
လီဗာပူးလ်အသင်းသည် ယခုရက်သတ္တပတ်အတွင်း စပို့တင်းလစ္စဘွန်းနည်းပြ အမော်ရင်မ်၏ အေးဂျင့်ဖြစ်သူနှင့် တွေ့ဆုံဆွေးနွေးပြီး ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရယူသွားရန် စီစဉ်နေကြောင်း သိရသည်။
လီဗာပူးလ်အသင်းသည် ရာသီကုန်တွင် အသင်းမှထွက်ခွာတော့မည့် နည်းပြ ယာဂန်ကလော့ပ်နေရာ အစားထိုးရန် နည်းပြသစ်ရှာဖွေနေရာ လက်ရှိအချိန်တွင် အမော်ရင်မ်ကို ဦးစားပေးပစ်မှတ်အဖြစ် သတ်မှတ်ထားခြင်းဖြစ်ကြောင်း သိရသည်။ လီဗာပူးလ်အသင်းသည် အစောပိုင်းက လေဗာကူဆင်နည်းပြ ရှာဘီအလွန်ဆိုကို ယာဂန်ကလော့ပ်နေရာ အစားထိုးရန် ရည်ရွယ်ခဲ့သော်လည်း အလွန်ဆိုက လာမည့်ရာသီတွင် လေဗာကူဆင်အသင်း၌ ဆက်နေရန် ဆုံးဖြတ်ခဲ့သည့်အတွက် အမော်ရင်မ်ဘက်သို့ မြားဦးလှည့်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပေါ်တူဂီလက်ရွေးစင်ကစားသမားဟောင်း အမော်ရင်မ် (၃၉ နှစ်)သည် ၂၀၁၈ ခုနှစ်ကတည်းက နည်းပြလောကသို့ ကူးပြောင်းဝင်ရောက်ခဲ့သူဖြစ်ပြီး ပေါ်တူဂီကလပ်များဖြစ်သည့် ကာဆာပီယာ၊ ဘရာဂါနှင့် စပို့တင်းလစ္စဘွန်းအသင်းများကို ကိုင်တွယ်ခဲ့သူဖြစ်သည်။ ၎င်းကို စပို့တင်းလစ္စွဘွန်းအသင်းက ၂၀၂၀ မတ်လတွင် ဘရာဂါအသင်းထံမှ ယူရို(၁၀)သန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သောကြောင့် နည်းပြများထဲ၌ တတိယတန်ဖိုးအကြီးဆုံးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ အမော်ရင်မ်သည် စပို့တင်းလစ္စဘွန်းအသင်းအား (၁၉)နှစ်ကြာဝေးကွာနေသည့် အမှတ်ပေးချန်ပီယံဆု ပြန်လည်ရယူပေးနိုင်ခဲ့သောကြောင့် ထင်ရှားလာသူဖြစ်ပြီး လက်ရှိအချိန်၌ ၎င်းကို နည်းပြသစ်အဖြစ် ခန့်အပ်ရန် ဘာစီလိုနာအသင်းကလည်း စိတ်ဝင်စားနေကြောင်း သိရသည်။
အမော်ရင်မ်သည် စပို့တင်းလစ္စဘွန်းအသင်းနှင့် စာချုပ်ချုပ်ဆိုရာ၌ ပြည်ပကလပ်များထံ ပြောင်းရွှေ့ခဲ့ပါက လျော်ကြေး ယူရို(၁၄)သန်း ပေးချေရမည်ဟု ထည့်သွင်းချုပ်ဆိုထားသည့်အတွက် လီဗာပူးလ်အသင်းအနေဖြင့် လျော်ကြေးငွေအသုံးပြု ၍ ခေါ်ယူရမည်ဖြစ်ကြောင်း သိရသည်။ လီဗာပူးလ်အသင်းသည် အခြားနည်းပြအချို့ကို လျာထားစာရင်းတွင် ထည့်သွင်းထားသော်လည်း အမော်ရင်မ်ကို ခေါ်ယူနိုင်မည်ဟု ယုံကြည်နေပြီး ရာသီမကုန်ဆုံးမီ သဘောတူညီမှုရယူထားနိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ လီဗာပူးလ်အသင်းသည် အမော်ရင်မ်၏ အေးဂျင့်အဖြစ် ဆောင်ရွက်နေသော ရာအူးလ်ကော်စတာနှင့် မကြာမီ ဆွေးနွေးသွားမည်ဖြစ်ပြီး လစာနှုန်းထား၊ စာချုပ်သက်တမ်းတို့နှင့်ပတ်သက်၍ သဘောတူညီမှု ရယူသွားနိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း သိရသည်။ လာမည့်နွေရာသီ၌ လီဗာပူးလ်အသင်း၏ ဘောလုံးအမှုဆောင်ချုပ်အဖြစ် ဆောင်ရွက်မည့် မိုက်ကယ်အက်ဒ်ဝပ်စ်ကလည်း အမော်ရင်မ်ကို သဘောကျသူဖြစ်ကြောင်း သိရသည်။