NP News

အမေရိကန်ဆီကနေ စစ်မြေပြင်သုံး AIနည်းပညာဝယ်ယူမယ့်သဘောတူညီချက်ကို ပိုလန်လက်မှတ်ရေးထိုး

Pika (NP News) - နိုဝင်ဘာ ၂၈

အမေရိကန်နည်းပညာကုမ္ပဏီကြီး Palantir ဆီကနေ စစ်မြေပြင်သုံး AI နည်းပညာကိုဝယ်ယူဖို့ သဘောတူညီချက်တစ်ရပ်ကို ပိုလန်နိုင်ငံက လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။
အမေရိကန်နည်းပညာအပေါ် မှီခိုအားထားနေရမှုနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေကြောင့် ဥရောအစိုးရအချို့က Palantir ရဲ့ဆော့ဖ်ဝဲလ်အစား အခြားရွေးချယ်စရာတွေကို ရှာဖွေနေချိန်မှာပဲ ပိုလန်အစိုးရရဲ့လက်မှတ်ရေးထိုးမှုထွက်ပေါ်လာတာဖြစ်ပါတယ်။

ဒါ့ပြင်စစ်မြေပြင်မှာ AI နည်းပညာအသုံးပြုတာက ပိုလန်နိုင်ငံရဲ့စစ်ရေးဆိုင်ရာဟန့်တားကာကွယ်ရေးမူဝါဒအတွက် အဓိကကျတဲ့အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ ပိုလန်ကာကွယ်ရေးဝန်ကြီး Wladyslaw Kosiniak-Kamysz က ပြောကြားခဲ့ပါတယ်။
Palantirရဲ့ Maven Smart System ဆော့ဖ်ဝဲလ်ဟာ AI နည်းပညာကိုအသုံးပြုပြီး ရင်းမြစ်အမျိုးမျိုးက အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာမှုတွေလုပ်ဆောင်ပေးကာ စစ်ဘက်ဆိုင်ရာတပ်မှူးတွေရဲ့ဆုံးဖြတ်ချက်ချမှတ်တဲ့လုပ်ငန်းစဉ်တွေကို အထောက်အကူဖြစ်စေမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ပိုလန်နိုင်ငံက လက်မှတ်ရေးထိုးခဲ့တဲ့သဘောတူညီချက်က အချိန်(၅)နှစ်တာ ကာလအတွက် အမေရိကန်ဒေါ်လာသန်း(၃၀၀)ခန့် တန်ဖိုးရှိတယ်လို့ သိရပါတယ်။
ဒါ့ပြင် Maven Smart Systemဟာ ပိုလန်စစ်တပ်ရဲ့အခြေခံအဆောက်အအုံတွေမှာသာ လည်ပတ်မှာဖြစ်ပြီး Palantir ကုမ္ပဏီအနေနဲ့ စစ်ဘက်ဆိုင်ရာအချက်အလက်တွေ၊ကုဒ်ဝှက်သော့တွေ ဒါမှမဟုတ် စနစ်ကိုအဝေးကနေထိန်းချုပ်ခွင့်ရရှိမှာ မဟုတ်ဘူးလို့လည်း ပိုလန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်မှာ Maven Smart Systemနေရာမှာ အစားထိုးအသုံးပြုနိုင်မယ့် ပြည်တွင်းထုတ်နည်းပညာနှစ်မျိုးကို ပိုလန်ကာကွယ်ရေးဝန်ကြီးဌာနက ဖန်တီးနေပေမယ့်လည်း အစားထိုးပြောင်းလဲမှုတွေအတွက် အချိန်ဇယားကိုတော့ ထုတ်ဖော်ပြောဆိုတာမျိုးမရှိသေးဘူးလို့ သိရပါတယ်။

မူရင်းသတင်း — NP News