
သန့်ဇင် (NP News) - နိုဝင်ဘာ ၂၈
အာဆီယံတွင် မြန်မာနိုင်ငံ၏ ပါဝင်မှုသည် အရေးကြီးကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်ပြော ဟွန်မာနက်က ယနေ့(နိုဝင်ဘာ ၂၈ ရက်) နံနက်ပိုင်းတွင် ဗီယက်နမ်နိုင်ငံ ဟနွိင်းမြို့၌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်၏ ကမ္ဘောဒီးယားနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြင့်မားလာခဲ့ပြီး ကုန်သွယ်ရေးနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကော်မတီ၏ လုပ်ငန်းများ ပိုမိုတိုးတက်စေရေး သက်ဆိုင်ရာဝန်ကြီးများကို ညွှန်ကြားထားကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်က ဆိုသည်။
ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်း၊ ပညာရေး၊ စိုက်ပျိုးရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်သွားမည်ဖြစ်ပြီး မြန်မာကျောင်းသားများကို ကမ္ဘောဒီးယားနိုင်ငံသို့ လာရောက်ပညာသင်ကြားရန် ဖိတ်ခေါ်ထားကြောင်းလည်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ပြောကြားခဲ့သည်။
ထို့ပြင် အဆင့်မြင့်အရာရှိကြီးများ အပြန်အလှန်ချစ်ကြည်ရေးခရီးစဉ်များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ထည့်သွင်းပြောကြားခဲ့သည်။
အွန်လိုင်းငွေကြေးလိမ်လည်မှုများ တိုက်ဖျက်ရေးသည် နှစ်နိုင်ငံစလုံးအတွက် အရေးကြီးပြီး သတင်းအချက် အလက်ဖလှယ်၍ ပူးပေါင်းတိုက်ဖျက်သွားမည်ဖြစ်ကြောင်း နှင့် မြန်မာနိုင်ငံ၌ အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းများနှင့် ဆက်နွှယ်နေသည့် ကမ္ဘောဒီးယားနိုင်ငံ သားများအရေး ကူညီဆောင်ရွက်ပေးမှုအတွက် ကျေးဇူးတင်ရှိကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဆိုသည်။
ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံဘက်မှ အစဉ်အမြဲရပ်တည်ပေးလျက်ရှိပြီး ၂၀၂၂ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့စဉ်ကလည်း မြန်မာနိုင်ငံအရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း နှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ ပြဿနာများကို မြန်မာနိုင်ငံ၏ ကိုယ်ပိုင်နည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်ပြီး အာဆီယံအနေဖြင့် ပံ့ပိုးကူညီပေးသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သင့်ကြောင်းလည်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဆိုသည်။
အာဆီယံတွင် မြန်မာနိုင်ငံ၏ ပါဝင်မှုသည် အရေးကြီးသဖြင့် မြန်မာနိုင်ငံ အပြည့်အဝ ပြန်လည်ပါဝင်လာနိုင်ရေး၊ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေး အမြန်ဆုံးဖော်ဆောင်နိုင်ရေး မျှော်လင့်ကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့်လည်း အာဆီယံနှင့် ဆက်လက်ထိတွေ့ဆက်ဆံသွားစေလိုကြောင်းလည်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ထည့်သွင်းပြောကြားခဲ့သည်။