Eleven Media Group

ရှက်ဖီးယူနိုက်တက်နှင့်ပွဲမှ မက်အယ်လစ္စတာ၏သွင်းဂိုးကို  ယာဂန်ကလော့ပ် ချီးကျူးခဲ့ပြီး ကွင်းလယ်တိုက်စစ် နံပါတ် ၈ နေရာအတွက် ပိုနှစ်သက်ဟု ဆို

Photo: Getty Images

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က ရှက်ဖီးယူနိုက်တက်အသင်းနှင့်ပွဲမှ မက်အယ်လစ္စတာ၏သွင်းဂိုးကို ချီးကျူးခဲ့ပြီး ကွင်းလယ်တိုက်စစ် နံပါတ် ၈ နေရာအတွက် ပိုနှစ်သက်ကြောင်း ပြောကြားခဲ့သည်။

ဧပြီ ၄ ရက် ညပိုင်းက ယှဉ်ပြိုင်ကစား သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် လီဗာပူးလ်အသင်းက ဇယားအောက်ဆုံးမှ ရှက်ဖီးယူနိုက်တက်အသင်းကို အိမ်ကွင်း၌ (၃-၁) ဂိုးဖြင့် အနိုင်ရခဲ့သည်။ ပွဲအစ ၁၇ မိနစ်တွင် ဒါဝင်နူးနက်ဇ်သွင်းယူသည့်ဂိုးဖြင့် လီဗာပူးလ် အသင်း ဦးဆောင်နိုင်ခဲ့သော်လည်း ၅၈ မိနစ်တွင် ဘရက်ဒလေ၏ Own Goal ကြောင့် သရေဖြစ်ခဲ့သည်။ ၇၆ မိနစ်တွင် မက်အယ်လစ္စတာက ကိုက် ၂၀ အကွာမှ အပြင်းကန်ချက်ဖြင့် လီဗာပူးလ်အတွက် ဦးဆောင်ဂိုးသွင်းယူပြီး အနိုင်သေချာစေမည့် တတိယဂိုးကို မိနစ် ၉၀ တွင် လူစားဝင်ကစားသမား ဂက်ပိုက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

အယ်လစ္စတာ၏ သွင်းဂိုးနှင့်ပတ်သက်၍ ယာဂန်ကလော့ပ်က "အလှည့်အပြောင်း ဖြစ်စေဖို့ မက်ကာရဲ့ အံ့အားသင့်စရာဂိုးကို ကျွန်တော်တို့ လိုအပ်ခဲ့တယ်။ သူက ကျွန်တော်တို့အတွက် အရမ်းကို အရေးကြီးပါတယ်။ သူက အံ့သြစရာကောင်းတဲ့ ကစားသမားတစ်ယောက်၊ အံ့သြစရာကောင်းတဲ့ ကောင်လေးတစ်ယောက်ပါ။ လီဗာပူးလ် အတွက် သူ့ကိုရခဲ့တာ ကျွန်တော် တကယ်ဝမ်းသာပါတယ်။ သူက ခံစစ်ကစားနိုင်ပါ့မလားဆိုပြီး လူတွေက သံသယရှိကြပေမဲ့ သူ့ရဲ့ခံစစ်ပိုင်းစွမ်းဆောင်ရည်က တကယ်ကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ နံပါတ် ၈ (ကွင်းလယ်တိုက်စစ်) နေရာမှာ သူ့ကို ပိုသဘောကျပါတယ်။ သူက တကယ်ကောင်းတဲ့ ကစားသမားပါ။ ပထမပိုင်းမှာ သူက နံပါတ် ၆ နေရာမှာ ကစားခဲ့တာပါ။ ဒါပေမဲ့ သူ့ကို နေရာနည်းနည်းပိုမြှင့်နိုင်မယ် ဆိုတာ ကျွန်တော်တို့သိပါတယ်။ အဲဒီနောက်မှာ ဒီဂိုးကို သူသွင်းနိုင်ခဲ့တယ်။ ဒီရာသီအတွက် အကောင်းဆုံးဂိုးနှစ်ဂိုးကို (ဖူလ်ဟမ်နှင့်ပွဲတွင် တစ်ဂိုး) သူ့ဆီက ရခဲ့တယ်။ ဂိုးသွင်းပြီးချိန်မှာ ပြစ်ဒဏ်ဘောကနေ တစ်ကြိမ်ကန်ခဲ့သေးတယ်။ သူက လုံးဝကို ရူးလောက်ချင်စရာ ကစားသမားပါ" ဟု ချီးကျူးပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group