NP News

အိန္ဒိယမှာ နိုင်ငံရေးသမားရဲ့မင်္ဂလာပွဲကို ဧည့်သည် (၄) သိန်းခန့်တက်ရောက်ခဲ့ပြီး ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပွားခဲ့

ရောင်နီ (NP News) - နိုဝင်ဘာ ၂၈

အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်မှာ နိုင်ငံရေးသမား တစ်ဦးက သမီးဖြစ်သူရဲ့ မင်္ဂလာပွဲကို ဧည့်သည်ပေါင်း (၄) သိန်းခန့် ဖိတ်ကြားကျင်းပခဲ့တာကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေ အကြီးအကျယ်ဖြစ်ပွားခဲ့သလို ပွဲကို လာကြည့်သူ တွေဟာလည်း မြင်ကွင်းကောင်းကောင်းမြင်ရဖို့ သစ်ပင်တွေနဲ့ လျှပ်စစ်မီးတိုင်တွေပေါ်အထိ တက်ရောက်ကြည့်ရှုခဲ့ ကြရတဲ့အထိဖြစ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီမင်္ဂလာပွဲကို ဘီဟာပြည်နယ်ရဲ့ ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ အနန့်ဆင်း က နိုဝင်ဘာ (၂၅) ရက်မှာ သူ့ရဲ့ဇာတိရွာဖြစ်တဲ့ နာဒါဝမ် မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ ပွဲကို ဒေသခံရွာသားတွေ၊ နိုင်ငံရေး မိတ်ဖက်တွေနဲ့ အရေးပါသူတွေကို ဖိတ်ကြားခဲ့တာလို့ သိရပါတယ်။ မင်္ဂလာပွဲမှာ ဧည့်သည်တွေကို ရိုးရာအချိုမုန့် အခုရေ (၅) သိန်းအပြင် စားဖိုမှူးနဲ့ ချက်ပြုတ်ရေးဝန်ထမ်း စုစုပေါင်း (၅၀၀) က ပြင်ဆင်ပေးထားတဲ့ သက်သတ် လွတ်ဟင်းလျာတွေ ဧည့်ခံခဲ့တယ်လို့ အနန့်ဆင်းရဲ့အနီးကပ်လူယုံတစ်ဦးက AFP သတင်းဌာနကို ပြောပါတယ်။
ဧည့်သည်အရေအတွက် များပြားလွန်းတာကြောင့် မင်္ဂလာပွဲကျင်းပရာနေရာကို သွားတဲ့လမ်းတွေအားလုံး ယာဉ်ကြောပိတ်ဆို့ပြီး ကားတွေ ရပ်တန့်သွားတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒါအပြင် VIP ဧည့်သည်တွေကို ရဟတ်ယာဉ်နဲ့ လာရောက်နိုင်ဖို့အတွက် ရဟတ်ယာဉ်ဆင်းသက်ရာနေရာ (၅) ခုအထိ တည်ဆောက်ပေးထားခဲ့တယ်လို့ ဆိုပါတယ်။
ပွဲကျင်းပရာနေရာကို မြင်ချင်ကြတဲ့ လူထောင်ပေါင်းများစွာဟာလည်း အပြိုင်အဆိုင် တိုးဝှေ့ကြည့်ရှုခဲ့ကြသလို တချို့ဆိုရင် သစ်ပင်တွေနဲ့ လျှပ်စစ်မီးတိုင်တွေပေါ်အထိတက်ပြီး ကြည့်ရှုခဲ့ကြတယ်လို့ သိရပါတယ်။ မင်္ဂလာပွဲ အခမ်းအနားမှာ မြင်းအကောင်ရေ (၂၀၀) ပါဝင်မယ့် မြင်းပြိုင်ပွဲကိုလည်း ထည့်သွင်းစီစဉ်ထားခဲ့ပါတယ်။ ဒါပေမဲ့ ပြိုင်ပွဲကြည့်ရှုဖို့ လူဦးရေ (၁) သိန်းခန့်အထိ ရောက်ရှိလာတာကြောင့် မြင်းပြိုင်ပွဲကို ရွှေ့ဆိုင်းခဲ့ရတယ်လို့ သိရပါ တယ်။ တရုတ်နိုင်ငံကနေ မှာယူထားတဲ့ ပန်းတွေနဲ့အလှဆင်ထားတဲ့ပန်းအလှပြင်ဆင်မှုတွေ၊ မီးရှူးမီးပန်းဖောက်ပွဲ တွေလည်း ပါဝင်ခဲ့သလို သတို့သမီးဟာ ဇိမ်ခံ BMW ကားနဲ့ရောက်ရှိလာခဲ့ပြီး သတို့သားကတော့ ကားအစီးရေ (၂၀၀) ခန့်ပါဝင်တဲ့ ယာဉ်တန်းကြီးနဲ့ လိုက်ပါခဲ့တယ်လို့ ဆိုပါတယ်။
PMG ရဲ့ခန့်မှန်းချက်အရ အိန္ဒိယနိုင်ငံမှာ တစ်နှစ်ကို မင်္ဂလာပွဲပေါင်း (၁၀) သန်းကျော် ကျင်းပလေ့ရှိပြီး မင်္ဂလာပွဲနဲ့ဆက်စပ်တဲ့လုပ်ငန်းဈေးကွက်တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ဘီလီယံ (၄၀) ကနေ ဘီလီယံ (၅၀) ကြားအထိ ရှိတယ်လို့ သိရပါတယ်။

မူရင်းသတင်း — NP News