သက်တံ့
၂၇. ၁၁. ၂၀၂၆
ယမန်နေ့ နိုဝင်ဘာ ၂၆ ရက်က ကူဝိတ်နိုင်ငံတွင် ဖြစ်ပွားခဲ့သော ဒရုန်းတိုက်ခိုက်ခံရမှုအတွင်း လေကြောင်းရန်ကာကွယ်ရေးစနစ်တွင် လုပ်ကိုင်နေသည့် အီတလီ နည်းပညာရှင်နှစ်ဦး သေဆုံးခဲ့ပြီး ယင်းမှာ ပင်လယ်ကွေ့နိုင်ငံများထဲတွင် လပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် လူသေဆုံးမှုရှိခဲ့သည့် တိုက်ခိုက်မှု ဖြစ်လာခဲ့သည်။
အီတလီနှင့် ကူဝိတ် နှစ်နိုင်ငံစလုံးက သေဆုံးမှုများကို အတည်ပြုခဲ့ပြီး အဆိုပါတိုက်ခိုက်မှုသည် အီရန်၏ လက်ချက်ဖြစ်ကြောင်း အပြစ်တင်ခဲ့ကြသည်။ သို့သော် တီဟီရန်၏ နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရက်ဂ်ချီက ကူဝိတ်နှင့် အီတလီ နိုင်ငံခြားရေးဝန်ကြီးများထံ ဖုန်းဆက်သွယ်ပြောဆိုရာတွင် အဆိုပါ လူသေဆုံးစေသည့် တိုက်ခိုက်မှုနောက်ကွယ်၌ အီရန်နိုင်ငံ မပါဝင်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။
အီရန်သည် အငြင်းပွားနေသော ဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ်နိုင်ရေးအတွက် အမေရိကန်ပြည်ထောင်စုနှင့် ဆက်လက်တိုက်ခိုက်နေစဉ်အတွင်း လွန်ခဲ့သည့် သီတင်းပတ်က ကူဝိတ်နှင့် ပင်လယ်ကွေ့ အိမ်နီးချင်း ဘာရိန်းနိုင်ငံတို့အပေါ် တိုက်ခိုက်မှုများကို အရှိန်မြှင့်လုပ်ဆောင်ခဲ့သည်။
“ယနေ့ နေ့လယ် ၂ နာရီဝန်းကျင်ခန့်က အီရန်လုပ် ဒရုန်းအများအပြားသည် Rheinmetall ကုမ္ပဏီမှ အီတလီ နည်းပညာရှင်နှစ်ဦး အလုပ်လုပ်ကိုင်နေသည့် လေကြောင်းရန်ကာကွယ်ရေး ထောက်လှမ်းရေးစခန်းတစ်ခု အပါအဝင် ကူဝိတ်စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါသည်” ဟု အီတလီနိုင်ငံခြားရေးဝန်ကြီး အန်တိုနီယို တာဂျာနီက အထက်လွှတ်တော်သို့ ပြောကြားခဲ့သည်။
အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီကလည်း လူမှုကွန်ရက်မီဒီယာမှတစ်ဆင့် ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သည်။
“ဒီတိုက်ခိုက်မှုကြောင့် ထိခိုက်ခံစားရသူအားလုံးနဲ့ သူတို့ရဲ့ မိသားစုဝင်တွေနဲ့အတူ ထပ်တူ ဝမ်းနည်းခံစားရပါတယ်” ဟု သူမက X (ယခင် Twitter) လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
သို့သော် လူသေဆုံးစေသည့် တိုက်ခိုက်မှုနောက်ကွယ်တွင် အီရန်ရှိနေသည်ဟူသော စွပ်စွဲချက်များကို အီရန်ဘက်က လျင်မြန်စွာ ငြင်းဆိုခဲ့သည်။
မစ္စတာ အာရက်ဂ်ချီသည် တီဟီရန်၏ ပါဝင်ပတ်သက်မှုကို ငြင်းဆိုရန်အတွက် ကူဝိတ်နိုင်ငံခြားရေးဝန်ကြီး ဂျာရာ ဂျာဘာ အယ်လ်-အာမက် အယ်လ်-ဆာဘားနှင့် အီတလီနိုင်ငံခြားရေးဝန်ကြီး အန်တိုနီယို တာဂျာနီ နှစ်ဦးစလုံးထံ ဖုန်းခေါ်ဆိုပြောကြားခဲ့ကြောင်း အီရန်နိုင်ငံပိုင်ရုပ်မြင်သံကြားနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့၏ ထုတ်ပြန်ချက်အရ သိရသည်။
တာဂျာနီနှင့် ဖုန်းပြောဆိုရာတွင် “ဒီဖြစ်ရပ် ဖြစ်ပွားမှုမှာ အီရန်နိုင်ငံအနေနဲ့ မည်သည့်အခန်းကဏ္ဍမှ ပါဝင်ပတ်သက်မှု လုံးဝမရှိကြောင်း အာရက်ဂ်ချီက ပြောကြားခဲ့ပါတယ်” ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသလို “ဒီဖြစ်ရပ်ရဲ့ ဇာစ်မြစ်ကို ဖော်ထုတ်နိုင်ဖို့” ကူဝိတ်၊ အီတလီတို့နှင့် ပူးပေါင်းဆောင်ရွက်ရန် တီဟီရန်ဘက်က အသင့်ရှိနေကြောင်း အီရန်ထိပ်တန်းသံတမန်က ဖြည့်စွက်ပြောကြားခဲ့သည်ဟု ဝန်ကြီးဌာနက ဆိုသည်။
မစ္စတာ အယ်လ်-ဆာဘားနှင့် ဖုန်းခေါ်ဆိုရာတွင်လည်း ပူးတွဲစုံစမ်းစစ်ဆေးမှုတစ်ခု ပြုလုပ်ရန် ကမ်းလှမ်းခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံက သတင်းထုတ်ပြန်ခဲ့သည်။
အီရန်လက်နက်ကိုင်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အဘိုလ်ဖာဇယ် ရှီကာချီကလည်း အီရန်ပါဝင်ပတ်သက်သည်ဟူသော ပြောဆိုချက်များကို အစောပိုင်းက ငြင်းဆိုခဲ့ပြီး အထောက်အထား တစ်စုံတစ်ရာ မပြနိုင်ဘဲ ယင်းတိုက်ခိုက်မှုသည် အစ္စရေးနှင့် အမေရိကန်တို့၏ လှည့်ကွက်ဆင် လုပ်ကြံတိုက်ခိုက်မှုများ (False flag operations) ကြောင့် ဖြစ်သည်ဟု အပြစ်တင်ခဲ့သည်။
“အီရန် အစ္စလာမ္မစ် သမ္မတနိုင်ငံရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ ဒေသတွင်းမှာ မည်သည့်စစ်ရေး သို့မဟုတ် ထိုးစစ်ဆင်မှုမျှ လုပ်ဆောင်ခဲ့ခြင်း မရှိပါဘူး” ဟု ၎င်းက ပြောကြားခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံက ဖော်ပြခဲ့သည်။
သို့သော် ဥရောပသမဂ္ဂ (EU) အကြီးအကဲ အာဆူလာ ဗွန်ဒါလေယန်က ယခုသေဆုံးမှုများ ဖြစ်ပွားပြီးနောက် တီဟီရန်အပေါ် ဖိအားများ ပိုမိုပေးရန် တောင်းဆိုခဲ့သည်။
“ပင်လယ်ကွေ့ဒေသရှိ ကျွန်ုပ်တို့ရဲ့ မိတ်ဖက်နိုင်ငံတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေအပေါ် လက်မခံနိုင်ဖွယ် တိုက်ခိုက်မှုတွေ ရပ်တန့်သွားစေဖို့ အီရန်အပေါ် ဖိအားတွေ အရှိန်မြှင့် လုပ်ဆောင်ရပါမယ်” ဟု သူမက လူမှုကွန်ရက်မီဒီယာတွင် ရေးသားခဲ့သည်။
အဆိုပါဖြစ်စဉ်တွင် အနည်းဆုံး လူလေးဦး ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ဒရုန်းအများအပြားသည် နိုင်ငံအတွင်းရှိ အမည်မဖော်ပြထားသော အရေးကြီးနေရာတစ်ခုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကူဝိတ်ကာကွယ်ရေးဝန်ကြီးဌာနက အစောပိုင်းတွင် ပြောကြားခဲ့သည်။
စက်တင်ဘာလဆန်း၏ နောက်ပိုင်းကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် အီရန်က ပစ်လွှတ်လိုက်သော ဒရုန်းတိုက်ခိုက်မှုများကို တန်ပြန်ရန် ကူဝိတ်နိုင်ငံက ၎င်း၏ လေကြောင်းရန်ကာကွယ်ရေးစနစ်များကို လွန်ခဲ့သည့် သီတင်းပတ်က စတင်အသက်သွင်းခဲ့ပြီး ရက်ပိုင်းအကြာတွင် ယခုတိုက်ခိုက်မှု ဖြစ်ပွားလာခြင်း ဖြစ်သည်။
ဖေဖော်ဝါရီလ နှောင်းပိုင်းတွင် အမေရိကန်နှင့် အစ္စရေးတို့က အီရန်အပေါ် တိုက်ခိုက်မှုများဖြင့် စတင်ခဲ့သော ယင်းပဋိပက္ခအတွင်း ပင်လယ်ကွေ့နိုင်ငံများရှိ အမေရိကန်စစ်စခန်းများနှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများ ပစ်မှတ်ထားတိုက်ခိုက်ခံရခြင်းကြောင့် ပင်လယ်ကွေ့နိုင်ငံများမှာ ကြားညပ်ပိတ်မိနေခဲ့ရသည်။
တင်းမာမှုများ မြင့်တက်နေသော ဟော်မုဇ်ရေလက်ကြားနှင့် ပတ်သက်၍ အမေရိကန်နှင့် အီရန်တို့အကြား ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားနေပြီး တီဟီရန်၏ ရေလမ်းကြောင်းပိတ်ဆို့ရန် ကြိုးပမ်းမှုများကို အာခံကာ အမေရိကန်စစ်တပ်က ရေလမ်းကြောင်းဖြတ်သန်းသွားလာနေသည့် သင်္ဘောများကို လိုက်ပါစောင့်ရှောက်ပေးလျက်ရှိသည်။
တောင်ဘက်ပိုင်းတွင်မူ နှစ်ဖက်စလုံး အပြင်းအထန် အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည့် သီတင်းပတ်တစ်ပတ်အပြီး၌ ဆော်ဒီအာရေဗျနှင့် ယီမင်ရှိ ဟူသီသူပုန်များအကြား စစ်ပွဲမှာ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်သည်။ ယီမင်ရှိ ဟူသီသူပုန်များကို တိုက်ခိုက်နေသော ဆော်ဒီဦးဆောင်သည့် စစ်ဘက်ညွန့်ပေါင်းအဖွဲ့က အီရန်ကျောထောက်နောက်ခံပြု ဟူသီအဖွဲ့သည် ဆော်ဒီအာရေဗျ တောင်ပိုင်း ဂျာဇန်ဒေသရှိ ရေနံချက်စက်ရုံတစ်ရုံကို တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့ပြီး ယင်းတိုက်ခိုက်မှုကြောင့် လူတစ်ဦး သေဆုံးကာ လုပ်ငန်းလည်ပတ်မှုအချို့ ယာယီရပ်ဆိုင်းခဲ့ရကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။
ယင်းသည် ဆော်ဒီနိုင်ငံအတွင်းရှိ အဓိက စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို ပစ်မှတ်ထားသည့် ဆက်တိုက်တိုက်ခိုက်မှုများအနက် နောက်ဆုံးဖြစ်ပွားခဲ့သော တိုက်ခိုက်မှု ဖြစ်သည်။ ရေနံချက်စက်ရုံကို တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သည့် ဟူသီနယ်မြေအတွင်းရှိ ပဲ့ထိန်းဒုံးကျည်ပစ်စင်တစ်ခုကို ဖျက်ဆီးနိုင်ခဲ့ကြောင်းလည်း ညွန့်ပေါင်းအဖွဲ့က အခိုင်အမာ ပြောကြားခဲ့သည်။
လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုကျော်က စတင်ဖြစ်ပွားခဲ့ပြီး ပြန်လည်အသက်ဝင်လာသော ယီမင်ပြည်တွင်းစစ်အတွင်း ဟူသီသူပုန်များနှင့် ဆော်ဒီဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့တို့အကြား အပြန်အလှန် တိုက်ခိုက်မှုများမှာ နေ့စဉ်နီးပါး ဖြစ်ပွားလျက်ရှိသည်။
ကြာသပတေးနေ့ (နိုဝင်ဘာ ၂၆ ရက်) နှောင်းပိုင်းတွင် ဟူသီမီဒီယာက ၎င်းတို့၏ ကျန်းမာရေးဝန်ကြီးဌာနကို ကိုးကား၍ လွန်ခဲ့သည့် ၄၈ နာရီအတွင်း “ဆော်ဒီဦးဆောင်သည့် ကျူးကျော်တိုက်ခိုက်မှုများ” ကြောင့် အရပ်သား ၁၉ ဦး သေဆုံးခဲ့ကြောင်း စာရင်းထုတ်ပြန်ခဲ့သည်။
ယီမင်၏ နိုင်ငံတကာအသိအမှတ်ပြု အစိုးရကို ကျောထောက်နောက်ခံပြုထားသည့် ညွန့်ပေါင်းအဖွဲ့က ညတွင်းချင်းတွင် ဆော်ဒီမြို့တော် ရီယာ့ဒ်သို့ ဟူသီတို့ ပစ်လွှတ်လိုက်သော ပဲ့ထိန်းဒုံးကျည်နှစ်စင်းကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း အစောပိုင်းတွင် ပြောကြားခဲ့ပြီး မြို့ခံများနှင့် AFP သတင်းထောက်တစ်ဦးတို့က ပေါက်ကွဲသံတစ်ခု ကြားခဲ့ရသည်။
Ref: The Hindu