Eleven Media Group

ဘုရင့်ဖလားချန်ပီယံဆုအတွက် ပျော်ရွှင်မိသည်ဟု ဗယ်လ်ဗာဒီ ဖွင့်ဟခဲ့ပြီး အသင်းနှင့်စာချုပ်သစ်ချုပ်ဆိုနိုင်ရန် မျှော်လင့်နေ

Photo: X

ဘီလ်ဘာအိုအသင်း၏ စပိန်လူမျိုးနည်းပြ ဗယ်လ်ဗာဒီက အသင်းနှင့်အတူ စပိန်ဘုရင့်ဖလားချန်ပီယံဆုရယူနိုင်ခဲ့သည့်အတွက် ပျော်ရွှင်မိသည်ဟု ဖွင့်ဟခဲ့ပြီး နည်းပြဘဝ၏ အခမ်းနားဆုံးအောင်မြင်မှုတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။
အသက် (၆၀)နှစ်အရွယ်ရှိ ဗယ်လ်ဗာဒီသည် ဘီလ်ဘာအိုအသင်းအား နည်းပြအဖြစ် (၃)ကြိမ်မြောက်ကိုင်တွယ်နေခြင်းဖြစ်ပြီး ဘီလ်ဘာအိုနည်းပြဘဝ ဒုတိယမြောက်မေဂျာဆုဖလားအောင်မြင်မှု (၂၀၁၅ တွင် စပိန်စူပါဖလားရရှိခဲ့) ကိုရယူနိုင်ခဲ့ခြင်းဖြစ်သည်။
ဗယ်လ်ဗာဒီက ''ဒီအောင်မြင်မှုကို သူတို့ (ဘီလ်ဘာအိုပရိသတ်များ)အတွက် ရည်ညွှန်းပါတယ်။ သူတို့အားလုံး အောင်ပွဲတွေနဲ့ ထိုက်တန်သူတွေဖြစ်ပြီး ဒီအတွက်လည်း အချိန်တွေအများကြီးစောင့်ခဲ့ရတာပါ။ ဆုဖလားအောင်ပွဲအတွက်လည်း ပျော်ရွှင်မိပါတယ်'' ဟုပြောကြားခဲ့သည်။
ဗယ်လ်ဗာဒီသည် စပိန်ဘုရင့်ဖလားချန်ပီယံဆုကိုရယူနိုင်ခဲ့ပြီးနောက် အသင်းနှင့်စာချုပ်သစ်ချုပ်ဆိုရန် မျှော်လင့်နေပြီး အသင်းတာဝန်ရှိသူများအနေဖြင့်လည်း လာမည့်နွေရာသီတွင် စာချုပ်သက်တမ်းကုန်ဆုံးတော့မည့် ဗယ်လ်ဗာဒီအား သက်တမ်းတိုးနိုင်ရန် စီစဉ်နေကြောင်းသိရသည်။

မူရင်းသတင်း — Eleven Media Group