Myanmar Transparency News

နယ်စပ်မြစ်များကို ပူးတွဲစောင့်ကြည့်စစ်ဆေးရန် ထိုင်းနှင့် မြန်မာ သဘောတူ

သက်တံ့

၂၆. ၁၁. ၂၀၂၆

ရေအရည်အသွေး စံချိန်စံညွှန်းထက် အာဆင်းနစ် (Arsenic) ပါဝင်မှုနှုန်း မြင့်တက်နေကြောင်း ထိုင်းအာဏာပိုင်များက မှတ်တမ်းတင်ထားသည့် နယ်စပ်ဖြတ်ကျော် ရေလမ်းကြောင်းများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သည့်အနေဖြင့် ကော့ (Kok) မြစ်နှင့် ဆိုင် (Sai) မြစ်တို့၏ ပထမဆုံးအကြိမ် ပူးတွဲရေအရည်အသွေး နမူနာကောက်ယူ စစ်ဆေးမှုကို လာမည့်လအစောပိုင်းတွင် စတင်လုပ်ဆောင်ရန် ထိုင်းနှင့် မြန်မာနိုင်ငံတို့က ဗုဒ္ဓဟူးနေ့တွင် သဘောတူညီခဲ့ကြသည်ဟု Xinhua သတင်းဌာနက ဖော်ပြသည်။

ဘန်ကောက်မြို့၌ ကျင်းပခဲ့သော နယ်စပ်နှင့် နယ်စပ်ဖြတ်ကျော် မြစ်များ၏ ရေအရည်အသွေး စီမံခန့်ခွဲမှုဆိုင်ရာ နှစ်နိုင်ငံ ပူးတွဲလုပ်ငန်းအဖွဲ့ (JWG) ၏ ပထမဆုံးအကြိမ် အစည်းအဝေးတွင် နှစ်နိုင်ငံစလုံး၌ ကော့မြစ်ပေါ်တွင် နမူနာကောက်ယူမည့်နေရာ ၄ ခုနှင့် ဆိုင်မြစ်ပေါ်တွင် ၂ ခုစီ ထားရှိမည့် တစ်နှစ်တာ လုပ်ငန်းစီမံချက်ကို မူအားဖြင့် သဘောတူညီခဲ့ကြကြောင်း ပူးတွဲသတင်းထုတ်ပြန်ချက်အရ သိရသည်။

ပထမဆုံးအကြိမ် ပူးတွဲနမူနာကောက်ယူမှုကို နှစ်ဖက်စလုံး၏ အသင့်ဖြစ်မှုနှင့် ညှိနှိုင်းဆောင်ရွက်မှုအပေါ် မူတည်၍ ၂၀၂၆ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၇ ခုနှစ် ဇန်နဝါရီလအတွင်း ပြုလုပ်ရန် စီစဉ်ထားသည်။ ထို့ပြင် စောင့်ကြည့်စစ်ဆေးမှု အချက်အလက်များကို သတ်မှတ်ထားသော အေဂျင်စီများမှတစ်ဆင့် တစ်နှစ်လျှင် အနည်းဆုံး နှစ်ကြိမ် ဖလှယ်ရန်လည်း နှစ်နိုင်ငံ သဘောတူညီခဲ့ကြသည်။

မြစ်အတွင်းရှိ အနည်အနှစ်များ၊ ရေနေသတ္တဝါများတွင် ညစ်ညမ်းပစ္စည်းများ စုပုံလာမှု၊ စိုက်ပျိုးမြေနှင့် ဟင်းသီးဟင်းရွက်များအပြင် ဆက်စပ်နေသည့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များအထိ စောင့်ကြည့်စစ်ဆေးမှု နယ်ပယ်ကို တိုးချဲ့ရန်လည်း နှစ်ဖက်စလုံးက ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ပြည်သူ့ကျန်းမာရေးနှင့် သာယာဝပြောရေးအပေါ် သက်ရောက်လာနိုင်ခြေရှိသည့် အခြေအနေများကြောင့် နယ်စပ်မြစ်များ၏ ရေအရည်အသွေး အခြေအနေကို နှစ်နိုင်ငံစလုံးက အထူးအလေးထားပါသည်” ဟု ထုတ်ပြန်ချက်၌ ဆိုသည်။

ကော့မြစ်နှင့် ဆိုင်မြစ် နှစ်ခုစလုံးသည် မြန်မာနိုင်ငံမှ မြစ်ဖျားခံပြီး ထိုင်းနိုင်ငံမြောက်ပိုင်း နယ်စပ်ဒေသတစ်လျှောက် ဖြတ်သန်းစီးဆင်းကာ မဲခေါင်မြစ်ကြောင်းစနစ်အတွင်းသို့ ပေါင်းဆုံစီးဝင်ကြသည်။

ထိုင်းနိုင်ငံ ညစ်ညမ်းမှုထိန်းချုပ်ရေးဦးစီးဌာနသည် ကော့မြစ်အတွင်း မျက်နှာပြင်ရေ အရည်အသွေး စံချိန်စံညွှန်းထက် ကျော်လွန်နေသည့် အာဆင်းနစ်ပမာဏကို ၂၀၂၅ ခုနှစ် မတ်လတွင် ပထမဆုံးအကြိမ် စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ အမြင့်ဆုံး တွေ့ရှိချက်မှာ မြန်မာနယ်စပ်အနီးရှိ စောင့်ကြည့်စစ်ဆေးရေးနေရာ တစ်ခုတွင် တစ်လီတာလျှင် ၀ ဒသမ ၀၂၆ မီလီဂရမ် ဖြစ်ပြီး သတ်မှတ်စံနှုန်းထက် ၂ ဒသမ ၆ ဆ ပိုများနေခဲ့သည်။

အောက်တိုဘာ ၂၆ ရက်မှ ၃၀ ရက်အထိ ပြုလုပ်ခဲ့သော အဆိုပါဦးစီးဌာန၏ နောက်ဆုံးရ လစဉ်ရေစစ်ဆေးမှုများအရ ကော့မြစ်တစ်လျှောက် စောင့်ကြည့်စစ်ဆေးသည့် နေရာ ၁၀ ခုအနက် မြန်မာနယ်စပ်အနီးရှိ နေရာတစ်ခုတည်းတွင်သာ သတ်မှတ်စံနှုန်းဖြစ်သည့် တစ်လီတာလျှင် ၀ ဒသမ ၀၁ မီလီဂရမ်ထက် အာဆင်းနစ်ပမာဏ ကျော်လွန်နေသည်ကို တွေ့ရှိခဲ့ရသည်။ ဆိုင်မြစ်တွင်မူ စောင့်ကြည့်စစ်ဆေးသည့် နေရာ ၃ ခုစလုံး၌ သတ်မှတ်စံနှုန်းထက် အနည်းငယ် ဆက်လက်ကျော်လွန်နေဆဲ ဖြစ်သည်။

Ref: Xinhua

မူရင်းသတင်း — Myanmar Transparency News