Myanmar Digital News

ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

ဖလမ်း နိုဝင်ဘာ ၂၆

 

ဖလမ်းမြို့ ကျင်မွာလ်ရပ်ကွက်၌ အကြမ်းဖက် ဖြစ်စဉ်များကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် သူနာပြုသင်တန်းကျောင်း ဘွဲ့နှင်း သဘင်ခန်းမဆောင်၊ ပြည်သူ့ ဆေးရုံကြီးဝင်းအတွင်း ကျန်းမာရေး ဝန်ထမ်းအိမ်ရာ ၆ ခန်းတွဲ ၂ ထပ်တို့ ပြုပြင်ဆောင်ရွက်လျက်ရှိပြီး ပြုပြင်ပြီးစီးသည့် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာများတွင် ဝန်ထမ်းများ နေထိုင်လျက်ရှိကြောင်း သိရသည်။

 

ထိုသို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ကျော်ဟန်၊ ချင်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေးနှင့် ချင်းပြည်နယ် အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များက လှည့်လည် ကြည့်ရှုစစ်ဆေးကြသည်။

 

ထို့ပြင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဖလမ်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် ရွက်ဖျန်းမြေဩဇာ၊ သဘာဝ မြေဩဇာနှင့် Home Garden မျိုးစေ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ဒေသခံတောင်သူများထံ ရွက်ဖျန်းမြေဩဇာ၊ သဘာဝမြေဩဇာနှင့် Home Garden မျိုးစေ့များ ပေးအပ်ကာ ရင်းရင်းနှီးနှီး အားပေးစကား ပြောကြားသည်။

 

အခမ်းအနားတွင် ဒုတိယဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ အဆင်ပြေစေရေးအတွက် အလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိမှသာ ပြည်သူများ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများတွင် အဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းနှင့် အားလုံးပူးပေါင်း ဆောင်ရွက်ကြရန် လိုကြောင်း တိုက်တွန်းပြောကြားပြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ချင်းပြည်နယ်အစိုးရ အနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ အလေးထား ဆောင်ရွက်ပေးမှု အခြေအနေကို ရှင်းလင်းပြောကြားကာ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးက တက်ရောက်လာသည့် ဒေသခံတောင်သူများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ပတ်သက်၍ အသိပညာပေး ရှင်းလင်းဆွေးနွေးသည်။

 

ခရိုင်(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News