Kanbawza Tai News

ကမ္ဘောဒီးယားရှိ 7-Eleven ဆိုင်ခွဲအားလုံးကို ဒီဇင်ဘာ ၂၅ ရက်မှာ ပိတ်သိမ်းမယ်

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်

ထိုင်းနိုင်ငံအခြေစိုက် CP All ကုမ္ပဏီဟာ ကမ္ဘောဒီးယားနိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ လက်ကျန် 7-Eleven ဆိုင်ခွဲအားလုံးကို လာမယ့် ဒီဇင်ဘာ ၂၅ ရက်မှာ ပိတ်သိမ်းတော့မှာဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံအတွင်း ၅ နှစ်ကြာ လုပ်ငန်းလည်ပတ်ခဲ့မှု ကို အဆုံးသတ်တော့မှာဖြစ်ပါတယ်။ ကုမ္ပဏီက ဒီဆုံးဖြတ်ချက်ကို နိုဝင်ဘာ ၂၄ ရက်မှာ ထိုင်းစတော့အိတ်ချိန်းကို အသိပေးထုတ်ပြန်ခဲ့တာပါ။

CP All ရဲ့ ထုတ်ပြန်ချက်မှာ ကမ္ဘောဒီးယားရှိ 7-Eleven ဆိုင်တွေကို အမေရိကန်အခြေစိုက် 7-Eleven ကုန်အမှတ် တံဆိပ်ပိုင်ရှင်နဲ့ နှစ်ဖက်သဘောတူညီချက်အရ လုပ်ငန်းရပ်ဆိုင်းမှာဖြစ်ကြောင်း ဖော်ပြထားပေမဲ့ ပိတ်သိမ်းရတဲ့ အခြားအကြောင်းရင်းကိုတော့ ထည့်သွင်းဖော်ပြထားခြင်း မရှိပါဘူး။

CP All ဟာ ၂၀၂၅ ခုနှစ် ဇွန်လကုန်မှာ ကမ္ဘောဒီးယားနိုင်ငံအတွင်း 7-Eleven ဆိုင်ပေါင်း ၁၁၂ ဆိုင် ဖွင့်လှစ်ထားခဲ့ပေမဲ့ ၂၀၂၆ ခုနှစ် မတ်လကုန်မှာ ၆၃ ဆိုင်၊ ဇွန်လကုန်မှာ ၃၉ ဆိုင်နဲ့ စက်တင်ဘာ ၃၀ ရက်မှာ ၂၃ ဆိုင်အထိ လျော့ကျသွားခဲ့ ပါတယ်။ ဒါဟာ ၁၅ လခန့်အတွင်း ဆိုင်အရေအတွက် ၈၀ ရာခိုင်နှုန်းနီးပါး ကျဆင်းသွားတာဖြစ်ပါတယ်။

Bangkok Post နဲ့ Cambodia Investment Review တို့ကတော့ ဆိုင်တွေ ပိတ်သိမ်းရတာဟာ ၂၀၂၅ ခုနှစ် ဇူလိုင်လ အတွင်း ထိုင်းနဲ့ ကမ္ဘောဒီးယားနယ်စပ်မှာ တိုက်ပွဲတွေ ပြင်းထန်လာပြီးနောက် ကမ္ဘောဒီးယား နိုင်ငံအတွင်း ထိုင်းကုန် အမှတ်တံဆိပ်တွေကို သပိတ်မှောက်မှု ဖြစ်ပွားခဲ့တာနဲ့ ဆက်စပ်နေတယ်လို့ ဖော်ပြကြပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံနယ်စပ်ဂိတ်တွေ အချိန်ကြာမြင့်စွာ ပိတ်ထားရတာကြောင့် 7-Eleven ဆိုင်တွေမှာ အဓိကရောင်းချ နေတဲ့ ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်းတွေ ပြန်လည်ဖြည့်တင်းဖို့ ခက်ခဲလာခဲ့တယ်လို့ MGR Online က ရေးသားပါတယ်။ ဒါပေမဲ့ CP All ရဲ့ တရားဝင်ထုတ်ပြန်ချက်မှာတော့ ထိုင်းကုန်ပစ္စည်းတွေ သပိတ်မှောက်ခံရမှုကို ဆိုင်ပိတ်သိမ်းရတဲ့ အကြောင်းရင်းအဖြစ် တိုက်ရိုက်ဖော်ပြထားခြင်း မရှိပါဘူး။

CP All က ရှယ်ယာပါဝင်ပိုင်ဆိုင်ထားတဲ့ CP Axtra ကုမ္ပဏီမှတစ်ဆင့် လုပ်ကိုင်နေတဲ့ လက်ကား အရောင်းဆိုင် Makro လုပ်ငန်းတွေကတော့ အခု 7-Eleven ဆိုင်ပိတ်သိမ်းမှုကြောင့် ထိခိုက်မှုမရှိဘူးလို့ Bangkok Post က ဖော်ပြပါတယ်။

CP All ဟာ ၂၀၂၀ ပြည့်နှစ်မှာ ကိုယ်ပိုင်လက်အောက်ခံကုမ္ပဏီ CP All (Cambodia) ကတစ်ဆင့် 7-Eleven, Inc. နဲ့ နှစ် ၃၀ သက်တမ်းရှိ မာစတာဖရန်ချိုက်စာချုပ် ချုပ်ဆိုခဲ့ပြီး ၂၀၂၁ ခုနှစ် ဩဂုတ်လမှာ ဖနွမ်းပင်မြို့၌ ပထမဆုံးဆိုင်ကို စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ထိုင်းနိုင်ငံဟာ CP All ရဲ့ အဓိကဈေးကွက်အဖြစ် ဆက်လက် တည်ရှိနေပြီး 7-Eleven ဆိုင်ခွဲပေါင်း ၁၆ , ၀၀၀ ကျော် ဖွင့်လှစ်ထားပါတယ်။

တစ်ဖက်မှာလည်း ကမ္ဘောဒီးယားနိုင်ငံအတွင်း အခြားနိုင်ငံတကာ စတိုးဆိုင်လုပ်ငန်းတွေက တိုးချဲ့ဝင်ရောက်လာနေ ပါတယ်။ တောင်ကိုရီးယားအခြေစိုက် GS25 က ဒီလအတွင်း ကမ္ဘောဒီးယား နိုင်ငံမှာ ပထမဆုံးဆိုင် ဖွင့်လှစ်ခဲ့ပြီး လာမယ့် ၁၀ နှစ်အတွင်း ဆိုင်ခွဲ ၅၀၀ ကျော်အထိ တိုးချဲ့ဖွင့်လှစ်ဖို့ စီစဉ်ထားပါတယ်။ ဒါ့အပြင် Emart24 ကလည်း ၂၀၂၄ ခုနှစ်မှာ ကမ္ဘောဒီးယားဈေးကွက်ထဲ ဝင်ရောက်ခဲ့ပြီး Circle K ဆိုင်ခွဲတွေလည်း လုပ်ငန်းလည်ပတ်နေပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့အကြား ကုန်သွယ်ရေးလုပ်ငန်းတွေဟာ ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းကစပြီး နယ်စပ် ဖြတ်သန်းခွင့်တွေ ပိတ်ထားရတာကြောင့် ထိခိုက်မှုတွေ ရှိလာခဲ့ပါတယ်။ ၂၀၂၅ ခုနှစ် ဇူလိုင်လမှာလည်း နယ်စပ် ပိတ်သိမ်းမှုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ကိုဟောင်မြို့ရှိ ဈေးဆိုင်တွေရဲ့ စင်ပေါ်မှာ ထိုင်းနိုင်ငံထုတ် အသင့်စားခေါက်ဆွဲ နဲ့ မုန့်ပဲသရေစာတွေ ပျောက်ကွယ်သွားခဲ့ပြီး ကုန်သည်တွေဟာ ဗီယက်နမ်နိုင်ငံထုတ် ကုန်ပစ္စည်းတွေဘက်ကို ပြောင်းလဲတင်သွင်းလာခဲ့ကြပါတယ်။

Ref – Thaiger

မူရင်းသတင်း — Kanbawza Tai News