Myanmar Transparency News

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်တို့ တွေ့ဆုံ၊ နှစ်နိုင်ငံကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ အွန်လိုင်းငွေကြေးလိမ်လည်မှုများ တိုက်ဖျက်ရေးနှင့် အာဆီယံဆိုင်ရာကိစ္စရပ်များ ဆွေးနွေး

MT News
၂၉. ၁၁. ၂၀၂၆

ဗီယက်နမ်နိုင်ငံ၌ ကျင်းပသည့် (၁၁) ကြိမ်မြောက် ACMECS ထိပ်သီးအစည်းအဝေးနှင့် (၁၂) ကြိမ်မြောက် CLMV ထိပ်သီးအစည်းအဝေးတို့သို့ တက်ရောက်ရန် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်မာနက်နှင့် ယမန်နေ့နံနက်ပိုင်းတွင် ဟနွိုင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်ဟု နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးထံမှ သိရသည်။

■ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ဆွေးနွေးပြောကြားချက်များ

အစည်းအဝေးတွင် နိုင်ငံတော်သမ္မတက ကမ္ဘောဒီးယားနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ သိသာစွာ တိုးတက်လာသည့်အတွက် ဝမ်းမြောက်မိကြောင်းနှင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ရေရှည်တည်တံ့ခိုင်မြဲစေရေး ဆောင်ရွက်လိုကြောင်း၊ ကုန်သွယ်ရေး၊ စိုက်ပျိုးရေးနှင့် ခရီးသွားလုပ်ငန်းကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ကမ္ဘောဒီးယားနိုင်ငံ၌ ဒီဇင်ဘာလတွင် ကျင်းပမည့် ကုန်စည်ပြပွဲတွင် ပူးပေါင်းပါဝင်ရေးနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ သဘောတူညီချက်များ ချုပ်ဆိုနိုင်ရေး ဆောင်ရွက်လိုကြောင်း ဆွေးနွေးသည်။

ထို့အပြင် နှစ်နိုင်ငံတပ်မတော်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ စစ်ရေးလေ့ကျင့်မှုများတွင် ပူးပေါင်းပါဝင်ရေး၊ သင်တန်းသားများနှင့် ကိုယ်စားလှယ်အဖွဲ့များ စေလွှတ်ရေးတို့ကို ဆောင်ရွက်လိုကြောင်း၊ အွန်လိုင်းငွေကြေးလိမ်လည်မှုများသည် နှစ်နိုင်ငံစလုံးအတွက် ကြီးမားသည့် စိန်ခေါ်မှုဖြစ်ပြီး အမြစ်ပြတ်တိုက်ဖျက်သွားရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အမေရိကန်နိုင်ငံ FBI တို့အကြား သတင်းအချက်အလက်ဖလှယ်၍ ပူးပေါင်းဆောင်ရွက်လျက်ရှိသကဲ့သို့ ကမ္ဘောဒီးယားနိုင်ငံနှင့်လည်း ပူးပေါင်းတိုက်ဖျက်လိုကြောင်းလည်း ဆွေးနွေးပြောကြားသည်။

ထို့အပြင် အာဆီယံထိပ်သီးအစည်းအဝေး၌ မြန်မာနိုင်ငံဘက်မှ ရပ်တည်ဆွေးနွေးပေးခဲ့သည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ အာဆီယံပဋိညာဉ်နှင့်အညီ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သော်လည်း ခွဲခြားဆက်ဆံခံရမှုကို နိုင်ငံရေးဂုဏ်သိက္ခာအရ လက်ခံနိုင်မည်မဟုတ်ကြောင်း၊ ပြီးခဲ့သည့် ငါးနှစ်တာကာလအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ၊ သဘာဝဘေးအန္တရာယ်များနှင့် လက်နက်ကိုင်ပဋိပက္ခများကို ရင်ဆိုင်ခဲ့ရသော်လည်း ပြည်တွင်းငြိမ်းချမ်းရေးနှင့် အာဆီယံဘုံသဘောတူညီချက် (၅) ရပ် အကောင်အထည်ဖော်ရေးတို့ကို အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး၍ သဘောတူညီချက်များ ရရှိခဲ့မှု၊ လွတ်ငြိမ်းချမ်းသာခွင့်များ ပေးအပ်ခဲ့မှုနှင့် ၂၀၂၇ ခုနှစ်တွင် ငြိမ်းချမ်းရေးညီလာခံ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတက ဆွေးနွေး ပြောကြားခဲ့သည်။

■ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်၏ ဆွေးနွေးပြောကြားချက်များ

ထိုသို့ ဆွေးနွေးမှုများအပေါ် ကမ္ဘောဒီးယားဝန်ကြီးချုပ်ကလည်း နိုင်ငံတော်သမ္မတ၏ ကမ္ဘောဒီးယားနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြင့်မားလာခဲ့ပြီး ကုန်သွယ်ရေးနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကော်မတီ၏ လုပ်ငန်းများ ပိုမိုတိုးတက်စေရေး သက်ဆိုင်ရာဝန်ကြီးများကို ညွှန်ကြားထားကြောင်း၊ ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်း၊ ပညာရေး၊ စိုက်ပျိုးရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားမည်ဖြစ်ပြီး မြန်မာကျောင်းသားများကို ကမ္ဘောဒီးယားနိုင်ငံသို့ လာရောက်ပညာသင်ကြားရန် ဖိတ်ခေါ်ထားကြောင်းနှင့် အဆင့်မြင့်အရာရှိကြီးများ အပြန်အလှန်ချစ်ကြည်ရေးခရီးစဉ်များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အွန်လိုင်းငွေကြေးလိမ်လည်မှုများ တိုက်ဖျက်ရေးသည် နှစ်နိုင်ငံစလုံးအတွက် အရေးကြီးပြီး သတင်းအချက်အလက်ဖလှယ်၍ ပူးပေါင်းတိုက်ဖျက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းများနှင့် ဆက်နွှယ်နေသည့် ကမ္ဘောဒီးယားနိုင်ငံသားများအရေး ကူညီဆောင်ရွက်ပေးမှုအတွက် ကျေးဇူးတင်ရှိကြောင်း ဆွေးနွေးပြောကြားသည်။

ထို့အတူ ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံဘက်မှ အစဉ်အမြဲရပ်တည်ပေးလျက်ရှိပြီး ၂၀၂၂ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့စဉ်ကလည်း မြန်မာနိုင်ငံအရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်းနှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ပြဿနာများကို မြန်မာနိုင်ငံ၏ ကိုယ်ပိုင်နည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်ပြီး အာဆီယံအနေဖြင့် ပံ့ပိုးကူညီပေးသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သင့်ကြောင်း၊ အာဆီယံတွင် မြန်မာနိုင်ငံ၏ ပါဝင်မှုသည် အရေးကြီးသဖြင့် မြန်မာနိုင်ငံ အပြည့်အဝ ပြန်လည်ပါဝင်လာနိုင်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး အမြန်ဆုံးဖော်ဆောင်နိုင်ရေး မျှော်လင့်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း အာဆီယံနှင့် ဆက်လက်ထိတွေ့ဆက်ဆံသွားစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်ဟု သိရသည်။

မူရင်းသတင်း — Myanmar Transparency News