NP News

ဈေးကွက်အတွင်း လက်ကျန်နည်းသဖြင့် မတ်ပဲဈေး မြင့်တက်နေ

ကိုဖြိုး (NP News) - နိုဝင်ဘာ ၂၈

နိုဝင်ဘာနှင့် ဒီဇင်ဘာလများသည် ပြည်တွင်း၌ ပဲသစ်များ မပေါ်သေးမီ လက်ကျန်ပဲ အနည်းဆုံး ကြားကာလဖြစ်သဖြင့် ဈေးကွက်အတွင်း ရောင်းလိုအားနည်းပါးကာ ဈေးနှုန်းမြင့်တက်နေကြောင်း သိရသည်။
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် နိုဝင်ဘာလ နောက်ဆုံးပတ် (၂၈) ရက်နေ့၌ မတ်ပဲ (FAQ) တစ်တန်လျှင် ကျပ် (၄,၀၃၇,၀၀၀) အထိ မြင့်တက်နေပြီး ပဲစဉ်းငုံ တစ်တန်လျှင် ကျပ် (၄,၄၉၇,၀၀၀) အထိ စံချိန်တင် မြင့်တက်လျက်ရှိကြောင်း သိရသည်။

အိန္ဒိယအစိုးရအနေဖြင့် ပဲစဉ်းငုံနှင့် မတ်ပဲတို့ကို အခွန်လွတ် တင်သွင်းခွင့်အား (၂၀၂၇) ခုနှစ် မတ်လအထိ ခွင့်ပြုပေးထားခြင်းကြောင့် အဝယ်လိုက်နေပြီး အိန္ဒိယသို့ ပဲစဉ်းငုံ တင်ပို့နေသည့် အာဖရိကနိုင်ငံများမှာလည်း ယခုနှစ် အထွက်နှုန်း လျော့နည်းခဲ့ခြင်းကြောင့် မြန်မာ့ပဲစဉ်းငုံအပေါ် ဝယ်လိုအား ပိုမိုစုပြုံ အာရုံစိုက်လာကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ပဲမျိုးစုံတင်ပို့သည့်နိုင်ငံများတွင် ကမ္ဘာ့ဒုတိယအဆင့် အများဆုံးတင်ပို့သည့်နိုင်ငံဖြစ်ပြီး အိန္ဒိယနိုင်ငံသို့ အများဆုံးတင်ပို့နေခြင်းဖြစ်သည်။

မူရင်းသတင်း — NP News