Myanmar Digital News

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး အာဆီယံ-တရုတ် ရက်သတ္တပတ် (၂၀၂၆) ပါဝင်တက်ရောက်

နေပြည်တော် နိုဝင်ဘာ ၂၆

 

အာဆီယံ-တရုတ် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကိုမြှင့်တင်ရန် နှစ်စဉ် သီးသန့်ရည်ရွယ်ကျင်းပသည့် အာဆီယံ-တရုတ် ရက်သတ္တပတ်(၂၀၂၆) အခမ်းအနားကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချုံချင့်မြို့၌ နိုဝင်ဘာ ၂၂ ရက်မှ ၂၅ ရက်အထိ ကျင်းပရာ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့သည်။

 

နိုဝင်ဘာ ၂၁ ရက် မွန်းလွဲပိုင်းတွင်အဖွဲ့ဝင်အဖြစ် လိုက်ပါလာကြသည့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့်ခိုင်နှင့် ကိုယ်စားလှယ်အဖွဲ့တို့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံကူမင်းမြို့ရှိ မြန်မာကောင်စစ် ဝန်ချုပ်ရုံးဝန်ထမ်းများအား သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားပြီး မြန်မာကောင်စစ်ဝန်ချုပ်ရုံး ရုံးအဆောက်အအုံနှင့် ဝန်ထမ်းနေအိမ်များကို ကြည့်ရှုသည်။

 

နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ချုံချင့်မြို့ရှိ တရုတ်တိုင်းရင်းဆေးရုံသို့ အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ သွားရောက်ပြီး တရုတ်ရိုးရာ တိုင်းရင်းဆေးပညာရပ်ဖြင့် လူနာများအားပြုစုကုသ၊ ကျန်းမာရေးဝန်ဆောင်မှုပေးလျက်ရှိသည့် အခြေအနေကို ကြည့်ရှုလေ့လာခဲ့ကြသည်။

 

မွန်းလွဲပိုင်းတွင် ချုံချင့်မြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ရုံးဝန်ထမ်းများအား သွားရောက်တွေ့ဆုံ အားပေးစကား ပြောကြားသည်။

 

တွေ့ဆုံပွဲအပြီးတွင် အာဆီယံ-တရုတ်စင်တာ အတွင်းရေးမှူးချုပ် Mr. Zhang Lizhong နှင့် တွေ့ဆုံ ဆွေးနွေးသည်။

 

ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ယဉ်ကျေးမှုဖလှယ်ရေးသည် မြန်မာနှင့်တရုတ်နိုင်ငံ ပြည်သူများအကြား အပြန်အလှန်နားလည်မှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် နီးကပ်သောဆက်ဆံရေးကို မြှင့်တင်ပေးနိုင်သည့် ထိရောက်သောနည်းလမ်း တစ်ခုဖြစ်သည့်အတွက် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် ယဉ်ကျေးမှုဖလှယ်ရေးကို အလေးထား ဆောင်ရွက်လိုကြောင်း၊ နှစ်စဉ် တရုတ်ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ တိုးတက်ဝင်ရောက်လာသည့်အတွက် နှစ်နိုင်ငံခရီးသွားလာမှု ဖွံ့ဖြိုးတိုးတက် ရေးအစီအစဉ်များကို ဆက်လက်ဆောင်ရွက်သွား လိုကြောင်း ဆွေးနွေးပြောကြားသည်။

 

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ချုံချင့်မြို့ မြူနီစီပယ်ပြည်သူ့အစိုးရ တာဝန်ရှိသူများက တည်ခင်းဧည့်ခံသည့် ကြိုဆိုဧည့်ခံပွဲနှင့် အာဆီယံ-တရုတ် ရက်သတ္တပတ် “Dynamic Chongqing” အထူးဒရုန်းပြပွဲတို့ကို တက်ရောက်လေ့လာကြည့်ရှုကြသည်။

 

နိုဝင်ဘာ ၂၃ ရက် နံနက်ပိုင်းတွင် ယွီကျိုးဟိုတယ်၌ ချုံချင့်မြူနီစီပယ်ပြည်သူ့အစိုးရ တာဝန်ရှိသူများ၊ အာဆီယံကိုယ်စားလှယ်အဖွဲ့များနှင့် စုပေါင်းတွေ့ဆုံဆွေးနွေးပြီး အာဆီယံ-တရုတ်စင်တာ(၁၅) နှစ်ပြည့် အထိမ်းအမှတ်ပြခန်းကို လေ့လာကြည့်ရှုကာ အာဆီယံ-တရုတ် ရက်သတ္တပတ် (၂၀၂၆) ဖွင့်ပွဲအခမ်းအနားသို့ ပါဝင်တက်ရောက်သည်။

 

ဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီးသည် ချုံချင့်မြူနီစီပယ် ပြည်သူ့အစိုးရရုပ်မြင်သံကြားဌာန၏ ခရီးသွားလုပ်ငန်းဆိုင်ရာ မေးမြန်းမှုကို ဖြေကြား သည်။

 

ထို့အတူ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင် ဒုတိယဝန်ကြီး ဦးဝင်းမြင့်ခိုင်သည် နိုဝင်ဘာ ၂၃ ရက် နံနက်ပိုင်းတွင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် အခွင့်အလမ်းသစ်များ ရှာဖွေဖော်ထုတ်ခြင်း - “AI (အေအိုင်) အခြေပြုဒီဂျစ်တယ်နှင့် အစိမ်းရောင်ကူးပြောင်းမှု” အဆင့်မြင့် အထူးဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ဆွေးနွေးခဲ့သည်။

 

နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ၂၀၂၆ ခုနှစ် ချုံချင့် နိုင်ငံတကာခရီးသွား အေဂျင်စီများညီလာခံ၏ အာဆီယံအစီအစဉ်သို့ ပါဝင်တက်ရောက်ပြီး အမှာစကား ပြောကြားသည်။

 

အလားတူ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များသည် သိပ္ပံနှင့်နည်းပညာဆိုင်ရာ အာဆီယံ-တရုတ် (ချုံချင့်)ကွန်ဖရင့် (၂၀၂၆) သို့လည်းကောင်း၊ လန်ချန်း-မဲခေါင် ခရီးသွားမြို့တော်များ စကားဝိုင်း ဆွေးနွေးပွဲသို့လည်းကောင်း ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ချုံချင့်မြို့ရှိ ချုံချင့်မြို့ပြစီမံကိန်းပြခန်း အဆောက်အအုံ၊ ချန်အန်းမော်တော်ကား ကမ္ဘာလုံးဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးရေးစင်တာများကို သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

မူရင်းသတင်း — Myanmar Digital News