သက်တံ့
၂၈. ၁၁. ၂၀၂၆
ဗီယက်နမ်နိုင်ငံသည် ယနေ့ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် (၁၂) ကြိမ်မြောက် CLMV ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့်အပြင် မြန်မာနိုင်ငံနှင့် ပူးပေါင်းကာ (၁၁) ကြိမ်မြောက် ACMECS ထိပ်သီးအစည်းအဝေးကိုပါ ကျင်းပလျက်ရှိရာ ဒေသတွင်း အဆင့်မြင့်ခေါင်းဆောင်များစွာ တက်ရောက်နေကြကြောင်း သိရသည်။
ယနေ့တွင် ဟနွိုင်းမြို့၌ ၂၀၂၆ ခုနှစ် ကမ္ဘောဒီးယား – လာအို – မြန်မာ – ဗီယက်နမ် လေးနိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ယန္တရား (CLMV) ၏ အလှည့်ကျဥက္ကဋ္ဌ အခန်းကဏ္ဍမှနေ၍ ဗီယက်နမ်နိုင်ငံသည် (၁၂) ကြိမ်မြောက် CLMV ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် ဦးဆောင်ကျင်းပမည်ဖြစ်ပြီး ဧရာဝတီ – ကျောက်ဖရား – မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) ၏ အလှည့်ကျဥက္ကဋ္ဌ ဖြစ်သော မြန်မာနိုင်ငံနှင့် ပူးပေါင်းကာ (၁၁) ကြိမ်မြောက် ACMECS ထိပ်သီးအစည်းအဝေးကို ကျင်းပမည်ဖြစ်သည်။
(၁၂) ကြိမ်မြောက် CLMV ထိပ်သီးအစည်းအဝေးကို “CLMV ချိတ်ဆက်မှု – အလားအလာများကို ဖော်ထုတ်မြှင့်တင်မှု – သာယာဝပြောသော အနာဂတ်ကို တည်ဆောက်မှု” ဟူသော ဆောင်ပုဒ်ဖြင့် ကျင်းပပြီး (၁၁) ကြိမ်မြောက် ACMECS ထိပ်သီးအစည်းအဝေးကို “စမတ်ကျပြီး ရေရှည်တည်တံ့သော ACMECS ဆီသို့ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှု” ဟူသော ဆောင်ပုဒ်ဖြင့် ကျင်းပခြင်းဖြစ်သည်။
ယင်းထိပ်သီးအစည်းအဝေး နှစ်ခုစလုံးသည် မဲခေါင်ဒေသအတွက် အရေးအပါဆုံး ပူးပေါင်းဆောင်ရွက်ရေး ယန္တရားများ၏ ပုံမှန်ထိပ်သီးအစည်းအဝေးများဖြစ်ပြီး ပုံမှန်အားဖြင့် နှစ်နှစ်လျှင် တစ်ကြိမ် ကျင်းပလေ့ရှိသည်။ အဆိုပါ အစည်းအဝေးများတွင် ခေါင်းဆောင်များသည် ဒေသခွဲနိုင်ငံများအကြား မဟာဗျူဟာမြောက် ချိတ်ဆက်မှု တိုးမြှင့်ရေး၊ ဒေသတွင်း စီးပွားရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေမည့် အစီအမံများ အကောင်အထည်ဖော်ရေးနှင့် ဒေသခွဲပူးပေါင်းဆောင်ရွက်မှု ယန္တရားများကို အာဆီယံ (ASEAN) ပူးပေါင်းဆောင်ရွက်မှုများနှင့် ပိုမိုခိုင်မာစွာ ချိတ်ဆက်ရေး စသည့် ထိပ်တန်းဦးစားပေး ကိစ္စရပ်များကို ဆွေးနွေးကြမည်ဟု မျှော်လင့်ရသည်။
ထိပ်သီးအစည်းအဝေးနှစ်ခုနှင့် ပတ်သက်၍ မိတ်ဆက်ရှင်းလင်းသည့် နိုင်ငံတကာ သတင်းစာရှင်းလင်းပွဲတွင် ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ငုယင်မင်းဟန် (Nguyễn Minh Hằng) က ကမ္ဘာ့အခြေအနေသည် အလွန်ရှုပ်ထွေးပြီး ခန့်မှန်းရခက်ခဲကာ အလှည့်အပြောင်းဖြစ်စေမည့် နက်ရှိုင်းသော ပြောင်းလဲမှုကာလကို ဖြတ်သန်းနေရချိန်တွင် ယခုအစည်းအဝေးများကို ကျင်းပခြင်းဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။ ယင်းအခြေအနေသည် မဲခေါင်ဒေသခွဲ နိုင်ငံများ အပါအဝင် ကမ္ဘာ့နိုင်ငံများအတွက် အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများစွာကို ဖန်တီးပေးလျက်ရှိသည်။
အခွင့်အလမ်းကောင်းများ ရှိနေသကဲ့သို့ မဲခေါင်ဒေသခွဲ နိုင်ငံများသည် ရာသီဥတုပြောင်းလဲမှု၊ ရေအရင်းအမြစ် လုံခြုံရေးနှင့် ဆိုက်ဘာရာဇဝတ်မှုများ ကဲ့သို့သော နယ်စပ်ဖြတ်ကျော် ဘုံစိန်ခေါ်မှုများကိုလည်း ရင်ဆိုင်နေရသည်။ အဆိုပါ စိန်ခေါ်မှုများက ဒေသခွဲပူးပေါင်းဆောင်ရွက်ရေး ယန္တရားများအတွက် လိုအပ်ချက်အသစ်များကို ဖြစ်ပေါ်စေသည်။
ထို့အပြင် မဲခေါင်ဒေသခွဲ နိုင်ငံအားလုံးက မိမိတို့နိုင်ငံအလိုက် လျင်မြန်ပြီး ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု ဦးတည်ချက်ဖြင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ အကောင်အထည်ဖော်ရန် သန္နိဋ္ဌာန်ချ ကြိုးပမ်းနေကြချိန်တွင် ယခုအစည်းအဝေးများ ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။
ယနေ့အချိန်အထိ မဲခေါင်ဒေသတွင်း နိုင်ငံအားလုံးသည် အဆိုပါ ထိပ်သီးအစည်းအဝေး နှစ်ခုအပေါ် အလွန်အလေးထားပြီး မျှော်လင့်ချက် ကြီးမားစွာထားရှိကြကြောင်း ဒုတိယဝန်ကြီး ငုယင်မင်းဟန်က အလေးပေးပြောကြားခဲ့သည်။ အစည်းအဝေးနှစ်ခုမှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှု လမ်းညွှန်ချက်အသစ်များကို သဘောတူညီနိုင်ပြီး ဦးစားပေး လုပ်ငန်းစဉ်များနှင့် အကောင်အထည်ဖော်မှု နည်းလမ်းများတွင် အရေးပါသော အပြောင်းအလဲများ ဖန်တီးနိုင်ရန် နိုင်ငံများက လိုလားနေကြသည်။
ယင်းမှတစ်ဆင့် ယန္တရားနှစ်ခုစလုံးသည် ပိုမိုလက်တွေ့ကျပြီး ထိရောက်သော ရလဒ်များနှင့် အကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်ကာ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံချင်းစီ၏ ဖွံ့ဖြိုးတိုးတက်ရေးအပြင် မဲခေါင်ဒေသခွဲ၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် အတူတကွ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အနှစ်သာရရှိရှိ အထောက်အကူပြုနိုင်မည် ဖြစ်သည်။
ဗီယက်နမ်နိုင်ငံအတွက်မူ ယခုထိပ်သီးအစည်းအဝေး နှစ်ခုကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းသည် (၁၄) ကြိမ်မြောက် ပါတီညီလာခံ၏ နိုင်ငံခြားရေးမူဝါဒ လမ်းစဉ်ကို အကောင်အထည်ဖော်သည့် အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်ပြီး မဲခေါင်ဒေသခွဲ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတွင် တက်ကြွစွာ ဦးဆောင်ပါဝင်မှု အခန်းကဏ္ဍကို အတည်ပြုပြသလိုက်ခြင်းဖြစ်သကဲ့သို့ အိမ်နီးချင်းနိုင်ငံများနှင့် စည်းလုံးညီညွတ်မှုနှင့် မဟာဗျူဟာမြောက် ချိတ်ဆက်မှုကိုလည်း ပိုမိုခိုင်မာစေမည် ဖြစ်သည်။
Ref: Bao Dan Tri