Myanmar Transparency News

အိန္ဒိယနိုင်ငံက ဖေဖော်ဝါရီလတွင် ပါကစ္စတန်နယ်စပ်၌ ပဉ္စမမြောက် S-400 စနစ်ကို ချထားရန် ပြင်ဆင်နေကြောင်း ပြောကြား

၂၇.၁၁.၂၀၂၆
Translated by Htwe Ko Tun

တရုတ်နှင့် တူရကီနိုင်ငံတို့က စစ်ဘက်ဆိုင်ရာပစ္စည်းကိရိယာများ ထောက်ပံ့ပေးခြင်း၊ အမေရိကန်ပြည်ထောင်စုက F-16 တိုက်လေယာဉ်များ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်းနှင့် ဆော်ဒီအာရေဗျနိုင်ငံက ပါကစ္စတန်၏ စစ်ရေးစွမ်းဆောင်ရည်အတွက် ငွေကြေးထောက်ပံ့ပေးခြင်းတို့ ရှိလာနေချိန်တွင် အိန္ဒိယနိုင်ငံသည် ၎င်း၏ အနောက်ဘက်နယ်စပ်ကို ပိုမိုခိုင်မာအားကောင်းစေရန် ဆုံးဖြတ်လိုက်သည်။

ထိုဆုံးဖြတ်ချက်အရ ဂျမ်မူးနှင့် ကက်ရှ်မီးယားဒေသရှိ ၇၄၀ ကီလိုမီတာ ရှည်လျားသော ထိန်းချုပ်မျဉ်းကို ကာကွယ်ရန်အတွက် ပဉ္စမမြောက် S-400 လေကြောင်းရန် ကာကွယ်ရေးစနစ်ကို ချထားမည်ဖြစ်ကြောင်း အဆိုပါကိစ္စရပ်ကို သိရှိထားသည့် အဆင့်မြင့်အရာရှိကြီး နှစ်ဦးက ပြောကြားခဲ့ကြသည်။

လက်ရှိတွင် ဝေဟင်မှ ခြိမ်းခြောက်မှုများကို တန်ပြန်ရန်အတွက် အိန္ဒိယနိုင်ငံက S-400 ဝေးလံပစ် ဒုံးကျည်ကာကွယ်ရေးစနစ် သုံးခုကို ပန်ဂျပ်၊ ရာဂျာစတန်နှင့် ဂူဂျာရတ်ပြည်နယ်များတွင် ချထားပြီး စတုတ္ထမြောက်စနစ်တစ်ခုကို အာသံပြည်နယ်တွင် ချထားပြီးဖြစ်သည်။

လာမည့်နှစ်တွင် ရုရှားနိုင်ငံထံမှ နောက်ထပ် S-400 စနစ် ၅ ခု ထပ်မံဝယ်ယူရန် စီစဉ်ထားသည့် S-400 စနစ်သည် ပဲ့ထိန်းတိုက်ချင်းပစ်ဒုံးကျည်များ၊ လေယာဉ်များ၊ လူမဲ့တိုက်ခိုက်ရေး လေကြောင်းစနစ်များ နှင့်မိမိကိုယ်ကို ပေါက်ကွဲစေသည့် ဒရုန်းများကို တန်ပြန်တိုက်ဖျက်နိုင်သည်။

အမျိုးသားလုံခြုံရေးကိစ္စရပ်များနှင့် ပတ်သက်၍ အိန္ဒိယဗဟိုအစိုးရက တရားဝင် ထုတ်ဖော်ပြောကြားခြင်း မရှိသေးသော်လည်း၊ အထက်ပါ အရာရှိများက HT သတင်းဌာနသို့ ပြောကြားရာတွင် အိန္ဒိယလေတပ်မှ စစ်ဆေးရေးအဖွဲ့တစ်ဖွဲ့သည် ဒီဇင်ဘာလတွင် ရုရှားနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး ပဉ္စမမြောက် S-400 စနစ်သည် ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလတွင် တပ်ဖြန့်ချထားရန် အဆင်သင့် ဖြစ်လာမည်ဟု ဆိုသည်။

ဤလက်နက်ဝယ်ယူမှုများကြောင့် ဖြစ်ပေါ်လာသည့် အမျိုးသားလုံခြုံရေးဆိုင်ရာ သုံးသပ်ချက်များနှင့် ပါကစ္စတန်ဘက်မှ နယ်စပ်ဖြတ်ကျော် အကြမ်းဖက်မှု ခြိမ်းခြောက်မှုများကို ထည့်သွင်းစဉ်းစားလျက် အိန္ဒိယနိုင်ငံသည် ဝေးလံသော အကွာအဝေးမှ ပစ်ခတ်နိုင်သည့် လေယာဉ်ချင်းတိုက်ခိုက်ရေး၊ လေကြောင်းမှ မြေပြင်တိုက်ခိုက်ရေးနှင့် မြေပြင်မှ မြေပြင်တိုက်ခိုက်ရေး လက်နက်များကို အားဖြည့်ပြင်ဆင်နေသလို အိန္ဒိယ-တရုတ် နယ်နိမိတ်မျဉ်း တစ်လျှောက်ရှိ နယ်စပ်အခြေခံ အဆောက်အအုံများကိုလည်း အဆင့်မြှင့်တင်ရန် ပြင်ဆင်လျက်ရှိကြောင်း အဆိုပါ အရာရှိများက ထပ်လောင်းပြောကြားခဲ့သည်။

Ref: Hindustan Times

မူရင်းသတင်း — Myanmar Transparency News