Kanbawza Tai News

ဝေဖန်မှုများရှိခဲ့သည့် တောင်ကြီးမြိုမဈေး မျက်နှာစာရှိ ဘီယာကြော်ငြာဘုတ်များ ပြန်လည်ဖြုတ်ချ

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်

တောင်ကြီးမြို့၊ မြို့မဈေး အရှေ့မျက်နှာစာတွင် တပ်ဆင်ထားသည့် ဘီယာကြော်ငြာ ဆိုင်းဘုတ်များနှင့် ပတ်သက်၍ ဒေသခံများအကြား ဝေဖန်မှုများ ထွက်ပေါ်ခဲ့ပြီးနောက် ယနေ့ နိုဝင်ဘာလ ၂၈ ရက်၊ နံနက်ပိုင်းတွင် ယင်းကြော်ငြာ ဘုတ်များကို ပြန်လည်ဖြုတ်ချထားသည်ဟု သိရသည်။

အဆိုပါကြော်ငြာဘုတ်များသည် တောင်ကြီးမြို့၏ လူစည်ကားရာ မြို့လယ်ခေါင်၊ မြို့မဈေးအနီး ဗိုလ်ချုပ်လမ်းမ ပေါ်တွင် တပ်ဆင်ထားခြင်းဖြစ်ပြီး ABC နှင့် Tiger ဘီယာအမှတ်တံဆိပ်များ၏ ကြော်ငြာဘုတ်များဖြစ်ကြောင်း သိရသည်။

ယင်းနေရာသည် ပြည်သူများ နေ့စဉ်သွားလာလှုပ်ရှားမှုများပြားသည့် နေရာဖြစ်သည့်အပြင် လူငယ်များနှင့် ကျောင်းသား/ကျောင်းသူများပါ ဖြတ်သန်းသွားလာလေ့ရှိသည့်အတွက် ဘီယာနှင့် အရက်သောက်သုံးမှုကို အားပေးရာရောက်နိုင်ပြီး လူငယ်များအပေါ် မကောင်းသည့် သက်ရောက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ဒေသခံများအကြား ဝေဖန်ပြောဆို နေခြင်းဖြစ်သည်။

“မြို့လယ်ခေါင်နဲ့ လူစည်ကားရာနေရာတွေမှာ အများပြည်သူအပေါ် သက်ရောက်မှုရှိနိုင်တဲ့ ကြော်ငြာတပ်ဆင်မှုနဲ့ ပတ်သက်ပြီး စနစ်တကျ စီမံခန့်ခွဲဖို့ လိုပါတယ်” ဟု တောင်ကြီးဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူက “ဘီယာကြော်ငြာတွေကို ခွင့်မပြုထားပါဘူး။ ရိုးရိုးကြော်ငြာပဲ ခွင့်ပြုထားတာပါ။ သူတို့ကလည်း တန်ဆောင်တိုင်ပွဲ ကာလမှာ ကြော်ငြာတာပေါ့။ အခု ပွဲပြီးသွားတော့ ပြန်ဖြုတ်ခိုင်းထားပါတယ်” ဟု ပြောဆိုခဲ့သည်။

စည်ပင်သာယာရေးဌာန အနေဖြင့် ယခုလို လူထုအသံကို နားထောင်ပြီး အများသဘောဆန္ဒအရ ဘီယာကြော်ငြာဘုတ် များကို ပြန်လည်ဖြုတ်ချပေးသည့်အတွက် ကြိုဆိုကြောင်း ဒေသခံများက ပြောဆိုကြသည်။

မူရင်းသတင်း — Kanbawza Tai News