Myanmar Transparency News

တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် အာဆီယံအကြား နယ်စပ်ဖြတ်ကျော် ဒစ်ဂျစ်တယ်ငွေပေးချေမှုဆိုင်ရာ သီးသန့်လုပ်ငန်းအဖွဲ့ ဖွဲ့စည်းရန် ယနေ့ သဘောတူညီ

သက်တံ့

၂၆. ၁၁. ၂၀၂၆

နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုစနစ်များ ပိုမိုကောင်းမွန်စွာ ချိတ်ဆက်နိုင်မည့် နည်းလမ်းများ ရှာဖွေရန်နှင့် ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုများ (Digital assets) ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လိုက်လျောညီထွေဖြစ်အောင် ပေါင်းစပ်ညှိနှိုင်းရန် တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့သည် အရှေ့တောင်အာရှနိုင်ငံများနှင့် ယနေ့ (ကြာသပတေးနေ့) တွင် သဘောတူညီခဲ့ကြသည်။

ဒစ်ဂျစ်တယ်ငွေကြေးလွှဲပြောင်းမှုများ၏ လွယ်ကူမြန်ဆန်မှုကြောင့် လူကြိုက်များမှု မြင့်တက်လာသည်နှင့်အမျှ လုပ်ဆောင်ချက်များကို ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ချက် တိုးပွားလာခြင်းကို ထင်ဟပ်စေသည့်အနေဖြင့် ပြည်တွင်းဈေးကွက်များအတွက် အဓိကထား ဖန်တီးထားသော ငွေပေးချေမှုစနစ်များကို နယ်စပ်ဖြတ်ကျော်၍ အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်စေရန် ယခုလုပ်ဆောင်ချက်က ရည်ရွယ်သည်။

ဂျပန်နိုင်ငံ၏ ရှေးဟောင်းမြို့တော် ကျိုတို (Kyoto) ၌ ကျင်းပသည့် အစည်းအဝေးတွင် အာဆီယံအပေါင်းသုံး (ASEAN+3) အဖွဲ့ဝင်နိုင်ငံများ၏ ဒုတိယဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌများသည် အဆိုပါကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရန် သီးသန့်လုပ်ငန်းအဖွဲ့တစ်ခု ဖွဲ့စည်းရေးအတွက် သဘောတူညီခဲ့ကြခြင်းဖြစ်သည်။

သဘာဝဘေးအန္တရာယ်များနှင့် ကပ်ရောဂါများကဲ့သို့ ရုတ်တရက် ဖြစ်ပေါ်လာသော ထိခိုက်မှုများကို ရင်ဆိုင်ဖြေရှင်းရန် ရန်ပုံငွေများ အလျင်အမြန် ရရှိနိုင်စေမည့် ယခုလအတွင်း စတင်အသက်ဝင်ခဲ့သော အရေးပေါ်ချေးငွေ ယန္တရားအသစ်တစ်ခုကိုလည်း တာဝန်ရှိသူများက အလေးပေး ပြောကြားခဲ့သည်။

အဆိုပါ ယန္တရားသည် ချင်းမိုင်သဘောတူညီချက် (Chiang Mai Initiative) ဟု လူသိများသော ဒေသတွင်း အမေရိကန်ဒေါ်လာ ၂၄၀ ဘီလီယံတန်ဖိုးရှိ ငွေကြေးလဲလှယ်ရေး အကာအကွယ်ကွန်ရက်ကို ကျောထောက်နောက်ခံပြုထားသည့် ပြင်ဆင်ထားသော သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။

ကျိုတိုအစည်းအဝေး၏ အသေးစိတ်အချက်အလက်များကို ၂၀၂၇ ခုနှစ် မေလတွင် ဂျပန်နိုင်ငံ၊ နာဂိုယာမြို့ (Nagoya) ၌ ကျင်းပမည့် နောက်တစ်ကြိမ် အစည်းအဝေးတွင် ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများထံ တင်ပြသွားမည်ဖြစ်သည်။

ASEAN+3 အဖွဲ့တွင် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင် ၁၁ နိုင်ငံနှင့်အတူ ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံတို့ ပါဝင်သည်။

Ref: Reuters

မူရင်းသတင်း — Myanmar Transparency News