Eleven Media Group

အမော်ရင်မ် ရောက်ရှိလာပါက စပို့တင်းလစ္စဘွန်း တိုက်စစ်မှူး ဂျော်ကီရက်စ်ကို ခေါ်ယူရန်ကြိုးပမ်းမည့် အသင်းများထဲတွင် လီဗာပူးလ် ပါဝင်လာနိုင်

Photo: X

လီဗာပူးလ်အသင်းသည် စပို့တင်းလစ္စဘွန်းနည်းပြ အမော်ရင်မ်ကို နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ခဲ့ပါက စပို့တင်းလစ္စဘွန်းအသင်းမှ ဆွီဒင်တိုက်စစ်မှူး ဂျော်ကီရက်စ်ကိုလည်း ခေါ်ယူရန် ကြိုးပမ်းဖွယ်ရှိကြောင်း သိရသည်။
ယခုရာသီ၌ စပို့တင်းလစ္စဘွန်းအသင်းတွင် ပြိုင်ပွဲစုံ(၄၂)ပွဲကစားကာ (၃၆)ဂိုးသွင်းယူပြီး ခြေစွမ်းပြနေသည့် ဂျော်ကီရက်စ်(၂၅ နှစ်)ကို ပရီးမီးယားလိဂ်ထိပ်သီးအသင်းများဖြစ်သည့် အာဆင်နယ်နှင့် ချယ်လ်ဆီးအသင်းတို့က ခေါ်ယူရန် ချိန်ရွယ်နေကြသည်။
အဆိုပါလန်ဒန်ကလပ်နှစ်သင်းသည် ဂျော်ကီရက်စ်အတွက် ပြောင်းရွှေ့ကြေး ပေါင်(၈၅)သန်းဝန်းကျင် အသုံးပြုရန်ပင် အသင့်ရှိနေကြောင်း သိရသည်။
လီဗာပူးလ်အသင်းသည် မူလက ဂျော်ကီရက်စ်ကို ခေါ်ယူလိုသည့်အသင်းများထဲတွင် ပါဝင်ခြင်းမရှိသော်လည်း အမော်ရင်မ် ရောက်ရှိလာလျှင်မူ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရမည်ဖြစ်သည့်အတွက် ၎င်းအားခေါ်ယူရန် ကြိုးပမ်းလာမည် ဖြစ်သလို၊ အနာဂတ်မသေချာသည့် ဆာလာ၏နေရာ အစားထိုးရန်လည်း ကြိုးပမ်းရမည်ဖြစ်သည်။
အမော်ရင်မ်သည် (၃-၄- ၃) ကစားကွက်ကို နှစ်သက်သူဖြစ်သောကြောင့် ၎င်း၏ ကစားကွက်နှင့်ကိုက်ညီမည့် ကစားသမားသစ်များကို ခေါ်ယူဖွယ်ရှိကြောင်းလည်း သုံးသပ်မှုများရှိနေသည်။

မူရင်းသတင်း — Eleven Media Group