
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်
,
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့သီတင်းပတ်အတွင်း တရုတ်နိုင်ငံမှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့ဆုံစဉ် ဥရောပတစ်ဝန်း နယ်မြေတွေအပေါ် ရုရှားရဲ့ စစ်ရေးရန်လိုမှုတွေကို လျှော့ချဖို့ တိုက်တွန်းခဲ့ကြောင်းနဲ့ အဲဒီလို လုပ်ဆောင်ခြင်းက ယူကရိန်းစစ်ပွဲကို အမြန်အဆုံး သတ်နိုင်မယ့် သဘောတူညီချက်တစ်ခု ရရှိလာစေဖို့ မျှော်လင့်ကြောင်း ကြာသပတေးနေ့မှာ ပြောပါတယ်။
ထရမ့်က Truth Social လူမှုကွန်ရက်မှာ ရေးသားရာမှာ တရုတ်နိုင်ငံ၌ ရုရှားသမ္မတ ပူတင်နဲ့ ဆွေးနွေးခဲ့စဉ် ဥရောပ တစ်ဝန်း နယ်မြေတွေအပေါ် စစ်ရေးရန်လိုမှုတွေကို ရပ်တန့်လျှော့ချဖို့ ဆွေးနွေးခဲ့ပြီး ရုရှားနဲ့ ယူကရိန်းအကြား သဘောတူညီချက်တစ်ခု အမြန်ရရှိလာနိုင်ဖို့ မျှော်လင့်ကြောင်း ဖော်ပြခဲ့ပါတယ်။
ဒါ့အပြင် အဲဒီလို သဘောတူညီချက်ရရှိဖို့ ဖြစ်နိုင်ခြေကောင်းတစ်ခု ရှိနေတယ်လို့ ယုံကြည်ကြောင်း၊ လစဉ် လူထောင်ချီ သေဆုံးနေရပြီး အခြေအနေဟာ သွေးထွက်သံယိုမှုကြီးတစ်ခု ဖြစ်နေကြောင်း လည်း ထရမ့်က ပြောပါတယ်။
ထရမ့်ဟာ ယူကရိန်းစစ်ပွဲကို ညှိနှိုင်းမှုနဲ့ အဆုံးသတ်ဖို့ မကြာခဏ တိုက်တွန်းခဲ့ပေမဲ့ ဥရောပတစ်ဝန်း နယ်မြေတွေ အပေါ် စစ်ရေးရန်လိုမှုတွေ လျှော့ချဖို့ဆိုတဲ့ သူ့ရဲ့ပြောဆိုချက်မှာ ယူကရိန်းစစ်မြေပြင်အ ပြင် အခြားနယ်မြေတွေကိုပါ ရည်ညွှန်းထားနိုင်ပါတယ်။ ဒါပေမဲ့ ပူတင်ကို ဘယ်လိုစစ်ရေးလုပ်ရပ်တွေ ရပ်တန့်ဖို့ တောင်းဆိုခဲ့တယ်ဆိုတာကိုတော့ အသေးစိတ် ပြောဆိုခြင်းမရှိပါဘူး။
၂၀၂၂ ခုနှစ်မှာ ရုရှားက ယူကရိန်းကို ကျူးကျော်စတင်ခဲ့ပြီးနောက်ပိုင်း အခြားနိုင်ငံတွေကလည်း ရုရှားရဲ့ ရန်လိုတဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး အခါအားလျော်စွာ စွပ်စွဲပြောဆိုခဲ့ကြပါတယ်။
ကြာသပတေးနေ့နောက်ပိုင်းမှာလည်း ထရမ့်က ပူတင်ဟာ သဘောတူညီချက်တစ်ခု ရရှိဖို့ ဆန္ဒရှိ တယ်လို့ ယုံကြည် ကြောင်း ထပ်မံပြောခဲ့ပါတယ်။ ဒါပေမဲ့ ရုရှားသမ္မတ ပူတင်နဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးတို့အကြား အပြန်အလှန် မုန်းတီးမှုတွေက ညှိနှိုင်းရေးလုပ်ငန်းစဉ်ကို ခက်ခဲစေတယ်လို့ ဆိုပါတယ်။
နေတိုးအဖွဲ့ဝင် ပိုလန်နိုင်ငံက ယခုသီတင်းပတ်အတွင်း ရုရှားဟာ ပိုလန်လေပိုင်နက်ကို တမင်တကာ ချိုးဖောက် ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။ အက်စ်တိုးနီးယားနိုင်ငံကလည်း မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ မီးရှို့တိုက်ခိုက်မှုတစ်ခုနဲ့ ရုရှားစစ်ဘက်ထောက်လှမ်းရေးအဖွဲ့ကို ဆက်စပ်ဖော်ပြခဲ့ပါတယ်။
ထရမ့်ဟာ ပြီးခဲ့တဲ့သီတင်းပတ်က တရုတ်နိုင်ငံ ရှန်ကျန်းမြို့မှာ ကျင်းပတဲ့ APEC ခေါင်းဆောင်များ အစည်းအဝေးကို တက်ရောက်စဉ် ရုရှားသမ္မတ ပူတင်နဲ့ တွေ့ဆုံခဲ့တာဖြစ်ပြီး ယူကရိန်းစစ်ပွဲနဲ့ ပိုမိုကျယ်ပြန့်တဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စ တွေကို ဖြေရှင်းဖို့ သူ့အစိုးရရဲ့ သံတမန်ရေးကြိုးပမ်းမှုတစ်စိတ် တစ်ပိုင်းအဖြစ် တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ အဲဒီအပြင် ပူတင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့နဲ့ သုံးနိုင်ငံထိပ်သီးအစည်းအဝေးကိုလည်း တက်ရောက်ခဲ့ပါတယ်။
ထရမ့်အစိုးရက ခေါင်းဆောင်နှစ်ဦးစလုံးနဲ့ တိုက်ရိုက်ဆက်ဆံခြင်းဟာ ကမ္ဘာ့တင်းမာမှုတွေကို လျှော့ချနိုင်ဖို့ အထောက်အကူပြုမယ်လို့ ယူဆထားပေမဲ့ ဝေဖန်သူတွေကတော့ စစ်ပွဲအဆုံးသတ်ဖို့ မော်စကိုအပေါ် ဝါရှင်တန်က ဖိအားလုံလောက်စွာ ပေးနေခြင်း ရှိ၊ မရှိကို မေးခွန်းထုတ်နေကြပါတယ်။
ထရမ့်ရဲ့ သမက်ဖြစ်သူနဲ့ သံတမန်ရေးရာ ကိုယ်စားလှယ် ဂျာရက် ကူရှ်နာကလည်း ဗုဒ္ဓဟူးနေ့မှာ ဂျာမန်မီဒီယာအုပ်စု Axel Springer ရဲ့ အမှုဆောင်အရာရှိချုပ် မာသီယက်စ် ဒေါ့ဖ်နာနဲ့ ပေါ့ဒ်ကတ်စ် အင်တာဗျူးတစ်ခုမှာ ပူတင်ကို “နိုင်ငံရေးပညာရဲ့ အထွတ်အထိပ် ကျွမ်းကျင်သူ” နဲ့ “သမိုင်းဝင်ပုဂ္ဂိုလ်” တစ်ဦးအဖြစ် ချီးကျူးပြောဆိုခဲ့ပါတယ်။
ကူရှ်နာက ယူကရိန်းစစ်ပွဲ ပိုမိုကြီးမားတဲ့ ပဋိပက္ခအဖြစ် ပြောင်းလဲသွားနိုင်တဲ့ အန္တရာယ်ရှိနေသော် လည်း ပူတင်ဟာ နျူကလီးယားလက်နက်တွေ အသုံးပြုခြင်းကို ရှောင်ကြဉ်ခဲ့တာကို “ထိန်းထိန်း သိမ်းသိမ်း လုပ်ဆောင်ခဲ့မှု” အဖြစ် ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ပူတင်ဟာ ငြိမ်းချမ်းရေးရရှိဖို့နဲ့ အမေရိကန်နဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန်လာဖို့ ဆန္ဒရှိတယ်လို့ ယုံကြည်ကြောင်းလည်း ကူရှ်နာက ပြောခဲ့ပါတယ်။
Ref – Reuters