
နိုဝင်ဘာ - ၂၈ ( စနေနေ့ )
အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန် ကော်နင်က အီရန်နိုင်ငံဟာ အစုလိုက်အပြုံလိုက် သေစေနိုင်တဲ့ လက်နက်တွေ (WMD) ထုတ်လုပ်ဖို့ ကြိုးပမ်းနေတယ်လို့ စွပ်စွဲပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့စွပ်စွဲချက်ကို ထောက်ခံဖို့ အကိုးအကားပြခဲ့တဲ့ အဓိကအထောက်အထားကတော့ အီရန်နိုင်ငံနဲ့မသက်ဆိုင်ဘဲ မြောက်ကိုရီးယားမှာရှိတဲ့ နျူကလီးယားစက်ရုံ တိုးချဲ့နေမှုအကြောင်း ရေးသားထားတဲ့ အစီရင်ခံစာ ဖြစ်နေပါတယ်။
အမေရိကန်က အီရန်အပေါ် စစ်ရေးအရ ဆင်နွှဲနေတဲ့ စစ်ပွဲကို ပွင့်ပွင့်လင်းလင်း ထောက်ခံသူ တစ်ဦးဖြစ်တဲ့ တက္ကဆက်ပြည်နယ် ရီပတ်ဘလစ်ကန်ပါတီဝင် အထက်လွှတ်တော်အမတ် ကော်နင်ဟာ ၂၀၀၂ ခုနှစ်ကတည်းက အမေရိကန်အထက်လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်လာသူ ဖြစ်ပါတယ်။ သူဟာ အမေရိကန်ထောက်လှမ်းရေးလုပ်ငန်းတွေကို ကြီးကြပ်တဲ့ အထက်လွှတ်တော် ထောက်လှမ်းရေးကော်မတီနဲ့ အမေရိကန်နိုင်ငံခြားရေးမူဝါဒတွေ ချမှတ်ရာမှာ ပါဝင်တဲ့ နိုင်ငံခြား ဆက်ဆံရေးကော်မတီတို့မှာလည်း အဖွဲ့ဝင်အဖြစ် ပါဝင်နေသူ ဖြစ်ပါတယ်။
ကော်နင်က အင်္ဂါနေ့မှာ အိတ်စ် လူမှုကွန်ရက်ပေါ်မှာ “အီရန်အစိုးရဟာ နျူကလီးယားလက်နက် ပိုင်ဆိုင်ဖို့ ရည်မှန်းချက်တွေကို စွန့်လွှတ်လိုက်ပုံ မရသေးပါဘူး” လို့ ရေးသားခဲ့ပါတယ်။ သူ့ရဲ့စွပ်စွဲချက် ကို သက်သေပြဖို့အတွက်လည်း ဝါရှင်တန်အခြေစိုက် နိုင်ငံတကာလုံခြုံရေးသိပ္ပံဌာနရဲ့ အစီရင်ခံစာ တစ်စောင်ကို သူကိုယ်တိုင် လင့်ခ်ချိတ်ပြီး ဖော်ပြခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီအစီရင်ခံစာဟာ မြောက်ကိုရီးယားနိုင်ငံ ယုံဘျွန် နျူကလီးယားစက်ရုံမှာ ယူရေနီယံ သန့်စင်နိုင်စွမ်း တိုးမြှင့်ဖို့ လုပ်ဆောင်နေတဲ့ အကြောင်းအရာကို ရေးသားထားတာ ဖြစ်ပါတယ်။ အစီရင်ခံစာရဲ့ တတိယစာပိုဒ်မှာတင် မြောက်ကိုရီးယားနိုင်ငံအကြောင်းကို ရှင်းရှင်းလင်းလင်း ဖော်ပြထားပေမဲ့ အီရန်နိုင်ငံအကြောင်းကိုတော့ တစ်ကြိမ်တစ်ခါမှတောင် ထည့်သွင်းဖော်ပြထားခြင်း မရှိပါဘူး။
အိတ်စ် လူမှုကွန်ရက်အသုံးပြုသူတွေကတော့ အဲဒီအထက်လွှတ်တော်အမတ်ရဲ့ ပို့စ်အောက်မှာ Community Note ဆိုတဲ့ အချက်အလက်ပြင်ဆင်ချက်တစ်ခုကို ထည့်သွင်းဖော်ပြခဲ့ကြပါတယ်။
အဲဒီမှတ်ချက်မှာ သူကိုးကားထားတဲ့ အစီရင်ခံစာထဲက နိုဝင်ဘာ ၁၈ ရက်နေ့ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) အကြီးအကဲ ရာဖေးလ် ဂရော့စီရဲ့ ပြောကြားချက်တွေဟာ အီရန်နိုင်ငံရဲ့ နျူကလီးယားအစီအစဉ်နဲ့ မသက်ဆိုင်ဘဲ မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယားအစီအစဉ် ကို ရည်ညွှန်းပြောဆိုခဲ့တာဖြစ်ကြောင်း ထောက်ပြထားပါတယ်။
အဲဒီ Community Note မှာ “ယုံဘျွန် ဟာ မြောက်ကိုရီးယားနိုင်ငံမှာ ရှိတာပါ” လို့ ရေးသားထားပြီး ရိုက်တာသတင်းဌာနနဲ့ NK News တို့ရဲ့ သတင်းဖော်ပြချက်တွေကိုလည်း အထောက်အထားအဖြစ် လင့်ခ်တွေနဲ့အတူ ထည့်သွင်းပေးထားပါတယ်။
REF: RT
#Myanmar #News