
အာဆင်နယ် အသင်း ရဲ့ ကြယ်ပွင့် ကိုင်ဟားဗတ်ဇ် က ပြီးခဲ့တဲ့ နွေရာသီတုန်းက အသင်း ပြောင်းဖို့ စဉ်းစားရာမှာ ဂျော်ဂျင်ညို ရဲ့ အကူအညီတွေ အများကြီး ပါဝင် ခဲ့တယ်လို့ ဆိုလိုက်ပြီး အီတလီ ဝါရင့် ကွင်းလယ်လူဟာ သူတွဲကစားဖူးသမျှ ကစားသမားတွေထဲမှာ အကောင်းဆုံး ကစားသမား ဖြစ်တယ်လို့ ချီးကျူး သွားခဲ့ပါတယ် ။
ဟားဗတ်ဇ် က အာဆင်နယ် တရားဝင် website နဲ့ အင်တာဗျူးမှာ ” သူ(ဂျော်ဂျင်ညို)နဲ့က အရင်ကတည်းက သိတာပါ ၊ ချဲလ်ဆီး မှာ အတူ တွဲကစားဖူးတော့ သူ့အကြောင်း ကောင်းကောင်း သိပါတယ်၊ အာဆင်နယ် ကို မပြောင်းမှီ ဒီမှာ ကစားရတာ ဘယ်လိုလဲ သူ့ကို မေးခဲ့ပါတယ်။ သူက အရာအားလုံးကို အရိုးသားဆုံး ပြောပြခဲ့ပါတယ် ။ ”

” ကလပ်အသင်းက လူတွေ အားလုံး ၊ နည်းပြ အဖွဲ့ဝင်တွေ နှင့် ကစားသမားတွေ ကောင်းကြောင်း ချီးမွမ်း ပြောပြတာပါ ၊ ဒါကြောင့်လည်း အာဆင်နယ် ကို ပြောင်းဖို့ မြန်မြန်ဆန်ဆန် ဆုံးဖြတ်ချက် ချနိုင်ခဲ့တာပေါ့ ။ ဂျော်ဂျင်ညို နဲ့ စကားပြော အပြီးမှာ အာဆင်နယ် ကို ပြောင်းဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်း ကျနော် နည်းပြကြီးကိုတောင် ပြောပြ ဖြစ်ခဲ့ပါတယ် ။ ”
” ဂျော်ဂျီ က ကျနော် သူ့ကို ကြည့်လိုက်တာနဲ့ ၊ သူ ကျနော့်ကို ကြည့်လိုက်တာနဲ့ သူ ဘာလုပ်ချင်သလဲ ကိုယ်ဘာလုပ်ချင်သလဲ သိကြတဲ့သူတွေပါ ။ သူက ကျနော် တွဲကစားဖူးသမျှ ကစားသမားတွေထဲမှာ အကောင်းဆုံး ကစားသမား တစ်ဦးပါပဲ ၊ သူက ကျနော် ဘယ်ကို ရွေ့လျား ကစားမလဲ ကောင်းကောင်းသိသလို ကျနော်ကလည်း သူ ဘယ်ကို ပေးမလဲ ၊ သူ ဘယ်လို တွေးနေသလဲ သိပါတယ် ။ ”

” ယေဘုယျအားဖြင့် ဘောလုံး အားကစား တစ်ခုလုံးမှာ သွင်းဂိုး နှင့် ဂိုးဖန်တီးမှုတွေကိုပဲ ပရိသတ်တွေက စိတ်ဝင်စားကြပါတယ် ။ ဒါပေမဲ့ သူက ပြိုင်ဘက် ရဲ့ ဂိုးဧရိယာထဲမှာထက် တခြား ကွင်းရဲ့ နေရာတွေမှာ ပိုပြီး အလုပ်လုပ်တဲ့ ကစားသမားပါ ၊ လူတွေက ဂိုးသွင်းတဲ့သူ ဂိုးဖန်တီးတဲ့သူ သွင်းဂိုး ပါဝင် ပတ်သက်တဲ့သူတွေ အကြောင်း ပိုပြောကြပေမယ့် သူက ကျနော်တို့ အားလုံးရဲ့ နောက်ကွယ်မှာ အဓိကကျတဲ့ ကစားသမား တစ်ဦးပါ ။ ”
” ကွင်းအတွင်းမှာ အသင်းကိုဟန်ချက်ညီအောင် သူက ထိန်းသိမ်း ပေးတာပါ ။ ဘာလွန်းဒေါဆု မှာလည်း တတိယ ဆု ရခဲ့တာက သူ က သူ ကစားတဲ့ နေရာမှာ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦး ဖြစ်တယ်ဆိုတာ ပြသနေတာပါပဲ ။ ” လို့ ချီးကျူး သွားခဲ့ပါတယ် ။

SM