Myanmar National Post

ကူဝိတ်မှာ အီတလီသား ၂ ဦး သေသွားတဲ့ တိုက်ခိုက်မှုက သူနဲ့ မဆိုင်ဘူးလို့ အီရန်ငြင်းပြီ


နိုဝင်ဘာ - ၂၈ ( စနေနေ့ ) 

ကူဝိတ်နိုင်ငံမှာရှိတဲ့ စစ်ဘက်ဆိုင်ရာနေရာတစ်ခုကို ကြာသပတေးနေ့က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့မှုကြောင့် အီတလီနိုင်ငံသား နှစ်ဦး သေဆုံးခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အီရန်နိုင်ငံက သူတို့လက်ချက် မဟုတ်ကြောင်း ငြင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် ဒီတိုက်ခိုက်မှုဟာ အမေရိကန် ဒါမှမဟုတ် အစ္စရေးတို့ရဲ့ လက်ချက်ဖြစ်နိုင်ပြီး အီရန်ကို အပြစ်ပုံချဖို့ ရည်ရွယ်တဲ့ လှည့်စားတိုက်ခိုက်မှု ဖြစ်နိုင်တယ်လို့လည်း အီရန်ဘက်က သဘောထားထုတ်ဖော်ခဲ့ပါတယ်။

အီတလီနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောကြားချက်အရ သေဆုံးသွားသူနှစ်ဦးဟာ ရိုင်းမက်တယ်အီတလီ ကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့ အရပ်သားနည်းပညာကျွမ်းကျင်သူတွေ ဖြစ်ပါတယ်။ သူတို့ဟာ ကူဝိတ်စစ်တပ် အသုံးပြုနေတဲ့ စကိုင်ဂတ် လေကြောင်းရန်ကာကွယ်ရေးစနစ်ရဲ့ အင်တင်နာတွေကို ပြုပြင်ထိန်းသိမ်းနေချိန်မှာ တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ကူဝိတ်နိုင်ငံသား တစ်ဦးနဲ့ ပါကစ္စတန်နိုင်ငံသားတစ်ဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။

ရိုင်းမက်တယ် ဟာ ဂျာမနီနိုင်ငံအခြေစိုက် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး ဥရောပရဲ့ အကြီးဆုံးလက်နက်ထုတ်လုပ်ရေး ကုမ္ပဏီတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ အဲဒီကုမ္ပဏီ ဟာ စစ်သုံးယာဉ်တွေ၊ ခဲယမ်းမီးကျောက်တွေနဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို ထုတ်လုပ်နေပါတယ်။ အာရပ်ဘုရင်စနစ် အုပ်ချုပ်တဲ့ နိုင်ငံခြောက်နိုင်ငံ ပါဝင်ဖွဲ့စည်းထားတဲ့ ဒေသတွင်း အဖွဲ့အစည်းဖြစ်တဲ့ ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) ကတော့ ဒီတိုက်ခိုက်မှု အတွက် အီရန်ကို အပြစ်တင်ခဲ့ပါတယ်။ GCC အတွင်းရေးမှူးချုပ် ဂျာဆမ် မိုဟာမက် အယ်လ်ဘူဒါဝီက ဒီတိုက်ခိုက်မှုဟာ “ဘယ်လိုအကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ် အလွန်အန္တရာယ်များပြီး လက်ခံနိုင်စရာမရှိတဲ့ တင်းမာမှုမြင့်တက်စေတဲ့ လုပ်ရပ်တစ်ခု” ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အီတလီနိုင်ငံခြားရေးဝန်ကြီး အန်တိုနီယို တာဂျာနီကလည်း အီရန်သံရုံးကို တရားဝင်ကန့်ကွက်စာ ပေးပို့သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။ သူက “ဒီအချိန်မှာ ပဋိပက္ခအသစ်တွေ ထပ်မံဖြစ်ပွားအောင် လုပ်ဆောင်ဖို့ မလိုအပ်ပါဘူး” လို့ ပြောကြားခဲ့ပြီး ပင်လယ်ကွေ့ဒေသနိုင်ငံတွေဟာ “သူတို့အနေနဲ့ အီရန်အပေါ် အမေရိကန်ရဲ့ စစ်ပွဲမှာ ပါဝင်ပတ်သက်ခြင်း မရှိဘူး” ဆိုတာကိုလည်း အလေးအနက် ပြောဆိုခဲ့ပါတယ်။

အီရန်နိုင်ငံပိုင် Press TV သတင်းဌာနက ဖော်ပြခဲ့တဲ့ ကြေညာချက်တစ်စောင်မှာ အီရန်လက်နက်ကိုင်တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် အဘိုလ်ဖာဇယ် ရှက်ကာချီက အဲဒီနေ့မှာ အီရန်နိုင်ငံအနေနဲ့ ဒေသတွင်းမှာ “စစ်ရေးစစ်ဆင်ရေး ဒါမှမဟုတ် ထိုးစစ်ဆင်တိုက်ခိုက်မှု တစ်စုံတစ်ရာ လုပ်ဆောင်ခဲ့ခြင်း မရှိဘူး” လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန်နဲ့ အစ္စရေးတို့ဟာ ဒေသတွင်း မလုံခြုံမှုတွေ ပိုမိုဖြစ်ပေါ်လာစေဖို့ ရည်ရွယ်ပြီး “လှည့်စားတိုက်ခိုက်မှုတွေ ကို အသုံးပြုခဲ့တဲ့ သမိုင်းကြောင်းရှိတယ်” လို့လည်း စွပ်စွဲခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီစွပ်စွဲချက်နဲ့ပတ်သက်ပြီး အသေးစိတ်တော့ ထပ်မံရှင်းပြခဲ့ခြင်း မရှိပါဘူး။


REF: RT

#Myanmar #News 

မူရင်းသတင်း — Myanmar National Post