမိုင်၊ နိုဝင်ဘာ ၂၅
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ ဝပ်ဆိုင်းမွန်းမြန်မာကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဒေါက်တာ အရှင်ကောဏ္ဍည မထေရ်မြတ်အမှူးရှိ သံဃာတော်များကို (၁၅) ကြိမ်မြောက် ကထိန်လျာသင်္ကန်းလှူဒါန်းပွဲအား အဆိုပါကျောင်းတိုက်၌ ၂၄-၁၁-၂၀၂၆ ရက်တွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်းသည် ချင်းမိုင်မြို့ရှိ မြန်မာအသိုက်အဝန်းနှင့်အတူ တက်ရောက်၍ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းအစုစုတို့ကို ဆပ်ကပ်လှူဒါန်းခဲ့သည်။
အဆိုပါအခမ်းအနားကို ချင်းမိုင်မြို့၌ မြန်မာအသိုက်အဝန်းက စုပေါင်း၍ ကျောင်းတိုက်ရှိ သံဃာတော်များကို ကထိန်သင်္ကန်း ဆပ်ကပ်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး သံဃာတော်များက သာဓုအနုမောဒနာ တရားဟောကြားခဲ့ကာ တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များက လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်ချ အမျှပေးဝေခဲ့ကြပါသည်။ ချင်းမိုင်မြို့ရောက် မြန်မာအသိုက်အဝန်းက ကျင်းပခဲ့သည့် (၁၅) ကြိမ်မြောက် ကထိန်လျာသင်္ကန်း ကပ်လှူပူဇော်ပွဲ အခမ်းအနားတွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မိသားစုဝင်များက စတုဒိသာကျွေးမွေးခြင်းဖြင့် ပါဝင်ကုသိုလ်ယူခဲ့ကြသည်။
#Myanmar #News