ရောင်ဝါ
၂၇. ၁၁. ၂၀၂၆
အမျိုးသမီးတစ်ဦးကို တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားရန်စီစဉ်ဆောင်ရွက်ခဲ့သူအား လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ရှမ်းပြည်နယ် ကွမ်းဟိန်းမြို့နယ် ဝမ်တုန်ရွာနေ အမျိုးသမီးတစ်ဦးကို ရှမ်းပြည်နယ် တန့်ယန်းမြို့နယ်နေသူ နန်းခမ်းလူနှင့် ပန်ဆန်းမြို့နေ အိုက်သန်းတို့က Messenger မှ ပန်ဆန်းမြို့ရှိ အကင်ဆိုင်တွင် အလုပ်လုပ်ကိုင်ပါက တစ်လလျှင် တရုတ်ယွမ် ၃၅၀၀ ရရှိမည်၊ လုပ်ကိုင်မည်ဆိုပါက ခရီးစရိတ်/စားစရိတ် စိုက်ထုတ်ခေါ်ဆောင်ပေးမည်ဟု ပြောဆိုစည်းရုံးပြီး ပန်ဆန်းမြို့မှတစ်ဆင့် တရုတ်နိုင်ငံ စန်းတုန်းပြည်နယ်နေ နန်းခမ်းလီထံသို့ ပို့ဆောင်ကာ တရုတ်အမျိုးသားတစ်ဦးနှင့် အဓမ္မလက်ထပ်စေရန် တရုတ်ယွမ် ၁၇၀၀၀၀ ဖြင့် ရောင်းစားခဲ့ကြောင်း စိစစ်သိရှိခဲ့ရသည်။
ထို့ကြောင့် တန့်ယန်းမြို့မရဲစခန်းက (ပ)၄၀/၂၀၂၆၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)/၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး နိုဝင်ဘာ ၂၀ ရက်တွင် တန့်ယန်းခရိုင်တရားရုံးက ဖမ်းမိတရားခံ နန်းခမ်းလူကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ အိုက်သန်းနှင့် နန်းခမ်းလီတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ အရ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။