
ထိုက်စံ(NP News)-နိုဝင်ဘာ ၂၇
ပြင်ဦးလွင်ကော်ဖီ စီမံကိန်း လုပ်ငန်းရှင်များ ကော်ဖီပင်များ ဖြစ်ထွန်းအောင် စိုက်ပျိုးထားခြင်းမရှိပါက စာချုပ်ပါ စည်းမျဉ်းစည်းကမ်းများ အတိုင်း လုပ်ကိုင်ခွင့် ရုပ်သိမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှတာဝန်ရှိသူများက ပြင်ဦးလွင်ကော်ဖီ စီမံကိန်းလုပ်ငန်းရှင်များကို ယမန်နေ့(နိုဝင်ဘာ ၂၆ ရက်)က တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခဲ့ကြောင်း သိရသည်။
နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရုံးအမှတ် (၄၃) ရှိ အစည်းအဝေးခန်းမ၌ မြေပြင်ကွင်းဆင်း စစ်ဆေးချက်အရ မြေဧရိယာအပြည့်အဝမစိုက်ပျိုးဘဲ တစ်စိတ်တစ်ဒေသကိုသာ စိုက်ပျိုးထားသူလုပ်ငန်းရှင် (၁၁) ဦးနှင့် စိုက်ပျိုးထားသော်လည်း ဖြစ်ထွန်းအောင်မြင်မှု အားနည်းနေသူ လုပ်ငန်းရှင် (၅၆) ဦးတို့ကို ခေါ်ယူတွေ့ဆုံ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ပြင်ဦးလွင်ကော်ဖီ စီမံကိန်း လုပ်ငန်းရှင်များအနေဖြင့် စိုက်ပျိုးထားသည့် ကော်ဖီပင်များကို အပင်ဖြစ်ထွန်း အောင်မြင်မှုရှိအောင် ထိန်းသိမ်းပြုစုကြရန် လိုအပ်ကြောင်း၊ ထပ်မံကွင်းဆင်းစစ်ဆေး ၍ ကော်ဖီပင်များ ဖြစ်ထွန်းအောင် စိုက်ပျိုးထားခြင်းမရှိပါက စာချုပ်ပါ စည်းမျဉ်းစည်းကမ်းများအတိုင်း လုပ်ကိုင်ခွင့် ရုပ်သိမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် တာဝန်ရှိသူများက လုပ်ငန်းရှင်များကို နည်းပညာ၊ မျိုးစေ့၊ ပျိုးပင် လိုအပ်ချက်များ နှင့် အခြားအခက်အခဲများရှိပါက စိုက်ပျိုးရေးဦးစီးဌာနနှင့် ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် ကော်ဖီစီမံကိန်း ဧရိယာအတွင်းရှိ ကော်ဖီစိုက်ပျိုး ရန် လုပ်ကိုင်ခွင့်ချထားပေးသော မြေများအပေါ်စိုက်ပျိုးဆောင်ရွက် ထားမှုအခြေအနေကို မြေပြင်ကွင်းဆင်း စစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းကာ ပြီးခဲ့သည့် အောက်တိုဘာလမှ နိုဝင်ဘာလအထိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး အချို့မှာ ဧရိယာပြည့် စိုက်ပျိုး ထားမှုမရှိခြင်း၊ အချို့မှာ စိုက်ပျိုးထားသည် ဆိုရုံမျှသာ စိုက်ပျိုး ထားခြင်းတို့ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။