
စိမ့်စမ်းရေ (NP News) - နိုဝင်ဘာ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ HIGHLAND အမှတ်တံဆိပ် ရေသန့်တွင် ကာလဝမ်းရောဂါပိုး တွေ့ရှိခဲ့သဖြင့် အဆိုပါရေသန့်စက်ရုံကို ယာယီရပ်ဆိုင်းထားပြီး ထပ်မံစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာနနှင့် နီးစပ်သူတစ်ဦးက NP News သို့ပြောသည်။
HIGHLAND ရေသန့်စက်ရုံမှ ဈေးကွက်အတွင်း ဖြန့်ဝေထားသည့် ရေသန့်နမူနာကို ဓာတ်ခွဲစစ်ဆေးခဲ့ရာ ကာလဝမ်းရောဂါပိုးတွေ့ရှိခဲ့သဖြင့် ပြင်ဦးလွင်ခရိုင်၊ ခရိုင်ကျန်းမာရေးလုပ်ငန်းကြီးကြပ်မှုကော်မတီက အဆိုပါစက်ရုံ၏ ထုတ်လုပ်မှု၊ ဖြန့်ဝေမှု၊ ရောင်းချမှုနှင့် လှူဒါန်းမှုများကို ယာယီရပ်ဆိုင်းရန် နိုဝင်ဘာလ (၂၃) ရက်နေ့စွဲဖြင့် အသိပေးစာမှာ အင်တာနက်လူမှုကွန်ယက်တွင် ပြန့်နှံ့ခဲ့သည်။
“ကျွန်တော်တို့ ရေသန့်ကို စစ်လိုက်တဲ့အချိန်မှာတော့ အဲဒီမှာ ပိုးသွားတွေ့တာပေါ့။ အဲဒီမှာလည်း ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း အဲဒီလိုမျိုး ဝမ်းပျက်ဝမ်းလျောဖြစ်တာလေး နည်းနည်းရှိတော့ ကျွန်တော်တို့က စိတ်ချရအောင် အထူးသဖြင့် ရေကို ကြိုချက်တာ၊ ရေထည့်တဲ့ Tent တွေ အဲဒါတွေကို လိုက်စစ်တဲ့အခါကျတော့ အဲဒီရေ Tent တွေမှာ သွားတွေ့တာ။ ယာယီပဲ ရပ်ဆိုင်းထားတာ။ တခြားအဖွဲ့တွေ ပြန်စစ်နေတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် အခြားသက်ဆိုင်ရာအဖွဲ့များက ထပ်မံစစ်ဆေးမှုများ လုပ်ဆောင်နေပြီး စစ်ဆေးမှုများ ပြီးစီးပါက ရလဒ်များကို ပြန်လည်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
“လောလောဆယ်က ပြန်စစ်နေတဲ့အနေအထားပေါ့လေ။ ကျွန်တော်တို့စစ်ဆေးပြီးတဲ့အခါကျရင် ပြန်ထုတ်ပြန်ပေးပါ့မယ်” ဟု ၎င်းက ပြောသည်။
ထို့ပြင် ဆေးရုံတက်ရောက်ကုသနေသည့် လူနာအချို့တွင်လည်း ဝမ်းရောဂါပိုးတွေ့ရှိမှုများ ရှိသော်လည်း ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်သည့်အခြေအနေတွင်ရှိကြောင်း ၎င်းက ပြောသည်။
“ကျွန်တော်တို့စစ်တာတော့ အဲဒီတံဆိပ်ပဲတွေ့တာ။ ကျန်တဲ့နေရာတွေကတော့ ပတ်ဝန်းကျင်တွေ ဘာတွေက စစ်ဆေးနေတုန်းပဲ။ ဆေးရုံတက်တဲ့တချို့လူနာတွေမှာ တွေ့တာလေးတွေရှိတယ်။ ဒါပေမဲ့လည်း ဒီဘက်က ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းတွေက နိုင်နိုင်နင်းနင်းလုပ်နိုင်တဲ့ အနေအထားမှာရှိတယ်” ဟု ၎င်းက ပြောသည်။
