
အာဆင်နယ်အသင်း၏ တောင်ပံကစားသမား ဆာကာသည် စနေနေ့က ယှဉ်ပြိုင်ကစားခဲ့သော ဘရိုက်တန် နှင့်ပွဲတွင် တစ်ဂိုးသွင်းယူနိုင်ခဲ့သည့်အတွက် ပြီးခဲ့သည့် ရာသီက ပရီးမီးယားလိဂ်သွင်းဂိုးအရေအတွက်ကို လိုက်မီသွားခဲ့ပြီဖြစ်ကြောင်း သိရသည်။
ဆာကာသည် ဘရိုက်တန်အား (၃-ဝ)ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင် ပယ်နယ်တီမှတစ်ဆင့် ဦးဆောင်ဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။ အဆိုပါသွင်းဂိုးမှာ ယခုရာသီတွင် ၎င်းအတွက် (၁၄)ဂိုးမြောက် ပရီးမီးယားလိဂ်သွင်းဂိုးဖြစ်ခဲ့ပြီး ၎င်း၏ကစားသမားဘဝတစ်လျှောက် အများဆုံးအဖြစ် စံချိန်တင်ခဲ့သော ပြီးခဲ့သည့်ရာသီ ဂိုးအရေအတွက်ကို လိုက်မီခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ပြီးခဲ့သည့်ရာသီ၌ ပရီးမီးယားလိဂ်(၃၈)ပွဲစလုံး ပါဝင်ကစားကာ (၁၄)ဂိုးသွင်းယူခဲ့ခြင်းဖြစ်ပြီး ယခုရာသီတွင်မူ (၂၉)ပွဲ ယှဉ်ပြိုင်ကစားရာတွင် (၁၄)ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်သောကြောင့် ပိုမိုကောင်းမွန်သော စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ခြင်းဖြစ်သည်။ ဆာကာ (၂၂ နှစ်)သည် ပြီးခဲ့သည့်ရာသီက ပြိုင်ပွဲစုံ(၄၈)ပွဲယှဉ်ပြိုင်ကစားကာ စုစုပေါင်း (၁၅)ဂိုးသွင်းယူခဲ့ပြီး ယခုရာသီ၌ ပြိုင်ပွဲစုံ (၃၉)ပွဲယှဉ်ပြိုင်ကစားရာတွင် စုစုပေါင်း (၁၇)ဂိုး သွင်းယူထားနိုင်ပြီဖြစ်ကြောင်းလည်း သိရသည်။
ဘရိုက်တန်နှင့်ပွဲအပြီးတွင် ဆာကာက မိမိတို့အနေဖြင့် ပြီးခဲ့သည့်ရာသီတွင် ကြုံတွေ့ခဲ့သည့်ဖြစ်ရပ်များမှ သင်ခန်းစာယူနိုင်ခဲ့ပြီး ယခုရာသီတွင် ရုပ်ပိုင်းရော စိတ်ပိုင်းတွင်ပါ ပိုကောင်းနေပြီဟု သုံးသပ်ပြောကြားခဲ့သည်။ "ပြီးခဲ့တဲ့ရာသီကထက် ရုပ်ပိုင်းရော စိတ်ပိုင်းမှာပါ ပိုကောင်းနေပြီလို့ ခံစားရပါတယ်။ ပြီးခဲ့တဲ့ရာသီကနေ ကြီးမားတဲ့ သင်ခန်းစာတွေကို ကျွန်တော်တို့ သင်ယူခဲ့ပါတယ်။ ဒါကြောင့် ဒီလိုပွဲမျိုးမှာ ဘာလုပ်ဖို့လိုအပ်သလဲဆိုတာ ကျွန်တော်တို့ သိလာပါတယ်။ ဒီလိုပွဲမျိုးတွေမှာ ဂိုးစောစောသွင်းဖို့၊ ဂိုးမပေးရအောင် ထိန်းဖို့၊ ပြင်းပြင်းထန်ထန်ကြိုးစားဖို့ လိုအပ်ပါတယ်။ ၂၀၂၄ ခုနှစ်အတွင်း အသင်းရဲ့ လတ်တလောအနေအထားကို ကျွန်တော် သဘောကျပါတယ်။ ကျွန်တော်တို့ တကယ့်ကို ကျစ်ကျစ်လျစ်လျစ်ရှိနေပြီး အထင်ကြီးလောက်စရာလည်းဖြစ်နေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ပျော်ရွှင်နေပါတယ်"ဟု ပြောကြားခဲ့သည်။
အာဆင်နယ်အသင်းသည် ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်ချန်ပီယံဆုရရှိရန် အလွန်နီးစပ်သည့်အခြေအနေသို့ ရောက်ရှိခဲ့ပြီး လက်ရှိချန်ပီယံ မန်စီးတီးအသင်းကို အမှတ်ဖြတ်ကာ ဦးဆောင်နိုင်ခဲ့သော်လည်း ဧပြီလအတွင်း၌ (၄) ပွဲဆက်တိုက် အမှတ်လျော့ခဲ့သည့်အတွက် မန်စီးတီးအသင်းက ပြန်လည်ကျော်တက်သွားခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင်မူ အာဆင်နယ်အသင်းသည် ပွဲကျပ်များကို တည်ငြိမ်စွာကျော်ဖြတ်လျက်ရှိပြီး အဝေးကွင်းနောက်ဆုံး (၅)ပွဲဆက်တိုက် Clean Sheet ရလဒ်များ ရယူနိုင်ခဲ့သည်။ အဆိုပါစွမ်းဆောင်ရည်မှာ ၁၉၉၇ နောက်ပိုင်း အကောင်းဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။ အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၃၁)ယှဉ်ပြိုင်အပြီးတွင် သွင်းဂိုးအများဆုံးအဖြစ် (၇၅)ဂိုးသွင်းယူထားသလို၊ ပေးဂိုးအနည်းဆုံးအဖြစ် (၂၄)ဂိုးသွင်းယူထားသည်။ ထို့ကြောင့် ဂိုးကွာခြားချက်(+၅၁)ဂိုးရှိနေခြင်းမှာလည်း ပရီးမီးယားလိဂ်ခေတ်တစ်လျှောက် ဂိုးကွာခြားချက်အများဆုံးဖြစ်ခဲ့သည့် ၂၀၀၄-၀၅ ရာသီက စံချိန်ကို လိုက်မီခဲ့ကြောင်း သိရသည်။