Yangon Media Group

တရုတ်နိုင်ငံ၌ကျင်းပသည့် စတုတ္ထအကြိမ် ရပ်ဝန်းနှင့်ပိုးလမ်းမ စွမ်းအင်ဝန်ကြီးများ ညီလာခံသို့ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် တက်ရောက်ဆွေးနွေး

#Local_News
Published 27 November 2026

■ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချင်းတောင်မြို့၌ ကျင်းပသည့် စတုတ္ထအကြိမ် ရပ်ဝန်းနှင့်ပိုးလမ်းမ စွမ်းအင်ဝန်ကြီးများညီလာခံသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

■ အဆိုပါညီလာခံကို တရုတ်နိုင်ငံ အမျိုးသားစွမ်းအင်အုပ်ချုပ်မှုအဖွဲ့ (National Energy Administration-NEA) က ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် ကျင်းပသည့် ရပ်ဝန်းနှင့်ပိုးလမ်းမ စွမ်းအင်ဝန်ကြီးများ အုပ်ချုပ်ရေးဘုတ်အဖွဲ့၏ ပထမအကြိမ်အစည်းအဝေးနှင့် စတုတ္ထအကြိမ် စွမ်းအင်ဝန်ကြီးများညီလာခံတို့သို့ တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

■ ညီလာခံတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ကမ္ဘာ့နိုင်ငံများအနေဖြင့် စွမ်းအင်လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းစေရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး ယင်းသည်ညီလာခံ၏ ရည်ရွယ်ချက်နှင့်လည်း ကိုက်ညီကြောင်း ပြောကြားခဲ့သည်။

■ မြန်မာနိုင်ငံအနေဖြင့် ရေအား၊ နေရောင်ခြည်နှင့် လေစွမ်းအင်ကဲ့သို့သော ပြန်ပြည့်မြဲစွမ်းအင်အရင်းအမြစ်များကို အဓိကအသုံးပြုနိုင်ရေး ဆောင်ရွက်လျက်ရှိသကဲ့သို့ ရုပ်ကြွင်းလောင်စာများ အသုံးပြုရာတွင်လည်း သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေရေးကို အလေးထားဆောင်ရွက်နေကြောင်း၊ ပြန်ပြည့်မြဲစွမ်းအင်ဖွံ့ဖြိုးရေးနှင့် ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေး လုပ်ငန်းစဉ်များတွင်လည်း တက်ကြွစွာပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

■ ထို့ပြင် အဆိုပါလုပ်ငန်းစဉ်များကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် ညီလာခံကို ဦးဆောင်ကျင်းပသည့် တရုတ်နိုင်ငံ အမျိုးသားစွမ်းအင်အုပ်ချုပ်မှုအဖွဲ့၏ အကူအညီနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရယူလိုကြောင်းလည်း ဆွေးနွေးခဲ့ကြောင်း၊ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တရုတ်နိုင်ငံ အမျိုးသားစွမ်းအင်အုပ်ချုပ်မှုအဖွဲ့ (NEA) အကြီးအကဲနှင့် တာဝန်ရှိသူများအား တွေ့ဆုံခဲ့ပြီး မြန်မာ-တရုတ် နှစ်နိုင်ငံအကြား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကိုဆွေးနွေးခဲ့ကြကြောင်း သိရသည်။

■ တွေ့ဆုံစဉ် ရေအားလျှပ်စစ်စီမံကိန်းများ၊ နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းစီမံကိန်းများ၊ ဆိုလာစွမ်းအင်အသုံးပြုမှု မြှင့်တင်ရေးစီမံကိန်းများ၊ ဘက်ထရီစွမ်းအင်သိုလှောင်မှုစီမံကိန်းများ၊ စုပ်တင်ရေအားလျှပ်စစ်စီမံကိန်းများနှင့် လေအားလျှပ်စစ်စီမံကိန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့အပြင် ကမ်းလွန်သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ကွက်အသစ်များတွင် ရင်းနှီးမြှုပ်နှံနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည့်အပြင် နည်းပညာ၊ ကျွမ်းကျင်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ပူးပေါင်းဆောင်ရွက်နိုင်မည့် မြန်မာ-တရုတ် လျှပ်စစ်နှင့်စွမ်းအင်စီမံကိန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်ဖက်အကြား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်းသိရသည်။

■ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညီလာခံသို့ တက်ရောက်လာသည့် အီရန်နိုင်ငံ စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီးနှင့်လည်း သီးခြားတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍများတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရသည်။

#YMG/SW #Yangon_Times

မူရင်းသတင်း — Yangon Media Group