
AI နည်းပညာသုံး ကိရိယာတွေ ထုတ်လုပ်ဖို့ ယှဉ်ပြိုင်နေကြတဲ့ ကုန်သွယ်မှုလျှို့ဝှက်ချက်အငြင်းပွားမှုရဲ့ နောက်ဆုံးအခြေအနေအဖြစ် OpenAI က Apple ကို သောကြာနေ့မှာ ပြန်လည်တရားစွဲဆိုလိုက်ပါတယ်။ ကယ်လီဖိုးနီးယားမြောက်ပိုင်း ဖက်ဒရယ်တရားရုံးမှာ တင်သွင်းတဲ့ အဲဒီတရားစွဲဆိုမှုမှာ Apple ဟာ တရားမဝင် ၊ မမျှတတဲ့ စီးပွားရေးလုပ်ထုံးလုပ်နည်းတွေကို ကျင့်သုံးနေတယ်လို့ OpenAI က စွပ်စွဲထားပါတယ်။ အဲဒီအငြင်းပွားမှုဟာ ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက စတင်ခဲ့တာဖြစ်ပြီး Apple က OpenAI နဲ့ Apple ဝန်ထမ်းဟောင်းနှစ်ဦးကို AI ကိရိယာထုတ်လုပ်ဖို့ ကုန်သွယ်မှုလျှို့ဝှက်ချက်တွေ ခိုးယူတယ်ဆိုကာ တရားစွဲဆိုခဲ့တာပါ။

OpenAI ရဲ့ တိုင်ကြားချက်မှာ Apple ဟာ ဝန်ထမ်းတွေကို အလုပ်ဖိုင်တွေအား ကိုယ်ပိုင် iCloud နဲ့ iMessage အကောင့်တွေထဲမှာ သိမ်းဆည်းဖို့ တမင်အားပေးထားပြီး ပြိုင်ဘက်ကုမ္ပဏီကို ပြောင်းရွှေ့မယ့် ဝန်ထမ်းတွေကို ချက်ချင်းထွက်ခွာခိုင်းကာ လျှို့ဝှက်ချက်ခိုးယူမှုနဲ့ စွပ်စွဲနိုင်အောင် ထောင်ချောက်ဆင်ထားတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် Apple ဟာ AI နည်းပညာပိုင်းမှာ ယှဉ်ပြိုင်ဖို့ ရုန်းကန်နေရတာကြောင့် အခုလို တရားစွဲဆိုနေတာဖြစ်ပြီး OpenAI နဲ့ လက်တွဲမလုပ်ဖို့ ပစ္စည်းပေးသွင်းသူတွေကိုလည်း ဖိအားပေးနေတယ်လို့ စွပ်စွဲထားပါတယ်။

Apple ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ အဲဒီအမှုဟာ OpenAI ဝန်ထမ်းတွေက Apple ရဲ့ မထုတ်ပြန်ရသေးတဲ့ နည်းပညာတွေနဲ့ ထုတ်ကုန်ဆိုင်ရာ လျှို့ဝှက်အချက်အလက်တွေကို တမင်ခိုးယူအသုံးပြုခဲ့တာကြောင့်ဖြစ်ပြီး OpenAI ရဲ့ ပြန်လည်တရားစွဲဆိုမှုဟာ အာရုံလွှဲဖို့ ကြိုးပမ်းမှုသာဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုပါတယ်။ Apple အနေနဲ့ ဝန်ထမ်းတွေကို အလုပ်နဲ့ ကိုယ်ပိုင်ဖိုင်တွေ သီးခြားစီထားဖို့ လေ့ကျင့်သင်ကြားပေးထားပြီး မတော်တဆကျန်ရှိနေတဲ့ ဖိုင်တွေအတွက် တရားစွဲဆိုတာမျိုး မရှိဘူးလို့ ဆိုပါတယ်။ လက်ရှိမှာတော့ AI ခေတ်ရဲ့ အဓိကကိုယ်ပိုင်ကိရိယာသစ် ထုတ်လုပ်နိုင်ရေး ပြိုင်ဆိုင်မှုပြင်းထန်နေချိန်မှာ ကုမ္ပဏီနှစ်ခုစလုံးက ဂျူရီလူကြီးအဖွဲ့နဲ့ စစ်ဆေးကြားနာဖို့ တောင်းဆိုထားပါတယ်။
Ref : cnn