
ချဲလ်ဆီး အသင်းဟာ ယမန်နေ့ မနက်က ကစားသွားတဲ့ ပရီးမီးယားလိဂ်ပွဲမှာ မန်ချက်စတာ ယူနိုက်တက် အသင်းကို နာကျင်အချိန်ပို နောက်ဆုံး မိနစ်တွေမှာ ရခဲ့တဲ့ ကိုးလ်ပါလ်မာရဲ့ သွင်းဂိုးတွေနဲ့ အတူ ၄ – ၃ ရလဒ်နဲ့ အံ့အားသင့်ဖွယ် အနိုင်ရခဲ့ပါတယ် ။
အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ ပါလ်မာဟာ မန်စီးတီးကနေ ထွက်ခွာလာပြီးနောက် စီနီယာ ကစားသမား ဘဝ ပထမဆုံး အကြိမ် ဟက်ထရစ် ရယူနိုင်ခဲ့ခြင်း ဖြစ်ပါတယ် ။ ပွဲအပြီး ချဲလ်ဆီး တီဗွီနဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာတော့ ချဲလ်ဆီး အသင်းခေါင်းဆောင် ကော်နာ ဂေါ်လဂါက ကိုးလ်ပါမာရဲ့ စွမ်းဆောင်ရည် အပေါ် အခုလိုပဲ ချီးကျူးသွားပါတယ် ။

ဂေါ်လဂါ က ” ဒီပွဲက ကျွန်တော့ရဲ့ ကစားသမား ဘဝ အကောင်းဆုံး ပွဲတွေထဲ ထိပ်ဆုံးမှာ ပါမယ် မဟုတ်လား ? ကျွန်တော်တို့ဟာ ဒီရာသီ တကယ်ကောင်းတဲ့ ပွဲတချို့ ကစားခဲ့ပေမယ့် ၊ ဒီပွဲက ထိပ်ဆုံးမှာ ရှိကောင်းရှိနေပါလိမ့်မယ် ။ အသင်းဖော်တွေဟာ ပွဲပြီးတဲ့အထိ ချေပဂိုးနဲ့ အနိုင်ဂိုး ၂ဂိုး အတွက် တိုက်ပွဲဝင်စိတ်ဓာတ်ကို ပြသခဲ့ကြပါတယ် ။ ”
” ခင်ဗျား အနေနဲ့ ဒီပွဲမှာ ကိုးလ်ကို အများကြီး ချီးကျူးရမယ် ဆိုတာ ရှင်းနေပါတယ် ။ ဘာလို့လဲဆိုတော့ သူဟာ ကျွန်တော်တို့ အလိုအပ်ဆုံး အချိန်မှာ အမြဲတမ်း ခြေစွမ်းပြတတ်လို့ပါ ။ သူဟာ ကျွန်တော်တို့ အတွက် Man of the Match ပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။
ချဲလ်ဆီးဟာ ဒီပွဲမှာ မိနစ် ၂၀ အတွင်း ဦးဆောင်ဂိုး ၂ဂိုး စောစောစီးစီး ရခဲ့ပေမယ့် ၊ ကွင်းလယ်လူ မွိုက်ဆက်စ် ကိုင်စီဒို ဘောလုံး မှားပေးရာကနေ ပြိုင်ဖက်ကို ပြန်လာခွင့် ပေးခဲ့ပြီး ၊ ဒုတိယပိုင်းမှာ ဦးဆောင်ခွင့်ပါ ထပ်ပေးတဲ့ အထိ ဖြစ်ခဲ့ပါတယ် ။ ဒါနဲ့ ပတ်သက်ပြီး ဂေါ်လဂါက အခုလို မှတ်ချက်ပြုခဲ့ပါတယ် ။

ဂေါ်လဂါ က ” စောစောစီးစီး ဦးဆောင်ဂိုး ရခဲ့တာက ကောင်းခဲ့ပြီး ၊ အသင်းကို အနည်းငယ် ယုံကြည်မှု မြင့်စေပါတယ် ။ နောက်တော့ ကျွန်တော်တို့ ၂ – ၀ နဲ့ ဦးဆောင်ခဲ့ပြီး ၊ ဒါကလည်း ကောင်းခဲ့တာပါပဲ ။ ဒါပေမယ့် ကျွန်တော်တို့ဟာ ဒီလို ပွဲကို ဦးဆောင်နေတဲ့ အခြေအနေမျိုးမှာ ပိုကောင်းအောင် ထိန်းချုပ်ဖို့ လိုပါတယ် ။ ”
” ကျွန်တော်တို့ အနေနဲ့ ဘောလုံး ခြေထဲ မရှိတဲ့ အချိန် ပိုကောင်းအောင် လုပ်ဖို့ ၊ ပိုပြီး ကျစ်လျစ်မှု ရှိဖို့ ၊ ဒီနေ့ပွဲလိုမျိုး ပြိုင်ဖက်ကို ပြန်လာခွင့် မပေးဖို့ လိုပါတယ် ။ ဒီတော့ ကြုံခဲ့ရတာက စိတ်ပျက်စရာပါ ။ ဒါပေမယ့် ကျွန်တော် ပြောခဲ့သလိုပါပဲ ၊ ၃ – ၂ နဲ့ ရှုံးနေတဲ့အချိန် ခင်ဗျားဟာ စိတ်ဓာတ်ကောင်း ပြသဖို့ လိုပြီး ၊ ပွဲကို နိုင်နိုင်သေးတယ် ဆိုတဲ့ ယုံကြည်မှု ထားရပါမယ် ။ ဒါကို အသင်းသားတွေ လုပ်ပြခဲ့ပါတယ် ။ ”
” အသင်းသားတွေဟာ ပွဲပြီးတဲ့အထိ တောက်လျှောက် ဖိအားပေး ၊ တိုက်စစ်ဆင် ၊ အခွင့်အရေး ဖန်တီးမှုတွေ လုပ်ခဲ့ပါတယ် ။ ဒါက အပြန်အလှန် ဖွင့်ကစားတဲ့ ပွဲဆိုတာ ရှင်းနေပါတယ် ။ ဘတ်စ်ကတ်ဘော ပွဲတပွဲလိုပါပဲ ။ ဒါပေမယ့် အဆုံးမှာ လိုအပ်တဲ့ ဂိုး၂ဂိုး ရခဲ့တာကြောင့် ကျွန်တော်တို့ ပျော်မြူးနေကြပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဒီနိုင်ပွဲကြောင့် ချဲလ်ဆီးဟာ ၂၀၁၈ နောက်ပိုင်း ပရီးမီးယားလိဂ်မှာ မန်ယူနိုက်တက်ကို အနိုင်မရနေမှုကို ရပ်တန့်နိုင်ခဲ့ပါတယ် ။ ဒီအချက်အလက်နဲ့ ပတ်သက်ပြီး ဂေါ်လဂါ တယောက် အံ့အားသင့်ခဲ့ပြီး ၊ အခုလိုပဲ တုန့်ပြန်ဖြေကြားလာပါတယ် ။
ဂေါ်လဂါ က ” တကယ်ကြီးလား ? ဒါက ရူးလောက်စရာပါပဲ ။ တကယ် ဟုတ်ကော ဟုတ်ရဲ့လား ? ကျွန်တော်တော့ မသိပါဘူး ။ ဒါပေမယ့် အံ့သြဖွယ်ပါ ။ ဒါက စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ချဲလ်ဆီးနဲ့ မန်ချက်စတာ ယူနိုက်တက် ထိပ်တိုက်တွေ့ဆုံမှု ဖြစ်တော့ ဒီထက် ပိုပြီး ကြီးကျယ်စရာ မရှိပါဘူး ။ ဒါက အံ့သြဖွယ် ပွဲတပွဲပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR