
စိမ့်စမ်းရေ(NP News)- နိုဝင်ဘာ ၂၉
အစားအသောက်များ ဝယ်ယူရာတွင် ထုပ်ပိုးမှုပုံစံထက် အတွင်းတွင် ထည့်ထားသော ပါဝင်ပစ္စည်းနှင့် အညွှန်းစာများကို သေချာစစ်ဆေး၍ ဝယ်ယူသင့်ကြောင်း စားသုံးသူ ကာကွယ်ရေး ဆောင်ရွက်နေသူ တစ်ဦးကNP News က တဆင့် အကြံပြုပြောကြားသည်။
ယခု နောက်ပိုင်းကာလများတွင် TikTok လူမှုကွန်ယက်မှ တဆင့် အစားအသောက်များအား ကောင်းမွန်သော ထုပ်ပိုးမှု ပုံစံများဖြင့် ရောင်းချလာကြကြောင်း တွေ့ရသည်။
“ထုတ်ပိုးတာကိုပဲ မျက်စိနဲ့ကြည့်ပြီးတော့ ဒါကစံချိန်တစ်ခုပါလို့ သတ်မှတ်လို့မရနိုင်ပါဘူး။ အထဲက ပါဝင်ပစ္စည်းက အရေးကြီးတာပေါ့။ Packing တွေကတော့ ပိုလည်းကုန်တယ်။ နောက်ပြီးတော့ အမြင်နဲ့တင်ပဲ စားသုံးသူကို ဆွဲဆောင်သွားတာဆိုတော့ စားသုံးသူကိုလည်း Labeling ကိုကြည့်ပြီးတော့ စားပါ” ဟု ၎င်းက ပြောသည်။
ထို့ကြောင့် လူမှုကွန်ရက်များမှတစ်ဆင့် ရောင်းချနေသည့် အစားအသောက်များကို သက်ဆိုင်ရာအစိုးရအဖွဲ့မှ တာဝန်ရှိသူများက ကြီးကြပ်ထိန်းချုပ်ရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။
“အဲဒါတွေအတွက်ကို တကယ် ကာကွယ်ပေးရမှာကတော့ အစိုးရပဲ။ အစိုးရက ဒါတွေ အတွက်ကို ဌာနတွေ ခန့်ထားတယ်။ ပညာရှင်တွေ ခန့်ထားတယ်။ အဲဒါတွေ သူတို့ အကုန်လုံး စီစဉ်ထားပြီးသား ရှိတာပဲလေ။ အဲဒါပဲ ဖြစ်နိုင်တယ် ။ ဘာလို့လဲဆိုတော့ သူ့မှာ ဥပဒေ ရှိတာကိုး။ အစားအသောက်နဲ့ ပတ်သက်တဲ့ ဥပဒေတွေ ရှိတာကိုး။ အဲဒီဥပဒေတွေက တစ်ခုခု ငြိစွန်းနေရင်တော့ အရေးယူရမယ်။ နောက်တစ်ခုက ထုတ်လုပ်တဲ့လူတွေကို စနစ်တကျ ထုတ်လုပ်နိုင်အောင် ထိန်းကျောင်းရမှာပေါ့” ဟု ၎င်းက ပြောသည်။
အစားအသောက်ထုတ်ကုန်များ၏ ထုပ်ပိုးမှုကို သက်ဆိုင်ရာ FDA က စစ်ဆေးကြီးကြပ်ရန်နှင့် အစားအသောက်အတွင်း ပါဝင်သည့် ပစ္စည်းများအပေါ် အမှန်တကယ် တာဝန်ယူနိုင်သည့် စနစ်တစ်ရပ်ရှိရန်လည်း လိုအပ်ကြောင်း ၎င်းက ဆိုသည်။
“Packing ပတ်သက်ပြီးတော့ ထွက်သမျှအားလုံး စစ်ဆေးရမှာက FDA ပဲ။ FDA က Packing နဲ့ထွက်သမျှအားလုံး သူနဲ့ဆိုင်တယ်။ သူမစစ်ဆေးထားရင် အပြင်မှာရှိနေရင်တော့ အရေးယူရမယ်။ အဲဒါကို မစစ်ဆေးဘဲ ထုတ်ထားတဲ့သူကလည်း အပြစ်ရှိတာပဲ။ စားသုံးသူကိုလည်း Labeling ကိုကြည့်ပြီးတော့ စားပါလို့ ပညာပေးမှုတွေ၊ တိုက်တွန်းမှုတွေက တကယ်တမ်းကျတော့ အဲဒါနဲ့ မလုံလောက်ဘူး။ အပြင်မှာဖတ်ရုံနဲ့ သဘောကျအောင် ရေးထားတယ်။ Labeling ကောင်းတိုင်းလည်း ဘယ်လိုလုပ် စိတ်ချမှာလဲဆိုတာက အရေးကြီးတာလေ။ အဲဒီတော့ အထဲကဟာကို တာဝန်ယူနိုင်တဲ့ စနစ်ဇယားတွေ နိုင်ငံမှာ သေချာလုပ်မှာလား၊ မလုပ်ဘူးလား။ ထုတ်လုပ်သူတွေကလည်း လိုက်နာမှာလား။ မလိုက်နာဘူးလား” ဟု ၎င်းက ပြောသည်။
အင်တာနက်တွင် Trend ဖြစ်သော အစားအသောက်များအား စျေးနှုန်းမကြည့်ပဲ ဝယ်စားခြင်းများလည်း ယင်း အတွက် ဝယ်ခြင်း၊ မဝယ်ခြင်းမှာ စားသုံးသူ ၏ အခွင့်အရေး ဖြစ်သော်လည်း အခွန်ဆောင်၊ မဆောင်ကို ထပ်မံ စစ်ဆေးရမည် ဖြစ်ကြောင်း ၎င်းက အကြံပြုသည်။
“ဈေးကောင်းသွားတဲ့ဟာတွေရဲ့ နောက်ကွယ်မှာ အမြတ်တွေပဲ များသွားပြီးတော့ အဲဒီအမြတ်စွန်းပေါ်က နေပြီးတော့ ပေးစရာရှိတဲ့ Tax ကို သေချာ ပေးမှာလား။ အဲဒါဘယ်လိုစဉ်းစားမလဲ။ အဲဒါတစ်ခုရှိတာပေါ့။ ဘာလို့ဆိုတော့ တအားများသွားရင် အဲဒီပေါ်ကရတဲ့အမြတ်စွန်းပေါ်မှာ Tax ပြန်ပေးလို့ရင်တော့ စားသုံးသူ အတွက် အကျိုးတစ်မျိုးမျိုးတော့ ရှိနိုင်တာပေါ့လေ။ အာမတော့မခံဘူး။ ဒါပေမဲ့ tax ဝင်သွားတယ် ဆိုရင်တော့ ဒီ Tax ကို Manage လုပ်ပြီးတော့ ပြန်သုံးတဲ့ အစိုးရရဲ့စနစ်ထဲမှာ ဝင်သွားမှာပေါ့” ဟု ၎င်းက ပြောသည်။