Myanmar Transparency News

ရုရှားရေတပ်ပိုင် သင်္ဘောများကို လစ်ဗျားနိုင်ငံ၊ ဘန်ဂါဇီဆိပ်ကမ်းတွင် ဥရောပမိတ်ဖက်နိုင်ငံများအား ကြိုတင်အသိမပေးဘဲ တိုက်ခိုက်ခဲ့ဟု ယူကရိန်းသမ္မတ ပြောကြား

၂၈.၁၁.၂၀၂၆
Translated by Htwe Ko Tun

လစ်ဗျားနိုင်ငံ၊ ဘန်ဂါဇီဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော ရုရှားရေတပ်ပိုင်သင်္ဘောများကို ယူကရိန်းရေတပ်မှ မောင်းသူမဲ့လေယာဉ်ဒရုန်းများက နိုဝင်ဘာလ ၂၂ ရက် တွင်တိုက်ခိုက်မှုနှင့် ပတ်သက်၍ ဥရောပမိတ်ဖက်နိုင်ငံများကို ကြိုတင်အသိပေးခဲ့ခြင်း မရှိကြောင်း ယူကရိန်းသမ္မတ ဇယ်လန်းစကီးက အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မီလိုနီထံ နိုဝင်ဘာလ ၂၇ ရက်တွင် အတည်ပြု‌ပြောကြားခဲ့သည်။

လစ်ဗျားနိုင်ငံ ရုရှားရေတပ်ပိုင် ပိုင်ဆိုင်မှုများအပေါ် ပြုလုပ်ခဲ့သည့် တိုက်ခိုက်မှုနှင့် ပတ်သက်၍ ယူကရိန်းနိုင်ငံအနေဖြင့် ဥရောပမိတ်ဖက်နိုင်ငံများနှင့် ညှိနှိုင်းဆောင်ရွက်ထားခြင်းမရှိကြောင်း သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက နိုဝင်ဘာလ ၂၇ ရက်နေ့တွင် အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မီလိုနီထံ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒီနေ့ ကျွန်တော် ဂျော်ဂျီယာ မီလိုနီနဲ့ စကားပြောဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ လုပ်ဆောင်နေတဲ့ ကိစ္စရပ်တွေအကြောင်း ဆွေးနွေးခဲ့ကြပြီး အပြန်အလှန် နားလည်မှုရှိဖို့က အရေးကြီးပါတယ်” ဟု ဇယ်လန်းစကီးက X လူမှုကွန်ရက်တွင် ရေးသားဖော်ပြထားသည်။

ထို့ပြင် “လစ်ဗျားနိုင်ငံမှာ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးကို ဥရောပမိတ်ဖက်နိုင်ငံတွေနဲ့ ကြိုတင်ညှိနှိုင်းမှုမရှိဘဲ လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း ကျွန်တော် အတည်ပြုပြောကြားလိုက်ပါတယ်။” ဟု ၎င်းက ဆိုခဲ့သည်။

ထို့အပြင် ယူကရိန်းနှင့် အီတလီနိုင်ငံတို့မှ သက်ဆိုင်ရာ အေဂျင်စီများအကြား လိုအပ်သော သတင်းအချက်အလက်များ အပြန်အလှန် ဖလှယ်နိုင်ရေး ကူညီပေးရန်နှင့် ၎င်းတို့အကြား “တိုက်ရိုက်၊ ပုံမှန်နှင့် ထိရောက်သော ဆက်သွယ်မှု” ရှိလာစေရန် ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

လစ်ဗျားနိုင်ငံ၊ ဘန်ဂါဇီဆိပ်ကမ်းတွင် ယူကရိန်းရေတပ်၏ ရေပြင်သွား ဒရုန်း ခုနစ်စင်းက ရုရှား စစ်သင်္ဘော Merkury နှင့် ကုန်တင်သင်္ဘော ANGARA တို့ကို နိုဝင်ဘာလ ၂၂ ရက်က တိုက်ခိုက်ခဲ့သည်။ အဆိုပါ ဒရုန်းများကို သင်္ဘောတစ်စင်းဖြင့် သယ်ဆောင်ကာ အဆိုပါနေရာသို့ ပို့ဆောင်ပြီး လွှတ်တင်ခဲ့ခြင်းဖြစ်ကြောင်း ယူကရိန်းလုံခြုံရေးဌာန (SBU) က ပြောကြားခဲ့သည်။

နောက်ပိုင်းတွင် ဇယ်လန်းစကီးက Merkury စစ်သင်္ဘောမှာ နစ်မြုပ်သွားခဲ့ပြီး သင်္ဘောပေါ်တွင် ပါလာသည့် Ka-27 ရဟတ်ယာဉ်တစ်စင်းလည်း ပျက်စီးသွားခဲ့ကြောင်း ပြောကြားခဲ့သည်။ ၎င်းက ကုန်တင်သင်္ဘောမှာ လက်နက်များကို သယ်ဆောင်လာခြင်းဖြစ်ကြောင်းလည်း ဆိုသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့တွင် လစ်ဗျားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ၎င်းတို့နိုင်ငံ၏ နယ်မြေနှင့် ပိုင်နက်ရေပြင်အတွင်း နိုင်ငံခြားစစ်ရေးလှုပ်ရှားမှုများ ပြုလုပ်ခြင်းကို ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့သည်။ ထို့နောက် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး အန်ဒရီ ဆီဘီဟာက လစ်ဗျားနိုင်ငံခြားရေးဝန်ကြီး အယ်လ်-တာဟီယာ အယ်လ်-ဘာအိုထံသို့ ပြောကြားရာတွင် ယူကရိန်းအနေဖြင့် စစ်ပွဲကို လစ်ဗျားနိုင်ငံ (သို့မဟုတ်) အခြားနိုင်ငံတစ်ခုခုသို့ ယူဆောင်သွားရန် ရည်ရွယ်ချက်မရှိကြောင်း ရှင်းပြခဲ့သည်။

အီတလီနိုင်ငံဆိုင်ရာ ရုရှားသံရုံးကမူ ယူကရိန်း၏ အကြမ်းဖက်လုပ်ရပ်များအတွက် အီတလီနိုင်ငံ ပိုင်နက်သည် လစ်ဗျားပြီးလျှင် နောက်ထပ် စစ်ဆင်ရေးနယ်မြေတစ်ခု ဖြစ်လာနိုင်ကြောင်း သတိပေးလိုက်ပြီး အီတလီအာဏာပိုင်များအနေဖြင့် မျက်စိဖွင့်ကြည့်ကြရန် နိုဝင်ဘာလ ၂၇ ရက်က တိုက်တွန်းလိုက်သည်။

အီတလီ အထက်လွှတ်တော်အမတ်ဟောင်း ဂျီယန်လူဂျီ ပါရာဂိုနီက မီလန်မြို့အခြေစိုက် La Verita သတင်းစာတွင် ရေးသားဖော်ပြရာ၌ လစ်ဗျားဆိပ်ကမ်းတစ်ခုအပေါ် ပြုလုပ်ခဲ့သည့် တိုက်ခိုက်မှုသည် ယူကရိန်းကို ကျူးကျော်သူအဖြစ် ပြောင်းလဲသွားစေကြောင်း၊ ဘန်ဂါဇီမြို့တွင်ပြုလုပ်ခဲ့သော ယူကရိန်း၏ အဆိုပါ တိုက်ခိုက်ခဲ့မှုက မတော်တဆ ဖြစ်ရပ်တစ်ခုမဟုတ်ဘဲ အီတလီအပါအဝင် နိုင်ငံအသီးသီးအပေါ် ဩဇာလွှမ်းမိုးနိုင်ရန်အတွက် ပဋိပက္ခကို မြေထဲပင်လယ်ဒေသအထိ သယ်ဆောင်လာလိုကြောင်း ပြသလိုက်ခြင်းသာ ဖြစ်ကြောင်း ထောက်ပြခဲ့သည်။

Ref: Tass News, nv.ua

မူရင်းသတင်း — Myanmar Transparency News