
တူရကီကလပ် ဖီနာဘာချီအသင်းသည် တနင်္ဂနွေနေ့က ယှဉ်ပြိုင်ခဲ့သော တူရကီစူပါဖလားပွဲတွင် ယူ-၁၉ ကစားသမားများဖြင့်သာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်အပြင် ပွဲချိန် (၂)မိနစ်မပြည့်မီမှာပင် ကွင်းအတွင်းမှ ထွက်ခွာခဲ့ကြောင်း သိရသည်။
ဖီနာဘာချီအသင်းသည် အဆိုပါပွဲအား ရွှေ့ဆိုင်းပေးရန် တောင်းဆိုမှုကို တူရကီဘောလုံးအဖွဲ့ချုပ်က လိုက်လျောခြင်းမရှိသည့်အတွက် ယင်းကဲ့သို့ ပြုမူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တူရကီစူပါဖလားပွဲမှာ ပြီးခဲ့သည့်ရာသီ အမှတ်ပေးချန်ပီယံအသင်းနှင့် တူရကီဖလားချန်ပီယံအသင်းတို့ ယှဉ်ပြိုင်ရခြင်းဖြစ်ပြီး ဒီဇင်ဘာလကတည်းက ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဆော်ဒီနိုင်ငံနှင့် ညှိနှိုင်းမှုအဆင်မပြေသဖြင့် ပွဲရွှေ့ ဆိုင်းခဲ့ပြီး တူရကီနိုင်ငံတွင်ပင် ပြောင်းလဲကျင်းပခြင်းဖြစ်သည်။ မူလက ဒီဇင်ဘာ(၂၃)တွင် ဆော်ဒီနိုင်ငံ၌ ကျင်းပရန် စီစဉ်ထားခဲ့ပြီး တူရကီသမ္မတဟောင်း မူစတာဖာကီ မယ်လ်အတာတက်ခ်၏ ရုပ်ပုံပါဝင်သော အလံများအား ကိုင်ဆောင်ခွင့်ပြုရန် တူရကီဘောလုံးအဖွဲ့ချုပ်က လိုလားခဲ့သော်လည်း ဆော်ဒီအစိုးရတာဝန်ရှိသူများက ခွင့်မပြုခဲ့ပေ။ ထို့ကြောင့် ပွဲရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်ပြီး ယခု တူရကီနိုင်ငံတွင် ပြန်လည်ကျင်းပချိန်၌ ကွန်းဖရန့်လိဂ်ကွာတားဖိုင်နယ် ပထမအကျော့ကစားရမည့်ရက်နှင့် နီးကပ်နေသည်ဟူသော အကြောင်းပြချက်ဖြင့် ပွဲရွှေ့ဆိုင်းပေးရန် တောင်းဆိုခဲ့ခြင်းကို တူရကီဘောလုံးအဖွဲ့ချုပ်က ငြင်းပယ်ခဲ့ခြင်းဖြစ်ကြောင်း Goal က ဖော်ပြခဲ့သည်။ ထို့ပြင် ဖီနာဘာချီအသင်းသည် ယင်းပွဲ၌ ပြည်ပဒိုင်လူကြီးများကို တာဝန်ပေးရန်လည်း တောင်းဆိုခဲ့ပြီး တူရကီဘောလုံးအဖွဲ့ချုပ်က လက်မခံခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဖီနာဘာချီအသင်းက ဆန္ဒပြသည့်အနေဖြင့် ယူ-၁၉ အသင်းမှ ကစားသမားများဖြင့်သာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်အပြင် ပွဲထွက်စာရင်း၌ ကစားသမား(၉)ဦးသာ ပါဝင်ခဲ့ကြောင်း သိရသည်။ ဖီနာဘာချီအသင်းသည် ကစားသမား(၉)ဦးဖြင့် ယှဉ်ပြိုင်ပြီး ယင်းတို့အနက်မှ (၃)ဦးက ဒဏ်ရာရဟန်ဆောင်ကာ ပွဲကို ရပ်တန့်စေရန် ရည်ရွယ်ထားခဲ့ကြောင်းလည်း သိရသည်။ သို့ရာတွင် ပွဲအစ (၄၈)စက္ကန့်အကြာမှာပင် ဂါလာတာစာရေးအသင်းအတွက် အီကာဒီက ဂိုးသွင်းယူခဲ့သည့်အတွက် ဖီနာဘာချီအသင်းက ဆက်လက်ယှဉ်ပြိုင်ခြင်းမပြုတော့ဘဲ ကွင်းအတွင်းမှ ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းအတွက် ဖီနာဘာချီအသင်းက တူရကီစူပါဖလားချန်ပီယံအဖြစ် အောင်ပွဲခံမှု ပြုလုပ်ခဲ့ပြီးနောက် ၎င်းတို့၏ အရန်အသင်းနှင့် ယှဉ်ပြိုင်ကစားကာ ပရိသတ်များကို နှစ်သိမ့်ခဲ့ကြောင်း သိရသည်။
ဖီနာဘာချီအသင်းသည် ပြီးခဲ့သည့်လအတွင်းက ၎င်းတို့၏ ကစားသမားများကို ထရက်ဇွန်စပေါ်အသင်း၏ ပရိသတ်များက ကွင်းအတွင်းဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် တူရကီလိဂ်ပြိုင်ပွဲမှ နုတ်ထွက်ရန်ပင် စီစဉ်ခဲ့ဖူးသည့် အသင်းဖြစ်သည်။ ယင်းဖြစ်ရပ်၌ တူရကီဘောလုံးအဖွဲ့ချုပ်၏ အရေးယူမှု အားနည်းခြင်းကို မကျေနပ်သည့်အတွက် စူပါဖလားပွဲတွင် မခိုင်မာသည့်အကြောင်းပြချက်ဖြင့် ပွဲဖျက်ခဲ့ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်မှုများလည်းရှိနေသည်။ ဖီနာဘာချီအသင်းတာဝန်ရှိသူများသည် တူရကီစူပါဖလားပွဲ၌ ယခုကဲ့သို့ ပြုလုပ်မည့် အစီအစဉ်ကို ပရိသတ်များအား ကြိုတင်အသိပေးထားခဲ့ပြီး လိုက်ပါအားပေးခြင်းမပြုရန် တောင်းဆိုထားခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။