
ထားဝယ် ၊ နိုဝင်ဘာ ၂၈
တနင်္သာရီတိုင်းဒေသကြီး ဆီအုန်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းဖွဲ့စည်းခြင်းနှင့် ဆီချောစက်ရုံတည်ဆောက်ခြင်းဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးအောင်ကျော်ကျော်ဦးက တနင်္သာရီတိုင်းဒေသကြီးသည် ဆီအုန်းသီးနှံ စိုက်ပျိုးရန်သင့်လျော်သော ရာသီဥတုရှိသဖြင့် ဆီအုန်းပင်များကောင်းစွာ စိုက်ပျိုးဖြစ်ထွန်းသည့် ဒေသတစ်ခုဖြစ်ကြောင်း၊ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် စိုက်ဧက (၃၉၆၃၉၅)ဧက၊ အသီးခူးဧက (၁၇၈၂၃၈) ဧကမှ တစ်ဧကအထွက်နှုန်း (၃.၄၇)တန်ဖြင့် စုစုပေါင်းအထွက် (၆၁၇၆၉၃)တန် အသီးခူးထုတ်လုပ်နိုင်ခဲ့ပြီး ၂၀၂၆-၂၀၂၇ ခုနှစ်၊ အောက်တိုဘာလကုန်အထိစိုက်ဧက(၄၀၁,၆၀၅)ဧက၊ အသီးခူးဧက (၁၇၅,၉၂၆)၊ တစ်ဧကအထွက်နှုန်း (၂.၁၈) တန်ဖြင့် အထွက်စုစုပေါင်း(၃၈၃,၃၄၇)တန် အသီးခူးထုတ်လုပ်လျက်ရှိကြောင်း၊ နိုင်ငံတော်သမ္မတ၏ တနင်္သာရီတိုင်းဒေသကြီးခရီးစဉ်အတွင်း “ဆီအုန်းစိုက်ပျိုးမှုကို အလေးထားဆောင်ရွက်ပြီးရရှိသော ဆီကြမ်းများအား ဆီချောထုတ်လုပ်နိုင်ရေးဆောင်ရွက်သွားရန်”ဟု လမ်းညွှန်မှာကြားချက်နှင့်အညီ ဆီအုန်းကုမ္ပဏီများအနေဖြင့် နိုင်ငံတော်၏စားသုံးဆီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး၊ စားသုံးဆီဖူလုံရေးအတွက် ဆီအုန်းတစ်ဧကအထွက်နှုန်းတိုးတက်မြင့်မားရေး၊ အသီးခူးဧရိယာ အပြည့်အဝ အသီးခူးနိုင်ရေး၊ ကုန်ထုတ်လုပ်ငန်းများအပြည့်အဝဆောင်ရွက်ရေး၊ ထိန်းသိမ်းခြင်းလုပ်ငန်းများ စံချိန်မီဆောင်ရွက်ရေးလုပ်ငန်းများကိုလည်း စိုက်ပျိုးရေးဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးတွင် ဆီအုန်းဆီကြမ်းစက်ရုံများ တည်ဆောက်ထားရှိပြီး ထားဝယ်ခရိုင်တွင် (၂) ရုံ၊ မြိတ်ခရိုင်တွင် (၄)ရုံ၊ ဘုတ်ပြင်းခရိုင်တွင် (၂) ရုံနှင့် ကော့သောင်းခရိုင်တွင် (၃) ရုံ စုစုပေါင်း (၁၁) ရုံရှိခဲ့ပြီး ယခုအချိန်အထိ လည်ပတ်နိုင်သည့် စက်ရုံစုစုပေါင်း (၅) ရုံသာ လည် ပတ်လျက်ရှိကြောင်း၊ ဆီအုန်းစိုက်တောင်သူများ၏ အခန်းကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ၎င်းတို့၏ စိုက်ဧရိယာများနှင့် နီးစပ်ရာဒေသများတွင် ဆီအုန်းဆီကြမ်းနှင့်ဆီချောစက်ရုံများ တည်ဆောက်ပြီး ဈေးကွက်ဖန်တီးပေးနိုင်မှသာလျှင် တောင်သူများစိတ်ဝင်စားမှု ရှိလာမှာဖြစ်ကြောင်း၊ မြိတ်အောက်ပိုင်းဒေသများတွင် ဆီအုန်းအထွက်နှုန်းပိုမိုကောင်းမွန်စွာ ထွက်ရှိသောကြောင့် ဆီအုန်းစိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးနှင့် ဆီအုန်းစိုက်ပျိုးထုတ်လုပ်မှု ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက် စီးပွားဖြစ်သက်တမ်းလွန် ပင်အိုဧရိယာများအား replanting လုပ်ဆောင်ရန် ရေရှည်စီမံချက်ရေးဆွဲပြီးဆီသီးခိုင်တိုးတက် ထုတ်လုပ်ရေး၊ ဆီကြမ်း တိုးတက်ထုတ်လုပ်ရေးမှသည် ဆီချောထုတ်လုပ်ပြီး စားသုံးဆီ ထုတ်လုပ်နိုင်ရန်အတွက် ဆီချောစက်ရုံ တည်ဆောက်နိုင်ရေးနှင့် ဆီအုန်းလုပ်ငန်းရှင်များအတူတကွ ပူးပေါင်းလုပ်ဆောင်ကြရန်လိုအပ်ကြောင်း၊ ယနေ့ဖွဲ့စည်းမည့်အသင်းသည် စည်းမျဉ်းစည်းကမ်းနှင့်အညီ နည်းလမ်းကျကျလည်ပတ်ပြီးအဖွဲ့ဝင်အားလုံး၏ အကျိုးစီးပွားကို ဦးတည်ဆောင်ရွက်သည့် အဖွဲ့အစည်းတစ်ခုဖြစ်လာစေရန် မျှော်လင့်ကြောင်း၊ ယနေ့အစည်းအဝေးမှ အပြန်အလှန်ဆွေးနွေးညှိနှိုင်းမှုများမှတစ်ဆင့် ခိုင်မာအားကောင်းသော အသင်းပေါ်ပေါက်လာပြီး စိုက်ပျိုးရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ၏စားသုံးဆီဖူလုံရေးအတွက် အရေးပါသောအခန်းကဏ္ဍမှပါဝင်ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်းပြောကြားသည်။
ဆက်လက်၍တိုင်းဒေသကြီးအတွင်းရှိ၊ ဆီအုန်းစိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်အဖွဲ့ဝင် တိုင်းဒေသကြီးဦးစီးမှူးများက ဆီအုန်းစိုက်ပျိုးရေးလုပ်ငန်းများအောင်မြင်ဖြစ်ထွန်းစေရေးနှင့် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားလာစေရေးအတွက် ဆောင်ရွက်လျက်ရှိသည့် ဆီအုန်းစိုက်ခင်းများ၏ စိုက်ပျိုးထားရှိမှုအခြေအနေ၊ ဆီအုန်းပင်များ အထွက်နှုန်းကောင်းမွန်စေရေးအတွက် စိုက်ပျိုးရေးနည်းစနစ်များနှင့်အညီ ဆီအုန်းစိုက်ပျိုးဧရိယာများ တိုးချဲ့နိုင်ရေး၊ တစ်ဧကအထွက်နှုန်း တိုးတက်ကောင်းမွန်ရေး၊ ပြည်တွင်းစားသုံးဆီလိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်ရေးနှင့် ဒေသတွင်း စိုက်ပျိုးရေးအခြေခံ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် လိုအပ်သည်များကို အကြံပြုဆွေးနွေးခဲ့ကြသည်။ထို့နောက်တိုင်းဒေသကြီးအတွင်းရှိ ဆီအုန်းစိုက်ပျိုးထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများအသင်းက ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ဆီအုန်းစိုက်ပျိုးထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများအသင်းဥက္ကဋ္ဌ ဦးဌေးမြင့်က နှုတ်ခွန်းဆက်စကားပြောကြားကာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးအောင်ကျော်ကျော်ဦးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်းသတင်းရရှိသည်။
https://t.me/MyanmarNationalPost