
အက်သလက်တီကိုအသင်း၏ ပြင်သစ်ဝါရင့်တိုက်စစ်မှူး ဂရီးဇ်မန်းက အသင်း၏ ရာသီလက်ကျန်ပွဲစဉ်အားလုံးကို အနိုင်ယူရန် အသင်းဖော်များနှင့် စိန်ခေါ်မှုပြုလုပ်ခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အောင်မြင်မှုရယူနိုင်ရန် မျှော်လင့်နေကြောင်း စပိန်အားကစားသတင်းစာ Football Espana က ဖော်ပြခဲ့သည်။
အသက် (၃၃) နှစ်အရွယ်ရှိ ပြင်သစ်ဝါရင့်တိုက်စစ်မှူး ဂရီးဇ်မန်းသည် ယခုရာသီတွင် အက်သလက်တီကိုအသင်း၏ အဓိကတိုက်စစ်မှူးအဖြစ် ခြေစွမ်းပြနေသူဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၃၉)ပွဲကစားထာရာတွင် သွင်းဂိုး (၁၉)ဂိုးနှင့် ဂိုးဖန်တီးမှု (၈)ကြိမ်ပြုလုပ်ပေးထားသူဖြစ်သည်။
ထို့ကြောင့် ယခုရာသီမှာ ဂရီးဇ်မန်းအတွက် ကစားသမားဘဝ စွမ်းဆောင်ရည်အကောင်းဆုံးရာသီများထဲမှ တစ်ခုဖြစ်ကြောင်း စပိန်မီဒီယာများက ဖော်ပြနေကြပြီး ဂရီးဇ်မန်းအနေဖြင့်မူ တစ်ဦးချင်းစွမ်းဆောင်ရည်ကောင်းများ၊ အောင်မြင်မှုများထက် အသင်းလိုက်အောင်မြင်မှုများ ရယူနိုင်ရန်သာ ဆန္ဒပြင်းပြနေကြောင်းသိရသည်။
ထို့ကြောင့် ဂရီးဇ်မန်းအနေဖြင့် အက်သလက်တီကိုအသင်းနှင့် ရာသီလက်ကျန်ပွဲစဉ်အားလုံးကို အနိုင်ယူကာ အောင်မြင်သည့်ရာသီတစ်ခုအဖြစ် အဆုံးသတ်နိုင်ရန် ပစ်မှတ်ထားနေပြီး အသင်းဖော်များနှင့် စိန်ခေါ်မှုပြုလုပ်ခဲ့ကြောင်း Football Espana ကဖော်ပြခဲ့သည်။
အက်သလက်တီကိုအသင်းသည် လက်ရှိ ၂၀၂၃-၂၄ ဘောလုံးရာသီ လက်ကျန်ကာလအတွင်း လာလီဂါပွဲစဉ် (၈)ပွဲနှင့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ် (၂)ပွဲကစားရန် ကျန်ရှိနေပြီး ယင်းပွဲစဉ်အားလုံးကိုအနိုင်ယူရန်မှာ မိမိနှင့်အသင်း အတွက် အလွန်အရေးကြီးကြောင်း ဂရီးဇ်မန်းက ပြောကြားခဲ့သည်။
ဂရီးဇ်မန်းက ''ကျွန်တော့်အတွက်တော့ အသင်းရဲ့ လာလီဂါနဲ့ ချန်ပီယံလိဂ်လက်ကျန်ပွဲစဉ်အားလုံးကို အနိုင်ယူဖို့ အလွန်အရေးကြီးပါတယ်။ ဒါဟာ ကျွန်တော့်ရဲ့ ပုဂ္ဂိုလ်ရေးရည်မှန်းချက်ဖြစ်ပြီး ဒီပွဲတွေအားလုံးကို အနိုင်ယူချင်ပါတယ်'' ဟု AS သတင်းစာနှင့် အင်တာဗျူးတွင် ဖြေကြားခဲ့သည်။
အက်သလက်တီကိုအသင်းသည် ယခုရာသီ လာလီဂါပွဲစဉ် (၃၀)ပွဲယှဉ်ပြိုင်ကစားပြီးချိန်တွင် ရမှတ် (၅၈) မှတ်ဖြင့် အဆင့် (၄)နေရာ၌ရပ်တည်နေပြီး အဆင့် (၃) နေရာမှ ဂျီရိုနာနှင့် (၇)မှတ်ကွာဟနေသလို၊ အဆင့် (၅) နေရာမှ ဘီလ်ဘာအိုအသင်း၏ (၂)မှတ်အကွာနှင့်ဖိအားပေးမှုများကြောင့် ရာသီကုန်ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရန်အတွက် လက်ကျန်ပွဲစဉ်များတွင် ရလဒ်ကောင်းများရယူနိုင်ရန် လိုအပ်နေကြောင်းသိရသည်။
ထို့ပြင် အက်သလက်တီကိုအသင်းအနေဖြင့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်တွင်လည်း ဂျာမန်ကလပ် ဒေါ့မွန်အသင်းနှင့် အိမ်ကွင်း၊ အဝေးကွင်း ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အသင်း၏ ယခုရာသီ တစ်ခုတည်းသော ဆုဖလားမျှော်လင့်ချက်အတွက် အရေးအပါဆုံးပွဲစဉ်ဖြစ်ကြောင်းသိရသည်။
ဂရီးဇ်မန်းသည် အက်သလက်တီကိုအသင်းတွင် (၈)ရာသီမြောက် ကစားနေသူဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၃၈၀)ပွဲကစားရာတွင် (၁၇၆)ဂိုးအထိသွင်းယူထားကာ အသင်းနှင့်အတူ စပိန်စူပါဖလား၊ ယူရိုပါလိဂ်နှင့် ဥရောပစူပါဖလားများကို ရယူနိုင်ခဲ့သူဖြစ်သည်။