
#World_News
Published 26 November 2026
■ "ငရဲတံခါးဝ" ဆိုတဲ့ အသုံးအနှုန်းဟာ ခရစ်ယာန် ဘာသာရေး သင်ကြားမှုတွေမှာ ငရဲရဲ့ ဝင်ပေါက်၊ ထာဝရ အပြစ်ဒဏ်ခံရပြီး ဘုရားသခင်နဲ့ ကင်းကွာရာနေရာအဖြစ် ရှေးယခင်ကတည်းက ပါရှိခဲ့တာပါ။ လူ့ပြည်လောကနဲ့ ငရဲကြားက မီးတောက်တွေနဲ့ ဝင်ပေါက်တစ်ခုအဖြစ် ပုံဖော်လေ့ရှိကြတဲ့ ဒီ "ငရဲတံခါးဝ" ဆိုတဲ့ အသုံးအနှုန်းဟာ အခုဆိုရင် ကွယ်လွန်သူ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ ကိုယ်ပိုင်နေ့စဉ်မှတ်တမ်းထဲမှာ ပါလာခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် ဇွန်လတုန်းက အဲဒီ "ငရဲတံခါးဝ" ကို တွေ့မြင်ခဲ့ရပြီး အင်မတန်မှ ထိတ်လန့်ခဲ့ရတယ်လို့ ပုပ်ရဟန်းမင်းကြီးက ရေးသားခဲ့တာဖြစ်ပါတယ်။
■ ဒါ့အပြင် နိုဝင်ဘာ ၂၄ က ထုတ်ဝေခဲ့တဲ့ မှတ်တမ်းအကျဉ်းချုပ်တွေမှာ ပုပ်ရဟန်းမင်းကြီးဟာ မကောင်းဆိုးဝါးနဲ့ ၃ ကြိမ်တိုင်တိုင် တွေ့ဆုံခဲ့ရပုံ၊ အဲဒီမကောင်းဆိုးဝါးရဲ့ အသံနဲ့ မျက်လုံး အသေးစိတ် အကြောင်းအရာတွေကို ပြောပြထားတာပါဝင်ပါတယ်။
■ ၂၀၂၁ ခုနှစ် မှတ်တမ်းတစ်ခုမှာတော့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က အဲဒီမကောင်းဆိုးဝါးကို ပထမတစ်ကြိမ် ကားပေါ်ကနေ၊ ဒုတိယတစ်ကြိမ် ဝတ်ပြုဆုတောင်းပွဲအတွင်းနဲ့ တတိယတစ်ကြိမ် ဗာတီကန် အရာရှိတွေနဲ့ အစည်းအဝေးလုပ်နေချိန်မှာ တွေ့ခဲ့ရတာလို့ ရေးထားပါတယ်။
■ "သူ့ရဲ့ ဩဩရှရှအသံကြီးကို ကျွန်တော် အခုထိ မေ့လို့မရသေးပါဘူး" လို့ သူက ရေးထားခဲ့ပါတယ်။
■ 'မီးတောက်နေတဲ့ မျက်လုံးများ' နဲ့ ထိတ်လန့်ဖွယ်ကြုံတွေ့မှု
■ Buenos Aires ရဲ့ ဂိုဏ်းချုပ်ဘုန်းတော်ကြီး ဖြစ်နေစဉ်တုန်းက ကာမဲလစ် ဝတ်ပြုကျောင်းအတွင်း ဖြစ်ခဲ့တဲ့ ရူပါရုံတစ်ခုအကြောင်းကိုလည်း ပုပ်ရဟန်းမင်းကြီးက အသေးစိတ် ရေးထားပါသေးတယ်။ အဲဒီမကောင်းဆိုးဝါးဟာ သူ့ကို "ခြိမ်းခြောက်နေတဲ့" မျက်လုံးတွေနဲ့ စိုက်ကြည့်ခဲ့တယ်လို့ ဆိုပါတယ်။
■ "သူ ကျွန်တော့်ကို မီးတောက်နေတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်ခဲ့တယ်။ အရင်တစ်ကြိမ်ကထက် ပိုပြီး ပြင်းထန်တယ်။ မီးလျှံတွေ လက်ခနဲ ဖြစ်သွားသလိုပါပဲ" လို့ ရေးထားပါတယ်။
■ ဒီလိုတွေ့ဆုံမှုတွေဟာ သူ ခရီးသွားနေချိန်နဲ့ အစည်းအဝေး လုပ်နေချိန်တွေမှာပါ နှောင့်ယှက်ခံခဲ့ရတာပါ။ ၂၀၁၈ ခုနှစ် ချီလီနိုင်ငံ ခရီးစဉ်အတွင်း ကက်သလစ် ဘုန်းတော်ကြီးတွေရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှု သတင်းဆိုးတွေ ထွက်ပေါ်နေချိန်မှာရော၊ ရောမကို ပြန်ရောက်ပြီး ရက်ပိုင်းအကြာမှာပါ အဲဒီမကောင်းဆိုးဝါးကို ပြန်တွေ့ခဲ့ရတယ်လို့ ရေးထားပါတယ်။
■ "သူ့ကို ကျွန်တော် မြင်ခဲ့ရတယ်၊ အရာအားလုံးကို ပိုင်စိုးထားသလိုမျိုး အောင်နိုင်သူရဲ့ အသံနဲ့ ကြွေးကြော်နေတာကိုလည်း ကြားခဲ့ရတယ်။ ဒါပေမဲ့ ဘုရားသခင်က ကျွန်တော့်ကို ဒီလို တွေ့ဆုံမှုတွေကနေ လွတ်မြောက်ခွင့် ပေးခဲ့ပါတယ်" လို့ ဆိုပါတယ်။
■ ဒါ့အပြင် ၂၀၁၈ ခုနှစ် ဇွန်လတုန်းက အိပ်ခါနီးအချိန်မှာ "ငရဲတံခါးဝ" ကို မြင်တွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကိုလည်း နေ့စဉ်မှတ်တမ်းမှာ ရေးထားပါသေးတယ်။
■ "ကျွန်တော် နည်းနည်း ချောင်းကြည့်လိုက်မိတာနဲ့တင် အရမ်းထိတ်လန့်သွားခဲ့တယ်။ ဒါနဲ့ လက်ထဲမှာ မယ်တော်မာရီ ချည်ပုတီးကို လက်နက်အဖြစ် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားခဲ့ရတယ်" လို့ ရေးသားခဲ့ပြီး "ငရဲတံခါးဝနားကို တိုးသွားဖို့ ဆိုတာ သက်သက် အန္တရာယ်များလှပါတယ်။ ဘာလို့လဲဆိုတော့ မီးတောက်တွေ ထွက်လာပြီး လောင်ကျွမ်းသွားနိုင်လို့ပါပဲ" လို့ ပြောခဲ့ပါတယ်။
■ ဒီစာအုပ်ကို The Private Diary of Pope Francis လို့ အမည်ပေးထားပြီး ဗာတီကန်ရဲ့ ယုံကြည်ချက်ဆိုင်ရာဌာန အကြီးအကဲဖြစ်သူ Cardinal Victor Fernandez က တည်းဖြတ်ပေးထားတာ ဖြစ်ပါတယ်။ သူဟာ ကွယ်လွန်သူ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နဲ့ရင်းနှီးတဲ့မိတ်ဆွေတစ်ဦးလည်း ဖြစ်ပါတယ်။
■ ဒီဒိုင်ယာရီတွေမှာ ၁၉၉၂ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ မှတ်တမ်းတွေ ပါဝင်ပြီး ၁၉၆၀ ပြည့်လွန်နှစ်တွေကတည်းက အများပြည်သူကို ထုတ်ဖော်ပြသခဲ့ခြင်းမရှိတဲ့ ပုပ်ရဟန်းမင်းကြီးတစ်ပါးရဲ့ ကိုယ်ရေးဒိုင်ယာရီကို ပထမဆုံးအကြိမ် ပြန်လည်ထုတ်ဝေလိုက်တာလို့ ဖော်ပြထားပါတယ်။
Source-Wion