
သန်းထိုက်စိုး (NP News)- နိုဝင်ဘာ ၂၆
ကမ္ဘာ့အထိုင်သစ်နှင့် နိုင်ငံရေးအခင်းအကျင်း
ဘလက်ဒ်မဟာဗျူဟာဖိုရမ် (Bled Strategic Forum–BSF) တွင် ကမ္ဘာ့နိုင်ငံရေး၏ ပြောင်းလဲ လာသောအခင်းအကျင်းကိုဆွေးနွေးသည့်စကားဝိုင်းတစ်ခုကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါဆွေးနွေးပွဲတွင် အုပ်စုပေါင်းစုံနှင့် ချိတ်ဆက်ရပ်တည်ခြင်းခေတ်ဟူသောအကြောင်းအရာကို အဓိကထား၍ ဆွေးနွေးခဲ့ ကြသည်။ စည်းမျဉ်းများအပေါ်အခြေခံသော ကမ္ဘာ့ အထိုင်မှသည် အင်အားပြနိုင်ငံရေးဆီသို့ ကူးပြောင်း လာမှုအပေါ် အလေးအနက်ထားသုံးသပ်ခဲ့ကြသည်။ ထိုစကားဝိုင်းကို ဆလိုဗေးနီးယားသံအမတ် ဆီမိုနာ လက်စ်ကိုဗာကဦးဆောင်ပြီး နိုင်ငံတကာမှ ထင်ရှား သောပညာရှင်(၅)ဦး ပါဝင်ဆွေးနွေးခဲ့သည်။ စပိန်၊ ယူကေ၊ အိန္ဒိယ၊ ဂရိနှင့် ဆလိုဗေးနီးယားနိုင်ငံတို့မှ ပညာရှင်များသည် ၎င်းတို့၏ မတူညီသောရှုထောင့် များကိုတင်ပြခဲ့ကြသည်။ ယင်းစကားဝိုင်းသည် ယနေ့ခေတ် ကမ္ဘာ့နိုင်ငံရေး၏ရှုပ်ထွေးမှုများကို နား လည်နိုင်ရန်အတွက် အလွန်အရေးပါသောဆွေးနွေးမှုတစ်ခုဖြစ်ခဲ့သည်။
ယနေ့ခေတ်နိုင်ငံများသည် အင်အားဗဟိုချက်များအကြား လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့် ရရှိ လာပြီလားဆိုသည့်အချက်မှာ စဉ်းစားစရာဖြစ်လာသည်။ အုပ်စုပေါင်းစုံနှင့် ချိတ်ဆက်ရပ်တည်ခြင်းဆို သည်မှာ အမေရိကန်နှင့်တရုတ်အကြား မရွေးချယ်လိုခြင်းကို ယဉ်ကျေးစွာဖုံးကွယ်ထားသော စကားလုံး တစ်ခုဖြစ်နိုင်ပါသည်။ ဤကိစ္စရပ်နှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံ၏ရပ်တည်ချက်ကို ဂန္ထဝင်ဥပမာ တစ်ခု အဖြစ် မကြာခဏ ရည်ညွှန်းပြောဆိုလေ့ရှိကြသည်။ သို့သော် ဤကဲ့သို့ ဘက်စုံချိတ်ဆက်ခြင်းသည် မိမိ ဆန္ဒ အလျောက်ရွေးချယ်သော မဟာဗျူဟာလားဆိုသည်ကို မေးခွန်းထုတ်ရန်လိုအပ်လာပါသည်။ အ ခြားတစ်ဖက်တွင်လည်း မည်သည့်ဘက်ကိုမျှ ပြတ်ပြတ်သားသားမရွေးချယ်နိုင်သောနိုင်ငံများအတွက် မလွှဲမရှောင်သာ ကျင့်သုံးရသည့်မဟာဗျူဟာမျိုးလည်း ဖြစ်နေနိုင်ပါသည်။ ထို့ကြောင့် နိုင်ငံခြားရေးမူဝါဒ များနှင့်ပတ်သက်၍ အရာအားလုံးအတွက်ကိုက်ညီသော ပုံစံတစ်မျိုးတည်းရှိမည်မဟုတ်ကြောင်း ပညာ ရှင်များက ထောက်ပြကြသည်။
အင်အားကြီးမားမှုနှင့် ဘက်စုံဟန်ချက်ညီ ဆောင်ရွက်ခြင်း
ဘက်စုံဟန်ချက်ညီဆောင်ရွက်ခြင်းဆိုသည်မှာ အမှန်တကယ်အားဖြင့် အင်အားကြီးမားသူများ ၏ အခွင့်ထူးတစ်ခုသာဖြစ်ခဲ့သည်ကိုတွေ့ရမည်ဖြစ်သည်။ အင်အားကြီးနိုင်ငံတစ်နိုင်ငံသည် စည်းကမ်းမဲ့ ၍ အကျိုးအကြောင်းမဆီလျော်ဘဲ မိမိစိတ်ကူးပေါက်သလိုလုပ်ဆောင်တတ်သောဆက်ဆံရေးမျိုးကို တည်ဆောက်နိုင်စွမ်းရှိသည်။ ထိုသို့လုပ်ဆောင်ရာတွင် တန်ဖိုးထားမှုနှင့် မူဝါဒအပေါ်အခြေခံမှုများကို လည်း တစ်ပါတည်း တွဲဖက်အသုံးပြုလေ့ရှိကြသည်။ အင်အားကြီးမားပါက အိမ်နီးချင်းနိုင်ငံအားလုံးနှင့် ပတ်သက်ဆက်နွှယ်နေမည်ဖြစ်ပြီး ပဋိပက္ခတိုင်း၏ဘက်တိုင်းကို ငွေကြေးထောက်ပံ့မည်ဖြစ်သည်။ လွန် ခဲ့သော နှစ်ပေါင်း(၈၀)အတွင်း အမေရိကန်ပြည်ထောင်စု၏လုပ်ဆောင်ချက်များသည် ဤအချက်ကို ခိုင်မာစွာ သက်သေပြလျက်ရှိသည်။ ကမ္ဘာတစ်ဝန်းရှိ ပဋိပက္ခတိုင်း၏ဘက်တိုင်းတွင် အမေရိကန် လက်ရာများ ပါဝင်ပတ်သက်နေသည်မှာ ခေတ်ကာလ၏ အရှိတရားတစ်ခုပင်ဖြစ်သည်။
ဆိုဗီယက်ပြည်ထောင်စုသည်လည်း ၎င်းတို့၏အထွတ်အထိပ်ရောက်ရှိချိန်ကာလများ၌ ထိုနည်း တူပင်လုပ်ဆောင်ခဲ့ကြသည်။ လက်ရှိအချိန်တွင် တရုတ်နိုင်ငံသည်လည်း အဆိုပါ အင်အားကြီးနိုင်ငံများ ၏လမ်းစဉ်အတိုင်း တိကျစွာ လိုက်နာကျင့်သုံးနေပါသည်။ တရုတ်နိုင်ငံသည် အမေရိကန်ကိုဆန့်ကျင် ရန် အင်အားတည်ဆောက်နေချိန်၌ပင် အမေရိကန်နှင့်ထိတွေ့ဆက်ဆံမှုများကို ဆက်လက်လုပ်ဆောင် နေဆဲဖြစ်သည်။ ကမ္ဘာကြီးသည် အင်အားဗဟိုချက် များပြားလာသည်နှင့်အမျှ နိုင်ငံများမှာ ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှုပိုရှိလာကြသည်။ အိန္ဒိယနိုင်ငံကိုလေ့လာကြည့်မည်ဆိုပါက ဘက်မလိုက်လှုပ်ရှားမှု၏ ခေါင်းဆောင်အဖြစ်မှ ယခုမှသာ ပထမဆုံးအကြိမ် ချိတ်ဆက်ခြင်းကို စတင်လုပ်ဆောင်လာခြင်းဖြစ် သည်။ အိန္ဒိယသည် ယခုရာစုနှစ်သို့ရောက်ရှိမှသာ ကိစ္စရပ်အများအပြားတွင် အခြားသူများနှင့် ထိတွေ့ ဆက်ဆံရန် ယုံကြည်မှုရှိလာခြင်းဖြစ်သည်။
အိန္ဒိယနိုင်ငံသည် တရုတ်နိုင်ငံနှင့် ဆက် ဆံရေးအလွန်တင်းမာနေကြောင်းကို ရှင်းလင်းစွာ သိရှိ နားလည်ထားပြီးဖြစ်သည်။ ရေငုပ်သင်္ဘောအတွက် ဂျာမနီ၊ လေယာဉ်အတွက် စပိန်နှင့် ဒရုန်းအတွက် ပိုလန် စသည်ဖြင့် ဥရောပ၏အထောက်အပံ့များဖြင့် လည်ပတ်လျက်ရှိသည်။ သို့သော် လာမည့် (၁၀)နှစ် အတွင်း စီးပွားရေးအရ တိုးတက်ရန်လိုအပ်နေသောကြောင့် တရုတ်နိုင်ငံနှင့်လည်း ထိတွေ့ဆက်ဆံရန် လိုအပ်ကြောင်းကို နားလည်ထားသည်။ သို့ဖြစ်၍ အရေးမကြီးသောကဏ္ဍများတွင် တရုတ်နှင့် ကုန်သွယ် ရေးဆက်ဆံမှုများရှိနေပြီး အဆိုပါဆက်ဆံရေးကို သတိကြီးစွာ တည်ဆောက်လျက်ရှိသည်။ ထို့ပြင် ဆန်း သစ်တီထွင်မှု၊ သိပ္ပံနှင့်အာကာသကဏ္ဍများတွင်လည်း အမေရိကန်နှင့် မဟာဗျူဟာမြောက်ဆက်ဆံရေး ကို တည်ဆောက်ထားသည်။
နိုင်ငံငယ်များ၏ ရွေးချယ်မှု အကျပ်အတည်း
အင်အားကြီးနိုင်ငံများနည်းတူ နိုင်ငံငယ်များနှင့် အလတ်စားနိုင်ငံများပါ ဤကဲ့သို့ လုပ်ဆောင်နိုင် စွမ်းရှိမရှိဆိုသည်မှာ ဆွေးနွေးစရာဖြစ်လာသည်။ ယနေ့ကမ္ဘာ၏အခြေအနေကိုဖော်ပြရလျှင် အနှောင့်အ ယှက်များ၊ စည်းမဲ့ကမ်းမဲ့ဖြစ်ခြင်းနှင့် မညီမျှမှုများဖြင့် လွှမ်းမိုးနေပါသည်။ စည်းမျဉ်းမရှိဘဲ ပိုမို၍ စည်းမဲ့ ကမ်းမဲ့ဖြစ်လာနေသောကမ္ဘာကြီးတွင် ကြီးမားသော ကမောက်ကမဖြစ်မှုများကို ဖြတ်သန်းနေရသည်။ အ ဆိုပါအခင်းအကျင်းသည် ပထဝီနိုင်ငံရေးတစ်ခုတည်းကြောင့်မဟုတ်ဘဲ ပထဝီစီးပွားရေးနှင့် နည်းပညာ တော်လှန်ရေးတို့ပေါင်းစပ်သွားခြင်းကြောင့်ဖြစ်သည်။ ထို့ပြင် ရာသီဥတုပြောင်းလဲမှုနှင့် ရွှေ့ပြောင်း နေထိုင်မှုပြဿနာများကလည်း ကမ္ဘာ့အထိုင်သစ်ကို ပိုမိုရှုပ်ထွေးစေလျက်ရှိသည်။ သို့သော်လည်း အ လတ်စားနိုင်ငံများအနေဖြင့် နိုင်ငံရေးဇာတ်ခုံတွင် ကစားရန် နေရာအချို့ကျန်ရှိနေပါသေးသည်။
ဆလိုဗေးနီးယားနှင့်ဂရိတို့ကဲ့သို့ အလတ်စား သို့မဟုတ် အရွယ်အစားငယ်သောနိုင်ငံများ၏ အ နေအထားကို ပွင့်လင်းစွာသုံးသပ်ရန် လိုအပ်လာသည်။ ၎င်းတို့အတွက် တကယ့်ရွေးချယ်စရာမှာ ဘုံ ဥရောပ ပရောဂျက်တစ်ခုတွင်ပါဝင်ပြီး ဘုံဥရောပတုံ့ ပြန်မှုတစ်ခုကိုရှာဖွေရေးပင်ဖြစ်သည်။ ယင်းသို့ ပူး ပေါင်းဆောင်ရွက်ခြင်းဖြင့်သာ ဥရောပသည် ကမ္ဘာကြီးတွင် အင်အားဗဟိုချက်တစ်ခုအဖြစ် ခိုင်မာစွာရပ် တည်လာနိုင်မည်ဖြစ်သည်။ သို့မဟုတ်ပါက အင်အားကြီးနိုင်ငံများ၏ လက်အောက်ခံများအနေဖြင့် မိမိ တို့၏အဆင့်အတန်းကို အကောင်းဆုံးဖြစ်အောင် နေထိုင်ရမည့်လမ်းသာရှိသည်။ ဗြိတိန်နိုင်ငံသည် ဥရော ပသမဂ္ဂ၏ အစိတ်အပိုင်းမဟုတ်တော့သော်လည်း ဥရောပနိုင်ငံတစ်နိုင်ငံအဖြစ် ခိုင်မာစွာ ရှိနေဆဲဖြစ် သည်။ ဘက်စုံဟန်ချက်ညီဆောင်ရွက်ခြင်းဆိုသည်မှာ ယနေ့အထိ အင်အားကြီးသူများ၏ ဇိမ်ခံပစ္စည်း တစ်ခုဖြစ်ခဲ့သည်ကို ၎င်းတို့က ကောင်းစွာသဘောပေါက်ထားကြသည်။
ကမ္ဘာ့အင်အားဗဟိုချက် များပြားလာခြင်း၏ရလဒ်အဖြစ် အုပ်စုပေါင်းစုံနှင့် ချိတ်ဆက်ရပ်တည် ခြင်းသဘောတရား ပေါ်ထွက်လာခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် ၎င်းကို ထွန်းသစ်စ အင်အားကြီးနိုင် ငံများနှင့် ဒေသတွင်း အင်အားကြီးနိုင်ငံများကပါတောင်းဆိုလာကြပြီဖြစ်သည်။ အဆိုပါ ဒေသတွင်း အင် အားကြီးနိုင်ငံများအတွက် မိမိတို့၏ လမ်းကြောင်းကိုရှာဖွေရန်နှင့် ကြီးထွားလာရန် ဤနည်းလမ်းကိုသာ အားထားနေရသည်။ ဤအချက်သည် ဥရောပနိုင်ငံအများစု အပြည့်အဝ နားလည်သဘောပေါက်ရန် လို အပ်နေသေးသောအရာတစ်ခု ဖြစ်နေပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် စစ်အေးခေတ်ကဲ့သို့ အင်အား ကြီးနိုင်ငံတစ်ခုခုကို မရွေးချယ်ဘဲနေလာကြသည်။ ဤသည်မှာ ကမ္ဘာ့တောင်ဘက်ခြမ်းဟုခေါ်သော နိုင်ငံ အများအပြား၏ နိုင်ငံတကာဆက်ဆံရေးအပေါ် သဘောတရားနှင့်ဥရောပတို့အကြား ကွဲလွဲချက်ပင် ဖြစ် သည်။
ဝင်ရိုးစုံကမ္ဘာနှင့် ဥရောပ၏ရပ်တည်ချက်
ကမ္ဘာ့အထိုင်သစ်တွင် ဝင်ရိုးတစ်ခုကိုဖြစ်စေသောအရာနှင့်ပတ်သက်၍ ပညာရှင်များအကြား အမြင်အမျိုးမျိုးရှိကြသည်။ လူအများစုသည် ကမ္ဘာ့အထိုင်မှာဝင်ရိုးစုံကမ္ဘာသို့ အမှန်တကယ်ကူးပြောင်း နေသည်ဟု ယုံကြည်လက်ခံထားကြသည်။ သို့သော် တရုတ်နှင့်အမေရိကန်တို့သည် ဤအချက်ကို လက် တွေ့၌ အပြည့်အဝသဘောမတူကြသေးပါ။ တရုတ်တို့က ဝင်ရိုးစုံကမ္ဘာတွင် ၎င်းတို့သည် ကြီးမားသော ဝင်ရိုးတစ်ခုသက်သက်သာဖြစ်ကြောင်း ဟန်ဆောင်လေ့ရှိကြသည်။ အမေရိကန်တို့ကမူ အခြေခံအားဖြင့် ဝင်ရိုးနှစ်ခုကမ္ဘာတွင် နေထိုင်နေဆဲဖြစ်သည်ဟု ယူဆထားကြသည်။ သို့သော် ယနေ့ကမ္ဘာတွင် အချို့ သော စီးပွားရေးလုပ်ငန်းများသည် နိုင်ငံရေးပါဝါအဖြစ် ချက်ချင်းပြောင်းလဲမသွားသည်ကို သတိပြုရ မည် ဖြစ်သည်။
ဝင်ရိုးစုံစနစ်ကို အလိုအလျောက် မှန်ကန်သည်ဟုယူဆကာ လွတ်လပ်စွာသုံးစွဲနေကြသော် လည်း ယင်းတွင် မျက်နှာစာပေါင်းစုံရှိသည်။ နည်းပညာနယ်ပယ်တွင် အမေရိကန်နှင့်တရုတ်တို့က အ ခြားသူများထက် များစွာသာလွန်နေသဖြင့် ဝင်ရိုးနှစ်ခု ကမ္ဘာဟုပြောနိုင်ပါသည်။ သို့သော် စစ်ရေးအရ ကြည့်ပါက ကမ္ဘာပေါ်တွင် နျူကလီးယား အင်အားကြီးနိုင်ငံ (၈)ခုအထိရှိနေသောကြောင့် ဝင်ရိုးစုံရှိနေ ခြင်းဖြစ်သည်။ သို့ဖြစ်၍ ဝင်ရိုးစုံစနစ်ဆိုသောသဘောတရားကို ယခုထက် ပိုမိုနက်ရှိုင်းစွာလေ့လာ သုံး သပ်ရန် လိုအပ်သည်။ ထို့ပြင် နိုင်ငံများစုပေါင်းထားသော မဟာမိတ်အဖွဲ့များသည်လည်း အင်အားကြီး များဖြစ်လာနိုင်စွမ်းရှိကြသည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် ဥရောပသမဂ္ဂကိုမူ ဝင်ရိုးစုံကမ္ဘာတွင် ဝင် ရိုးတစ်ခုဖြစ်သည်ဟု ဖော်ပြချက်မရှိသေးပါ။ ဥရောပသမဂ္ဂသည် ပေါ်ထွန်းလာသောဝင်ရိုးစုံ ကမ္ဘာတွင် ဝင်ရိုးတစ်ခုဖြစ်သည်ဟုပြောဆိုရန် ယုံကြည်မှု ကင်းမဲ့နေဆဲဖြစ်သည်။
ဝင်ရိုးစုံစနစ်၏ ကောင်းကျိုးဆိုးကျိုးနှင့် ပတ်သက်၍ နိုင်ငံတကာဆက်ဆံရေး၏ သမားရိုးကျ တွေးခေါ်မှုများက အန္တရာယ်များသည်ဟု ယူဆချက်များလည်းရှိသည်။ ဝင်ရိုးနှစ်ခုစနစ်သည် ဘေးကင်း ၍ ခန့်မှန်းရလွယ်ကူသော်လည်း ဝင်ရိုးစုံစနစ်မှာမူ အလွန်အမင်းအန္တရာယ်များလှသည်ဟုဆိုကြသည်။ သို့သော်အရေးကြီးသောအရာမှာ ဝင်ရိုးအရေအတွက်မဟုတ်ဘဲ ၎င်းတို့အကြားရှိပြိုင်ဆိုင်မှုကို ထိန်း ကျောင်းပေးမည့် အဖွဲ့အစည်းများရှိရေးပင်ဖြစ်သည်။ ကမ္ဘာပေါ်တွင် ပါဝါများကို အရင်ကမကြုံဖူးသော ပုံစံမျိုးဖြင့် ပြန်လည်ခွဲဝေနေခြင်းသည် လက်ရှိကမ္ဘာ့အခြေအနေပင် ဖြစ်သည်။ သို့ဖြစ်၍ အားနည်းသော နိုင်ငံစုံပါဝင်သည့် အဖွဲ့အစည်းများရှိသော ဝင်ရိုးစုံကမ္ဘာတွင် နေထိုင်နေရသည်ဟု ကောက်ချက်ချနိုင် သည်။ ထို့ကြောင့် ဝင်ရိုးစုံ စနစ်နှင့် နိုင်ငံစုံပါဝင်သည့်အဖွဲ့အစည်းများအကြား ဆက်စပ်မှုကို သေချာစွာ လေ့လာသင့်ပါသည်။
စွမ်းဆောင်ရည်နှင့်မညီမျှသော ကမ္ဘာကြီး
ဝင်ရိုးစုံစနစ်သည် အပြီးသတ်အခြေအနေ မဟုတ်ဘဲ သမိုင်းတွင် ဖြတ်သန်းသွားသောအကူး အ ပြောင်းကာလတစ်ခု ဖြစ်နိုင်ခြေရှိသည်။ ကွန်ရက်များ၊ နည်းပညာများနှင့် ဒီဂျစ်တယ်စနစ်များကြောင့် နိုင်ငံတကာဆက်ဆံရေးတွင် ဗဟိုချက်မဲ့ခြင်းသဘောတရားများပေါ်ထွက်လာသည်။ ထို့ကြောင့် နိုင်ငံ များ၏ သမားရိုးကျသွင်ပြင်လက္ခဏာများထက် လက်တွေ့လုပ်ဆောင်နိုင်မှုက ပို၍အရေးကြီးလာသည်။ လစ်ဘ ရယ်မဟုတ်သော နိုင်ငံတကာအစီအစဉ်သည် ကမ္ဘာကြီး၏မညီမျှမှုကို ပိုမိုဆိုးရွားလာနိုင်ပါသည်။ နိုင်ငံငယ်များအနေဖြင့် ဤမညီမျှမှုနှင့် ရင်ဆိုင်ဖြေရှင်းရမည်ဖြစ်ပြီး အခွင့်အရေးများရှိသကဲ့သို့ အား နည်းချက်များလည်းရှိနေသည်။ အဆိုပါအားနည်းချက်များ ကိုကျော်လွှားနိုင်ရန်အတွက် စွန့်ဦး တီထွင် နိုင်စွမ်းရှိသောမူဝါဒများကို ချမှတ်အကောင်အထည်ဖော်ရန်လိုအပ်လာသည်။
စွန့်ဦးတီထွင်နိုင်စွမ်းရှိသော နိုင်ငံငယ်များသည် အင်အားကြီးနိုင်ငံများ၏ စွမ်းဆောင်ရည်မျိုး မရှိ သော်လည်း ဘက်စုံဟန်ချက်ညီဆောင်ရွက်နိုင်ကြသည်။ သမိုင်းတစ်လျှောက်တွင် စင်ကာပူ၊ ယူအေအီး၊ ဖင်လန်နှင့် ဩစတြီးယားစသည့် နိုင်ငံငယ်များသည် ဤဗျူဟာကို အောင်မြင်စွာ ကျင့်သုံးနိုင်ခဲ့ကြသည်။ အင်အားကြီးသူများသာမက ထက်မြက်သော နိုင်ငံခေါင်းဆောင်များသည်လည်း ဤကဲ့သို့ ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်စွမ်းရှိကြသည်။ လိမ္မာပါးနပ်သော သံတမန်ရေး သို့မဟုတ် ကြမ်းတမ်းသော အင်အားရှိရန် လိုအပ်ပြီး ယင်းနှစ်ရပ်ပေါင်းစပ်ပါက ကိုယ်ပိုင်ကမ္ဘာ တစ်ခုကိုတည်ဆောက်နိုင်သည်။ နိုင်ငံငယ်များ သည် ယနေ့ခေတ်တွင်လည်း အင်အားကြီးနှစ်နိုင်စလုံးမှ အကောင်းဆုံးအကျိုးအမြတ်များရရှိရန် လုပ်ဆောင်နေကြသည်။ အာဆီယံနိုင်ငံများသည် မတူညီသော ကမ္ဘာနှစ်ခုကို အကောင်းဆုံး ခွ ထိုင်နိုင်စွမ်းရှိကြသည်မှာ ထင်ရှားသောသက်သေပင်ဖြစ်သည်။
သို့သော် ဤသို့ရွေးချယ်နိုင်စွမ်းရှိသော နိုင်ငံများမှာ အခြေခံအားဖြင့် ချမ်းသာကြွယ်ဝသော နိုင်ငံ များသာဖြစ်ကြသည်။ ယခင် ယူဂိုဆလားဗီးယားသည် အရှေ့အုပ်စုအတွက် အတော်အသင့်ချမ်းသာ သောနိုင်ငံဖြစ်ခဲ့သောကြောင့် ဘက်မလိုက်သောနိုင်ငံအဖြစ်ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။ ဩစတြီးယား နှင့် စင်ကာပူ စသည့်နိုင်ငံများသည်လည်း စီးပွားရေး တောင့်တင်းမှုကြောင့် ရွေးချယ်နိုင်စွမ်းအခွင့်အရေး ရှိခဲ့ခြင်းဖြစ်သည်။ ဆင်းရဲသောနိုင်ငံများအတွက်မူ မိမိတို့၏ဆန္ဒအလျောက် ရွေးချယ်နိုင်စွမ်းရှိရန် အလွန် ခက်ခဲမည်ဖြစ်ကြောင်းသုံးသပ်ရသည်။ ထို့ကြောင့် ဘက်စုံ ဟန်ချက်ညီဆောင်ရွက်နိုင်စွမ်းသည် နိုင်ငံ တစ်နိုင်ငံ၏ စီးပွားရေးအင်အားနှင့် တိုက်ရိုက်အချိုး ကျနေသည်ကိုတွေ့ရသည်။ လိမ္မာပါးနပ်သော သံတ မန်ရေးသည်လည်း ပြည်တွင်းဒီမိုကရေစီစနစ်နှင့် အမြဲတမ်း ကိုက်ညီမှုရှိမည်မဟုတ်သည်ကို သတိပြုရ မည်ဖြစ်သည်။
အိပ်မက်ကမ္ဘာမှနိုးထလာသော ဥရောပ
စစ်အေးခေတ်ပြီးဆုံးပြီးနောက်ပိုင်း ဥရော ပသားများသည် မိမိတို့ဖန်တီးထားသော အိပ်မက် ကမ္ဘာထဲတွင်သာ နေထိုင်ခဲ့ကြသည်။ ပွင့်လင်းသော စီးပွားရေးစနစ်နှင့်ပါဝါအပျော့ကိုအသုံးပြု၍ ကမ္ဘာ ကြီးကိုလွှမ်းမိုးနိုင်မည်ဟုယုံကြည်ခဲ့ကြသည်။ အမေရိကန်၏အကာအကွယ်ပေးမှုအောက်တွင် စီးပွားရေး အပြန်အလှန်မှီခိုနေရသောကမ္ဘာတစ်ခုကို အိပ်မက်မက်ခဲ့ကြသည်။ သို့သော် ယခုအခါ အဆိုပါအရာများ အလုပ်မဖြစ်တော့ဘဲ ဥရောပမှာ အိပ်မက်ဆိုးနှင့်ကြုံတွေ့လာရပြီဖြစ်သည်။ ကမ္ဘာကြီးသည် ပြောင်းပြန် ဖြစ်သွားပြီဖြစ်ရာ ဥရောပအနေဖြင့် လက်ရှိအခြေအနေမှန်ကိုလက်ခံရန် အချိန်ယူနေရဆဲဖြစ်သည်။ ပါဝါ အပျော့သည် အင်အားပြနိုင်ငံရေးခေတ်တွင် လုံလောက်မှုမရှိတော့သည်ကို သဘောပေါက် လာကြ ပြီဖြစ် သည်။
အမေရိကန်၏ မူဝါဒအပြောင်းအလဲသည် သမ္မတဒေါ်နယ်ထရမ့်ကြောင့် ရုတ်တရက်ဖြစ်ပေါ်လာ ခြင်းမဟုတ်ဘဲ ဖွဲ့စည်းပုံဆိုင်ရာအကြောင်းရင်းများကြောင့်ဖြစ်သည်။ အာရှသည် စီးပွားရေးအင်အားကြီး ဖြစ်လာခြင်းနှင့် တရုတ်နှင့် မဟာဗျူဟာမြောက်ပြိုင်ဆိုင်ရခြင်းတို့က အဓိကအကြောင်းရင်းများဖြစ် သည်။ အမေရိကန် ပြည်တွင်းလူဦးရေဖွဲ့စည်းပုံတွင် ဥရောပ ဇာစ်မြစ်ရှိသူများထက် အာရှနှင့် လက်တင် အမေရိကန်များ ပိုမိုများပြားလာသည်။ အဆိုပါလူဦးရေ အချိုးအစားအပြောင်းအလဲကြောင့် ဥရောပ အ ပေါ် အမေရိကန်၏စိတ်ဝင်စားမှု သိသိသာသာလျော့ကျသွားခြင်းဖြစ်သည်။ သမိုင်းသည် ဖြည်းဖြည်း ချင်းရင့်ကျက်လာမှုမှတစ်ဆင့် ရွေ့လျားပြီးမှ ရုတ်တရက် အပြောင်းအလဲဖြစ်ပေါ်လေ့ရှိသည်မှာ သဘာဝ ဖြစ်သည်။ အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒသည် အာရှပစိဖိတ်ဒေသဆီ သို့ဦးတည်သွားခြင်းမှာ ရှောင်လွှဲ၍မရသောအဖြစ်အ ပျက်တစ်ခုဖြစ်သည်။ ထို့ကြောင့် ဥရောပအနေဖြင့် ယခင်ကဲ့သို့ အမေရိ ကန်အပေါ် အပြည့်အဝမှီခိုနေ၍ မရနိုင်တော့ကြောင်း နားလည်ထားရမည်ဖြစ်သည်။
ယခင်က အီရတ်စစ်ပွဲကို ပြင်သစ်က ဗီတိုအာဏာဖြင့်ပိတ်ပင်မည်ဟုဆိုသောအခါ အမေရိကန် က ပြင်းထန်စွာတုံ့ပြန်ခဲ့ဖူးသည်။ ပြင်သစ်လေယာဉ်တင်သင်္ဘောများအတွက် လိုအပ်သောအစိတ်အပိုင်း များရောင်းချမှုကို ရပ်ဆိုင်းလိုက်ခြင်းဖြင့် ပြင်သစ်၏ နျူကလီးယားစွမ်းရည်ကို ထိခိုက်စေခဲ့သည်။ ဤအ ဖြစ်အပျက်က အမေရိကန်၏မဟာမိတ်ဟူသောအယူအဆမှာ လက်အောက်ခံအဖြစ်သာသတ်မှတ် ကြောင်း ပြသနေပါသည်။ ဥရောပသားများအနေဖြင့် မိမိတို့သည် အမေရိကန်၏မဟာဗျူဟာတွင် အရန် လူများသာဖြစ်လာကြောင်းကို သတိပြုမိလာကြသည်။ သို့ဖြစ်၍ သဘောထားကြီးမှုထက် အကျိုးစီးပွားရှု ထောင့်မှတွေးတောခြင်းက အနာဂတ်အတွက် ပိုမိုအကျိုးရှိမည်ဖြစ်သည်။
အနာဂတ်အစီအစဉ်နှင့် ရွေးချယ်မှုများ
ဥရောပသမဂ္ဂသည် အင်အားသုံးမှုကိုမယုံကြည်ဘဲ ငြိမ်းချမ်းရေးကိုသာရှေးရှုသောပရောဂျက် တစ်ခုအဖြစ်ရပ်တည်ခဲ့သော်လည်း ယခုအခါ ကာကွယ်ရေးစရိတ်များ တိုးမြှင့်သုံးစွဲလာပြီဖြစ်သည်။ အ မေရိကန်၏အာရုံစိုက်မှု တရုတ်နိုင်ငံဆီသို့ ရွေ့လျားသွားသည်ကို ဥရောပက လက်ခံရန်ငြင်းဆန်ခဲ့ကြ သော်လည်း လက်ရှိတွင် အကျိုးစီးပွားကိုကာကွယ်ရန် နိုးကြားလာခြင်းဖြစ်သည်။ တစ်ချိန်တည်းမှာပင် လူသားများ၏ထိန်းချုပ်မှု ပြင်ပသို့ရောက်ရှိသွားနိုင်သော ဉာဏ်ရည်တုနည်းပညာသည် ကမ္ဘာ့အထိုင်သစ် အတွက် ကြီးမားသောစိန်ခေါ်မှုဖြစ်လာသည်။ အဆိုပါ ဉာဏ်ရည်တုနည်းပညာကို ဘုံပိုင်ဆိုင်မှုအဖြစ် ဖန် တီးရန်လိုအပ်သော်လည်း လက်ရှိတွင် အမေရိကန်နှင့်တရုတ်နှစ်နိုင်ငံ၌သာ စုပြုံနေပါသည်။ လာမည့် (၂၀၃၀) ပြည့်နှစ်တွင် ပိုမိုအန္တရာယ်များလာမည့်ကမ္ဘာကြီး၌ ဥရောပအနေဖြင့် မိမိ၏ အခြေခံစည်းမျဉ်း များကို လက်ကိုင်ပြု၍ ကမ္ဘာ့တောင်ဘက်ခြမ်းကို ပိုမိုလုပ်ပိုင်ခွင့်ပေးကာ ပူးပေါင်းဆောင်ရွက်သင့်သည်။ ဥရောပ တစ်ခွင်လုံးအနေဖြင့် အခြားသူများကိုမှီခိုနေမည့်အစား ကိုယ့်ကိုယ်ကိုယ်အားကိုးကာ မဟာ ဗျူဟာမြောက် ကိုယ်ပိုင်ရပ်တည်နိုင်စွမ်းကို တည်ဆောက်ရမည်ဖြစ်သည်။ မဟာမိတ်များကို ရွေးချယ် ခြင်းထက် ခိုင်မာသောစည်းမျဉ်းစည်းကမ်းကိုအခြေခံခြင်းဖြင့် အနာဂတ်ကမ္ဘာ့အထိုင်သစ်တွင် အောင် မြင်စွာ ရပ်တည်နိုင်မည်ဖြစ်ကြောင်း သုံးသပ်တင်ပြရသည်။