Myanmar Transparency News

အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ်မြို့တွင် အိမ်မီးလောင်မှု၌ လူခြောက်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိ

၆.၁၁.၂၀၂၆
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ်မြို့ကြီး၏ ဘရွတ်ကလင်းမြို့တွင် ဒေသစံတော်ချိန် နိုဝင်ဘာလ ၅ ရက် အစောပိုင်းက နှစ်ထပ်တိုက် လူနေအိမ်တစ်လုံးမီးလောင်မှုတွင် လူခြောက်ဦးသေဆုံးကာ မီးသတ်သမား သုံးဦးအပါအဝင် အခြားခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း နယူးယော့ခ်မြို့မီးသတ်ဌာနက ပြောကြားခဲ့သည်။

မီးသတ်တပ်ဖွဲ့က ဘရွတ်ကလင်းမြို့၊ Sunset Park ရပ်ကွက်၊ ၅၈ လမ်းရှိ နေအိမ်တစ်လုံးတွင် မီးလောင်နေကြောင်း နံနက် ၁ နာရီ ၄၀ မိနစ်ခန့်က သတင်းရခဲ့သည်။ မီးသတ်သမားများက မီးကိုငြှိမ်းသတ်နေစဉ်အတွင်း အဆောက်အအုံ၏ ပြတင်းပေါက်များမှ မီးလျှံများ ထွက်ပေါ်လာခဲ့သည်။ တာဝန်ရှိသူများ၏ ပြောကြားချက်အရ မီးသည် အဆောက်အအုံ၏ ဒုတိယထပ်မှ စတင်လောင်ကျွမ်းခဲ့ပုံရပြီး ထိုမှတစ်ဆင့် နှစ်ထပ်အဆောက်အအုံတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ခြင်း ဖြစ်သည်။

အခင်းဖြစ်ရာနေရာ၌ အရွယ်ရောက်ပြီးသူလေးဦး သေဆုံးခဲ့ကြောင်း သိရသည်။ အခြားနှစ်ဦးမှာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ဖြစ်ပြီး ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဒေသခံလေးဦးနှင့် မီးသတ်သမား သုံးဦးတို့ဒဏ်ရာရခဲ့သော်လည်း အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သိရသည်။ ဒဏ်ရာရသူနောက်တစ်ဦးမှာမူ စိုးရိမ်ရသည့် အခြေအနေတွင် ရှိကြောင်း သိရသည်။

နိုဝင်ဘာလ ၅ ရက် နံနက်ပိုင်းတွင် မီးကိုထိန်းနိုင်ခဲ့ပြီးနောက် မီးသတ်သမားများသည် အခင်းဖြစ်ပွားရာနေရာတွင် ဆက်လက်ရှိနေခဲ့သည်။ မီးခိုးလုံးများ ထူထပ်စွာ ပြည့်လျှံနေသဖြင့် အိမ်ပေါ်သို့ ရေများလောင်းချနေသည်ကို သင်္ဘောသားများက မြင်တွေ့ခဲ့ရသည်။ မီးသတ်သမားများက မီးငြှိမ်းသတ်ရန် လုပ်ဆောင်နေသကဲ့သို့ အဆောက်အအုံ၏အထက်သို့ လှေကားများ ထောင်ကာ နံရံများနှင့် ဘေးဘက်များတွင် ဖုံးကွယ်နေသော လက်ကျန်မီးစမီးနများကို ရှာဖွေခဲ့ကြသည်။

နေအိမ်မှာ မီးလောင်မှုကြောင့် အပျက်အစီးများ ကြီးမားခဲ့သည်။ အဆောက်အဦ၏ အရှေ့ဘက်ပိုင်းသည် ပြင်းထန်စွာ မီးလောင်ကျွမ်းခဲ့ပြီး အပြင်ပိုင်း အများအပြား ပျက်စီးခဲ့သည်။

အခင်းဖြစ်ပွားရာနေရာ၌ လီသီယမ်-အိုင်းယွန်း ဘက်ထရီနှစ်လုံးကို တွေ့ရှိခဲ့ပြီး မီးလောင်မှုတွင် ပါဝင်ပတ်သက်မှု ရှိ၊ မရှိ ဆုံးဖြတ်ရန် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိသည်။ မီးလောင်မှု၏ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။

မီးလောင်မှုကြောင့် လူအများအပြား အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ အမေရိကန်ကြက်ခြေနီအဖွဲ့သည် မီးလောင်ကျွမ်းမှုကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူများအား ယာယီအိမ်ရာဖြင့် ကူညီပေးလျက်ရှိသည်။

နယူးယောက်မြို့ မြို့တော်ဝန် ဇိုရန် မမ်ဒါနီက နိုဝင်ဘာလ ၅ ရက် နံနက်ခင်းတွင် ရုပ်မြင်သံကြား သတင်းထုတ်လွှင့်မှုတွင် ပေါ်လာပြီး နယူးယော့ခ်မြို့ မီးသတ်တပ်ဖွဲ့ ၏ ကြိုးစားအားထုတ်မှုကို ချီးကျူးခဲ့သည်။

“နယူးယောက်မြို့သား ခြောက်ဦး အသက်ဆုံးရှုံးခဲ့ရတဲ့ ဒီမီးလောင်မှုကို လောလောဆယ် ကျွန်တော်တို့ ခြေရာခံနေပါတယ်။ ဒါဟာ ဆိုးရွားလွန်းပြီး အရာအတော်များများကို ရောင်ပြန်ဟပ်နေပါတယ်။ တစ်ခုက မီးသတ်သမားတွေရဲ့ ရဲစွမ်းသတ္တိကို ကျွန်တော် အမြဲတမ်း အသိအမှတ်ပြုချင်ပါတယ်၊ နေ့တိုင်းသွားနေတဲ့ အန္တရာယ်က ဘယ်လောက်ပဲရှိပါစေ လူတွေရဲ့ အသက်ကို ကယ်တင်ဖို့ ကြိုးစားနေပါတယ်” ဟု မမ်ဒါနီက ပြောကြားခဲ့သည်။

Ref: ABC News

မူရင်းသတင်း — Myanmar Transparency News