
နိုဝင်ဘာ ၂၆၊ ၂၀၂၆
Shy V (VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီ ရေပူ စစ်ဆေးရေးဂိတ်မှာ MNDAA တပ်ဖွဲ့က ဆက်ကြေးထပ်ကောက်လို့ ကားသမားတွေ အခက်တွေ့ရကြောင်း ယာဉ်မောင်းတွေဆီက သိရပါတယ်။
“တရုတ် နယ်စပ်က ကုန်တွေပဲ။ ကုန်သည်တွေ တခါ အခွန်ဆောင်ပြီးသားပဲလေ။ ကားသေးနဲ့ကျတော့ တမျိုးနည်းနည်းစီ အရေအတွက် နည်းနည်း ပြန်သယ်တာဆိုတော့ အခွန်စာရွက်က ပြန်တောင်းရ အဆင်မပြေဘူးလေ။ အဲဒါကို ဆောင်ပြီးသား စာရွက်မပြနိုင်လို့ဆိုပြီး နောက်တခါ ထပ်ကောက်တယ်” လို့ ယာဉ်မောင်း တဦးက ပြောပါတယ်။
တရုတ်နယ်စပ်ကနေ ကုန်သည်တွေက ကားကြီးနဲ့ လားရှိုးကို အခွန်ဆောင်ပြီးသယ်လာပြီးနောက် တခြားမြို့ငယ်တွေ၊ ရွာတွေဘက်ကိုကျတော့ ကားသေးတွေနဲ့ အရေအတွက် နည်းနည်းလေး ပြန်ပို့ရတာဖြစ်ပြီး ကုန်သည်တွေကလည်း အခွန် ဆောင်ပြီးသား ဆိုတော့ ကားသမားတွေကို ပြန်မပေးတော့ အခက်ကြုံနေကြရတယ်လို့ သူက ပြောပါတယ်။
“တရုတ်နယ်စပ်ကုန်တွေက သူတို့နေရာကနေပဲ ဝင်လာတာပဲ။ မဆောင်ပဲ ဝင်လို့ရတာမရှိပါဘူး။ ဝင်လာတာတော့ ကားကြီးနဲ့ပဲ ဝင်လာတာများတာပေါ့။ ပြန်ရောင်းတဲ့အချိန်ကျတော့ နည်းနည်းစီပဲဆို ဆောင်ပြီးသား စာရွက်တောင်းရင် အဆင်မပြေဘူးလေ” လို့ နောက်ထပ် ယာဉ်မောင်း တယောက်က ပြောပါတယ်။
စားသောက်ကုန်တွေတော့ မဆောင်ရပေမယ့် မြန်မာပြည်တွင်းထွက် ကုန်တွေကို ဆက်ကြေး ၂ ရာခိုင်နှုန်းကနေ ၇ ရာခိုင်နှုန်းအထိ ဆောင်ရပြီး စာရင်း ပြောမှားပါက ဒဏ်ကြေး အဆမတန် ပေးဆောင်ခိုင်းပြီး မြို့ယာဉ် ဖြတ်သန်းခွင့် တသောင်းကို ဒဏ်ငွေ ၁၀ သိန်းအထိရိုက်ကာ ကားတွေကိုလည်း အဲဒီ ဂိတ်မှာ နာရီပေါင်းများစွာကနေ ရက်ချီ သွားခွင့်မပြုပဲ နေခိုင်းတာတွေ ရှိနေကြောင်း ယာဉ်မောင်း တွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ အောက်တိုဘာလ ၂၇ ရက်နေ့မှာ သိန္နီမြို့ကို MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်လိုက်ပြီးနောက် ၂၀၂၃ ဒီဇင်ဘာလ ၂၁ ရက်ကစ MNDAA ထိန်းချုပ်ဒေသခတွေမှာ ဒေသန္တရ အုပ်ချုပ်ရေး စတင်လည်ပတ်လာတာဖြစ်ပြီး ၂၀၂၅ ဩဂုတ်လမှာတော့ သိန္နီမြို့နယ်အတွင်း MNDAA တပ်ဖွဲ့ရဲ့ အခွန်ဌာနက စစ်ဆေးရေးဂိတ် ၆ ခု ဖွင့်လှစ်ခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။