MT News
၂၈. ၁၁. ၂၀၂၆
(၁၁) ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ (အက်ခ်မက်) ထိပ်သီးအစည်းအဝေးနှင့် (၁၂)ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု(စီအယ်လ်အမ်ဗွီ) ထိပ်သီးအစည်းအဝေး တက်ရောက်ရန်အတွက် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့သို့ ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက်ဟွန်မာနက်နှင့် တွေ့ဆုံဆွေးနွေးသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာကြသည့် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်နှင့်အတူ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။



နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် (၁၁) ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (အက်ခ်မက်) ထိပ်သီးအစည်းအဝေးကို ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရန်နှင့် (၁၂) ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု (စီအယ်လ်အမ်ဗွီ) ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ အလုပ်သဘောခရီးစဉ် ရောက်ရှိနေခြင်းဖြစ်သည်။
(၁၁) ကြိမ်မြောက် အက်ခ်မက်ထိပ်သီးအစည်းအဝေးကို “လူမှုစီးပွားဖွံ့ဖြိုးရေးကို တိုးမြှင့် ဖော်ဆောင်ကာ ခေတ်မီ၍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်သော အက်ခ်မက်ဒေသ တည်ဆောက် ကြပါစို့” ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံက ဥက္ကဋ္ဌအဖြစ် ဦးဆောင်ကျင်းပသွားမည်ဖြစ်ပြီး အစည်းအဝေး၌ နေပြည်တော် ကြေညာချက်နှင့် အက်ခ်မက်ဦးစားပေးစီမံကိန်းများ ပြန်လည်သုံးသပ်ရေး ဆိုင်ရာ အထူးလုပ်ငန်းအဖွဲ့၏ လုပ်ငန်းလမ်းညွှန်တို့ကို အတည်ပြုထုတ်ပြန်သွားမည်ဖြစ်သည်။
(၁၂) ကြိမ်မြောက် စီအယ်လ်အမ်ဗွီ ထိပ်သီးအစည်းအဝေးကို “စီအယ်လ်အမ်ဗွီနိုင်ငံများ အကြား ချိတ်ဆက်ဆောင်ရွက်ခြင်း၊ အလားအလာများကို အကျိုးရှိစွာ အသုံးချခြင်းနှင့် သာယာ ဝပြောသော အနာဂတ်တစ်ခု တည်ဆောက်ခြင်း” ခေါင်းစဉ်ဖြင့် ဗီယက်နမ်နိုင်ငံက ဥက္ကဋ္ဌအဖြစ် ဦးဆောင်ကျင်းပမည်ဖြစ်ပြီး အစည်းအဝေး၌ (၁၂) ကြိမ်မြောက် စီအယ်လ်အမ်ဗွီ ထိပ်သီး အစည်းအဝေး၏ ပူးတွဲကြေညာချက်၊ စီအယ်လ်အမ်ဗွီနိုင်ငံများအကြား အမွေအနှစ်ဆိုင်ရာနှင့် ခေတ်မီကုန်းတွင်းဆိပ်ကမ်းစင်္ကြံဆိုင်ရာ အစီအစဉ်များကို ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရှိရသည်။