Eleven Media Group

■ အိုးလ်ထရက်ဖို့ဒ် နှစ်ပွဲဆက် အလိုရှိသည့်ရလဒ် မရရှိခဲ့ကြောင်း လီဗာပူးလ်နည်းပြ ကလော့ပ် ညည်းတွား

Photo: AFP

မန်ချက်စတာယူနိုက်တက်(၂-၂) လီဗာပူးလ်ပွဲအပြီးတွင် လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က အိုးလ်ထရက်ဖို့ဒ် နှစ်ပွဲဆက်တိုက် လွှမ်းမိုးထားနိုင်ခဲ့သော်လည်း မိမိတို့လိုချင်သည့်ရလဒ်ကို မရရှိခဲ့ကြောင်း ဝန်ခံခဲ့သည်။

ယာဂန်ကလော့ပ်က ''လီဗာပူးလ်နည်းပြအဖြစ် ဒီကိုရောက်လာတဲ့အကြိမ်တိုင်းမှာ ဒီနှစ်ပွဲလောက် ကျွန်တော်တို့ မန်ယူနိုက်တက်ကို သိသိသာသာ မလွှမ်းမိုးနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ကျွန်တော်တို့ လိုချင်တဲ့ရလဒ် မရခဲ့ပါဘူး''ဟု မှတ်ချက်ပြုခဲ့သည်။

လီဗာပူးလ်သည် အချိန်ပို၌ အရေးနိမ့်ခဲ့သည့် FAဖလား ကွာတားဖိုင်နယ်ပွဲ အပါအဝင် ယင်းနှစ်ပွဲတွင် ဂိုးကန်သွင်းခွင့် ၅၃ ကြိမ် ရခဲ့သော်လည်း နိုင်ပွဲပျောက်ဆုံးခဲ့ရသည်။

မေလ ၁၁ ရက်တွင် ကစားမည့် မန်ယူ-အာဆင်နယ်ပွဲကိုလည်း ကလော့ပ်က ယခုကဲ့သို့ သုံးသပ်ခဲ့သည်။

''အာဆင်နယ်က ဘောလုံးအသင်းကောင်းတစ်သင်းပါ။ မန်ယူနိုက်တက်အနေနဲ့ သူတို့ ယနေ့ကစားပုံမျိုးနဲ့တော့ အာဆင်နယ်ပဲ အနိုင်ရသွားပါလိမ့်မယ်။ ဒါက ရာနှုန်းပြည့် သေချာပါတယ်။ ကျွန်တော့်အနေနဲ့ ဒီလိုပြောရတဲ့အတွက် ဝမ်းနည်းပါတယ်''ဟု ကလော့ပ် ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် မန်ယူအသင်းနှင့် ယခုရာသီတွေ့ဆုံမှု သုံးပွဲတွင် နိုင်ပွဲမရှိခဲ့ဘဲ နှစ်ပွဲသရေ၊ တစ်ပွဲရှုံးနိမ့်ခဲ့သည်။

လီဗာပူးလ်အသင်းသည် ယခုရာသီတွင် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့လျှင် သမိုင်းတစ်လျှောက် အမှတ်ပေးဇယား အကြိမ် ၂၀ ဖြင့် မန်ယူ၏စံချိန်ကို လိုက်မီနိုင်မည်ဖြစ်သည်။

မူရင်းသတင်း — Eleven Media Group