Myanmar Transparency News

မြန်မာနိုင်ငံမှတစ်ဆင့် တရုတ်နိုင်ငံသို့ ဆက်သွယ်မည့် စီးပွားရေးစင်္ကြံသစ် ဖော်ဆောင်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံက စဉ်းစားသုံးသပ်နေ

သက်တံ့

၂၆. ၁၁. ၂၀၂၆

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံမှတစ်ဆင့် တရုတ်နိုင်ငံ ကူမင်းဒေသနှင့် ချိတ်ဆက်မည့် စီးပွားရေးစင်္ကြံသစ်တစ်ခု ဖော်ဆောင်နိုင်ခြေကို စူးစမ်းလေ့လာလျက်ရှိသည်ဟု The Daily Star သတင်းဌာနက ယနေ့ ဖော်ပြသည်။

အဆိုပြုထားသည့် တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် စီးပွားရေးစင်္ကြံသည် ဒေသတွင်း စီးပွားရေးပေါင်းစည်းမှုနှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် အခွင့်အလမ်းသစ်များ ဖန်တီးပေးနိုင်ကြောင်း ပြည်သူ့စီမံခန့်ခွဲရေးဆိုင်ရာ ဝန်ကြီးချုပ်၏ အကြံပေးပုဂ္ဂိုလ် အစ္စမေးလ် ဇာဘီဟူလာ (Ismail Zabihullah) က ယမန်နေ့ (နိုဝင်ဘာ ၂၅ ရက်) က ကျင်းပခဲ့သည့် ၂၀၂၆ ခုနှစ် ဘင်္ဂလားဒေ့ရှ်-တရုတ် ဆက်ဆံရေးဆိုင်ရာ ဒါကာဖိုရမ် (2026 Dhaka Forum on Bangladesh-China Relations) ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

ပြောင်းလဲနေသော အာရှ၏ စီးပွားရေးအခင်းအကျင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပထဝီဝင်အနေအထားက ထူးခြားသည့် အားသာချက်တစ်ရပ်ကို ပေးစွမ်းထားကြောင်း ၎င်းက ဆိုသည်။ အဆိုပြုထားသော စင်္ကြံကို အခြေခံအဆောက်အအုံ စီမံကိန်းတစ်ခုအဖြစ်သာ မရှုမြင်ဘဲ သက်ဆိုင်ရာနိုင်ငံများအကြား စီးပွားရေးပေါင်းစည်းမှုနှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုအတွက် ပိုမိုကျယ်ပြန့်သည့် မူဘောင်တစ်ခုအဖြစ် ရှုမြင်သင့်ကြောင်း ၎င်းက ပြောသည်။

သို့ရာတွင် ယင်းစင်္ကြံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေးအရှိတရားများ၊ လုံခြုံရေးအခြေအနေများ၊ အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည်များနှင့် သက်ဆိုင်ရာ အစုအဖွဲ့အားလုံး၏ စီးပွားရေးအကျိုးစီးပွားများကို ဂရုတစိုက် ထည့်သွင်းစဉ်းစားရန် လိုအပ်မည်ဖြစ်သည်။

အဆိုပါ စီးပွားရေးစင်္ကြံကိစ္စသည် ပြီးခဲ့သည့် ဇွန်လအတွင်းက ဝန်ကြီးချုပ် တာရစ် ရာမန် (Tarique Rahman) ၏ တရုတ်နိုင်ငံ ခရီးစဉ်အပြီးတွင် ဆွေးနွေးမှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။ စင်္ကြံဖော်ဆောင်နိုင်မည့် လက်တွေ့ကျသော နည်းလမ်းများကို ဖော်ထုတ်နိုင်ရန်အတွက် အထောက်အထားအခြေပြု ဆန်းစစ်ချက်များ၊ ဖြစ်နိုင်ခြေ လေ့လာမှုများနှင့် သက်ဆိုင်ရာ အစုအဖွဲ့များနှင့် ညှိနှိုင်းတိုင်ပင်မှုများ အပါအဝင် ပိုမိုအားကောင်းသည့် သုတေသနနှင့် မူဝါဒရေးရာ ဆွေးနွေးမှုများ ပြုလုပ်ရန် အစ္စမေးလ်က တိုက်တွန်းခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အဓိက မျှော်မှန်းချက်တစ်ခုမှာ ဆေးဘက်ဆိုင်ရာ ခရီးသွားလာရေး၊ ကုန်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေး၊ ယဉ်ကျေးမှုနှင့် ပညာရေးဆိုင်ရာ ဖလှယ်မှုများ လွယ်ကူချောမွေ့စေရန် တရုတ်နိုင်ငံ ကူမင်းဒေသနှင့် ဆက်သွယ်ချိတ်ဆက်မှုကို မြှင့်တင်ရန် ဖြစ်သည်။

ကူမင်းနှင့် မြန်မာနိုင်ငံ ကျောက်ဖြူမြို့တို့ကို ဆက်သွယ်ထားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတစ်ခု ရှိနေသော်လည်း အဆိုပါ နှစ်နေရာကြားတွင် အပြည့်အဝ ဖွံ့ဖြိုးပြီး စီးပွားဖြစ် အသုံးပြုနိုင်သည့် ကားလမ်းနှင့် ရထားလမ်းကွန်ရက်ကိုမူ ဖော်ဆောင်နိုင်ခြင်း မရှိသေးကြောင်း ၎င်းက ပြောကြားသည်။

ကျောက်ဖြူမြို့သည် စစ်တကောင်းဆိပ်ကမ်း (Chattogram) မှ ရေကြောင်းခရီးဖြင့် ၃၆၇ ကီလိုမီတာခန့်သာ ကွာဝေးသောကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် အထူးအရေးပါလှသည်။ ကူမင်းနှင့် ကျောက်ဖြူအကြား ခိုင်မာသော ဆက်သွယ်မှုကို ထူထောင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်မည့် ရေကြောင်းလမ်းများနှင့် ပေါင်းစပ်ချိတ်ဆက်လိုက်ပါက တရုတ်၊ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့ကို ဆက်သွယ်ပေးမည့် စီးပွားရေးစင်္ကြံသစ်တစ်ခု ပေါ်ထွက်လာနိုင်ကြောင်း အစ္စမေးလ်က ဆိုသည်။

တရုတ်နိုင်ငံ ရွှေလီမြို့မှ ကော့စ်ဘဇား (Cox’s Bazar) သို့ တိုက်ရိုက်ဆက်သွယ်သည့် လမ်းကြောင်းက ပိုမိုကောင်းမွန်သော်လည်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေသည့် မတည်ငြိမ်မှုများက ကြီးမားသော စိန်ခေါ်မှုတစ်ရပ် ဖြစ်နေသည်။

“ဒေသတွင်း ကုန်သွယ်ရေး၊ လုံခြုံရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် တည်ငြိမ်အေးချမ်းတဲ့ ရခိုင်ပြည်နယ်ကို မရှိမဖြစ် လိုအပ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့ပြီး မြန်မာနိုင်ငံအပေါ် ဩဇာလွှမ်းမိုးမှုနှင့် ဆက်ဆံရေးရှိသည့် တရုတ်နိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်နှင့် ပိုမိုကျယ်ပြန့်သည့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးအတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အမျိုးသားလွတ်လပ်ရေးနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို ကာကွယ်စောင့်ရှောက်ရာတွင် ထောက်ခံအားပေးပြီး နိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီသော လွတ်လပ်သည့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်း ရွေးချယ်မှုကို လေးစားပါကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံရုံး ယာယီတာဝန်ခံ လျူယုယင် (Liu Yuyin) က ပြောကြားခဲ့သည်။

အဆိုပါ ဖိုရမ်၏ ခေါင်းစဉ်အလိုက် ဆွေးနွေးပွဲနှစ်ရပ်တွင် ဘင်္ဂလားဒေ့ရှ်နှင့် တရုတ်နိုင်ငံတို့ ပူးတွဲအာရုံစိုက်ရန် လိုအပ်သည့် အဓိကနယ်ပယ်နှစ်ခုဖြစ်သော ဆိပ်ကမ်းနှင့် ရေကြောင်းအခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသတွင်း ဆက်သွယ်ချိတ်ဆက်မှုတို့ကို အဓိကထား ဆွေးနွေးခဲ့ကြသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် နိုင်ငံတကာဈေးကွက်များနှင့် ချိတ်ဆက်ရန်၊ ပို့ကုန်လုပ်ငန်းများကို ပံ့ပိုးရန်နှင့် ဒေသတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများတွင် ပါဝင်နိုင်ရန်အတွက် ဆိပ်ကမ်းများနှင့် ရေကြောင်းဆိုင်ရာ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးသည် မရှိမဖြစ် လိုအပ်ကြောင်း လျူက ဆိုသည်။

တရုတ်နိုင်ငံသည် ဆိပ်ကမ်းစီမံကိန်းရေးဆွဲခြင်း၊ တည်ဆောက်ခြင်း၊ လည်ပတ်ခြင်း၊ စီမံခန့်ခွဲခြင်းနှင့် ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် အတွေ့အကြုံများစွာ စုဆောင်းရရှိထားသည်။

တရုတ်နိုင်ငံအနေဖြင့် ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်သွယ်ရေး၊ စက်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသတွင်း ဆက်သွယ်ချိတ်ဆက်မှုတို့တွင် ဘင်္ဂလားဒေ့ရှ်နှင့် ကျွမ်းကျင်မှုဆိုင်ရာ ဖလှယ်မှုများကို မြှင့်တင်ရန် အသင့်ရှိနေပြီး အခြေခံအဆောက်အအုံ အားသာချက်များကို စီးပွားရေးတိုးတက်မှု၏ လက်တွေ့ကျသော မောင်းနှင်အားများအဖြစ် ပြောင်းလဲပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဒေသတွင်း ဆက်သွယ်ချိတ်ဆက်မှုနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် တောင်အာရှ၊ အရှေ့တောင်အာရှနှင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတို့ကို ဆက်သွယ်ပေးသည့် အရေးပါသော နေရာတွင် တည်ရှိနေပြီး ဘင်္ဂလားပင်လယ်အော်တစ်လျှောက် မဟာဗျူဟာမြောက် ပထဝီဝင်အားသာချက်ကို ပိုင်ဆိုင်ထားကြောင်း လျူက ပြောကြားသည်။

တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် စီးပွားရေးစင်္ကြံကို မြှင့်တင်ခြင်းနှင့် ဒေသတွင်း ဆက်သွယ်ချိတ်ဆက်မှုကို အားကောင်းစေခြင်းတို့သည် နှစ်နိုင်ငံအကြား တူညီသော နားလည်မှုကို ထင်ဟပ်စေကြောင်း ၎င်းက ဆိုသည်။

စင်္ကြံ၏ လက်တွေ့အခြေအနေများနှင့် ဖွံ့ဖြိုးတိုးတက်မှု အလားအလာများကို ပူးတွဲဆန်းစစ်ရန်၊ စိန်ခေါ်မှုများကို ဓမ္မဓိဋ္ဌာန်ကျကျ စစ်ဆေးရန်နှင့် ရှေ့ဆက်သွားနိုင်မည့် နည်းလမ်းများကို ရှာဖွေရန်အတွက် သိပ္ပံနည်းကျပြီး လက်တွေ့ကျသော ချဉ်းကပ်မှုမျိုး ပြုလုပ်ရန် လျူက တိုက်တွန်းခဲ့သည်။

နှစ်နိုင်ငံအနေဖြင့် တိကျသော စီမံကိန်းများနှင့် ဖြစ်နိုင်ခြေရှိသော ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များကို ဖော်ထုတ်သင့်ပြီး စင်္ကြံဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော အခြေအနေများကို တဖြည်းဖြည်း ဖန်တီးပေးခြင်းဖြင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူများ၏ သာယာဝပြောရေးကို ပိုမိုကောင်းမွန်စွာ အကျိုးပြုနိုင်မည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

အဆိုပါ ဖိုရမ်ကို ဒါကာမြို့ရှိ တရုတ်သံရုံးနှင့် တရုတ်လေ့လာရေးစင်တာ (Centre for China Studies) တို့၏ ပံ့ပိုးကူညီမှုဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတကာနှင့် မဟာဗျူဟာလေ့လာရေး အင်စတီကျု (BIISS) နှင့် ပါတီနှင့် နိုင်ငံတော်အုပ်ချုပ်ရေးဆိုင်ရာ ဘင်္ဂလားဒေ့ရှ်-တရုတ် သုတေသနစင်တာတို့က ပူးပေါင်းစီစဉ်ကျင်းပခဲ့ခြင်း ဖြစ်သည်။

Ref: The Daily Star

မူရင်းသတင်း — Myanmar Transparency News