သက်တံ့
၂၈. ၁၁. ၂၀၂၆
မြန်မာနိုင်ငံတွင် သတ္တုရိုင်းသန့်စင်ရန် အသုံးပြုသည့် ဓာတုပစ္စည်းများ တင်ပို့မှုကို နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ပိတ်ပင်ကြောင်း ကြေညာရန် ထိုင်းကာကွယ်ရေးဝန်ကြီးဌာနက စီစဉ်နေသည်ဟု ဝန်ကြီးချုပ် အနုထင် ချာဝီရကွန်က ယနေ့ ပြောကြားသည်ဟု The Nation က ဖော်ပြသည်။
ဤပိတ်ပင်မှုသည် ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ကော့၊ ဆိုင်နှင့် ရုအက်မြစ်များအတွင်း ရေထုညစ်ညမ်းမှုနှင့် ဆက်စပ်နေသည့် မြစ်ညာပိုင်း သတ္တုတူးဖော်ရေးလုပ်ငန်းများကို ပစ်မှတ်ထားခြင်းဖြစ်သည်။
နိုဝင်ဘာ ၂၈ ရက်နေ့က ထုတ်လွှင့်သည့် ၎င်း၏ အပတ်စဉ်ရုပ်သံအစီအစဉ်တွင် အနုထင်က အစိုးရအနေဖြင့် ရေအရည်အသွေး စောင့်ကြည့်စစ်ဆေးရေးစခန်းများ တပ်ဆင်ထားပြီး ထိခိုက်ခံစားရသည့် ဒေသများတွင် ပိုက်လိုင်းရေပေးဝေရန်အတွက် အခြားရေအရင်းအမြစ်များကို အသုံးပြုရန် ခရိုင်ရေပေးဝေရေးအာဏာပိုင် အဖွဲ့အား ညွှန်ကြားထားကြောင်း ပြောကြားခဲ့သည်။
ထိုင်းနှင့် မြန်မာနှစ်နိုင်ငံတို့သည် ကော့မြစ်တွင် ၈ နေရာနှင့် ဆိုင်မြစ်တွင် ၄ နေရာ စုစုပေါင်း ၁၂ နေရာ၌ ရေနမူနာများ ကောက်ယူရန် မူအားဖြင့် သဘောတူညီထားပြီး တစ်နိုင်ငံစီတွင် နေရာထက်ဝက်စီ ပါဝင်မည်ဖြစ်သည်။ ပထမအကြိမ် ပူးတွဲရေနမူနာကောက်ယူမှုကို ၂၀၂၆ ခုနှစ် ဒီဇင်ဘာလ သို့မဟုတ် ၂၀၂၇ ခုနှစ် ဇန်နဝါရီလတွင် ပြုလုပ်နိုင်ရန် မျှော်မှန်းထားသည်။
အဆိုပါ ညစ်ညမ်းမှုပြဿနာကို တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တိုက်ရိုက်ဆွေးနွေးခဲ့ကြောင်း အနုထင်က ပြောကြားသည်။ အနုထင်၏ အဆိုအရ ပြည်သူများ၏ ကျန်းမာရေးကို ထိခိုက်စေသည့် စက်မှုလုပ်ငန်းများကို တရုတ်နိုင်ငံက အားပေးထောက်ခံခြင်းမရှိကြောင်း ရှီကျင့်ဖျင်က ပြောကြားခဲ့ပြီး ထိုအာမခံချက်ကို တရုတ်အစိုးရ၏ ကတိကဝတ်တစ်ခုအဖြစ် မှတ်ယူကြောင်း ဝန်ကြီးချုပ်က ဆိုသည်။
ထို့အပြင် ထိုင်းနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် သံတမန်ရေးရာ ဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း အနုထင်က ပြောကြားသည်။ အကယ်၍ နယ်စပ်တစ်ဖက်ခြမ်းရှိ စီးပွားရေးလုပ်ငန်းများသည် ထိုင်းလူမှုအသိုင်းအဝိုင်းများကို ဆက်လက်ထိခိုက်စေပါက ကုန်ပစ္စည်းဝယ်ယူမှုများကို ရပ်ဆိုင်းခြင်း သို့မဟုတ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန် စဉ်းစားခြင်းတို့ကို ပြုလုပ်သွားရန် အစိုးရက အသင့်ရှိနေကြောင်းလည်း အနုထင်က ပြောကြားခဲ့သည်။
Ref: The Nation