Myanmar National Post

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၂)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပ

 


ဘားအံ  ၊ နိုဝင်ဘာ ၂၇

ကရင်ပြည်နယ်အတွင်း ရွက်ပုံးသီးမျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရေး၊ ကရင်ပြည်နယ်ဘောလုံးအားကစား အဆင့်အတန်းတိုးတက်မြင့်မားလာစေရေး၊ ပြည်နယ်ဂုဏ်ဆောင်ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရေး၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဘောလုံးပြိုင်ပွဲတွင် ကရင်ပြည်နယ် ဘောလုံးအသင်း အောင်မြင်မှု ရရှိစေရေးအတွက် ၂၀၂၆  ခုနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၂)နှစ်အောက်၊ အမျိုးသားဘောလုံးပြိုင်ပွဲကို နိုဝင်ဘာ ၂၆ ရက်၊ မွန်းလွဲ ၃ နာရီက ဘားအံမြို့ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်အားကစားကွင်း၌ ကျင်းပသည်။အဆိုပါဘောလုံးအားကစားပြိုင်ပွဲကို ကရင်ပြည်နယ်အစိုးရဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က အားကစားသမားများအနေဖြင့် အားကစားသမားကောင်း စိတ်ဓာတ်ဖြစ်သည့် “နိုင်ရင်မာန်မတက်နဲ့၊ ရှုံးရင်အားမငယ်နဲ့” ဆိုသည့်စကားအတိုင်း အောင်ပွဲကိုနှိမ့်ချစွာခံယူပြီး အရှုံးကိုသင်ခန်းစာဖြစ် ရဲရဲဝံ့ဝံ့လက်ခံတတ်ပြီး ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် သတ်မှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်း ဥပဒေ‌ဘောင်အတွင်းမှ အနိုင်ရရှိအောင် ကြိုးစားယှဉ်ပြိုင်သွားစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုပြီးနောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ပြိုင်ပွဲဝင်အသင်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး ချီးမြှင့်ငွေများအား အသီးသီးပေးအပ်ချီးမြှင့်သည်။

အဆိုပါဘောလုံးပြိုင်ပွဲကို ကရင်ပြည်နယ်ရှိ ဘားအံ၊ ကော့ကရိတ်၊ မြဝတီ၊ ကြာအင်းဆိပ်ကြီး၊ သံတောင်ကြီး၊ ဖာပွန်၊ လှိုင်းဘွဲမြို့နယ် ပြိုင်ပွဲဝင်အသင်း (၇)သင်းတို့က အုပ်စု ၂ အုပ်စုခွဲ၍ နိုဝင်ဘာ ၂၆ ရက်နေ့မှ ဒီဇင်ဘာ ၅ ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း  သတင်းရသည်။

မျိုးမင်းဦး 

https://t.me/MyanmarNationalPost

မူရင်းသတင်း — Myanmar National Post