
မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဦးကျင်ဦး(ဥက္ကဋ္ဌ၊ Popular Group) သည် မြန်မာ့ရိုးရာလက်ဝှေ့ ဒိုင်လူကြီးများနှင့် ရိုးရာလက်ဝှေ့ကစားသမားဟောင်းများကို ကူညီထောက်ပံ့မှုပြုလုပ်ခဲ့ကြောင်း သိရသည်။
မြန်မာ့ရိုးရာလက်ဝှေ့ ဒိုင်လူကြီးများနှင့် ရိုးရာလက်ဝှေ့ကစားသမားဟောင်းများအား ကူညီထောက်ပံ့မှုပြုလုပ်ပွဲကို ဧပြီ ၈ ရက်က ရန်ကုန်မြို့၊ သိမ်ဖြုလက်ဝှေ့အားကစားရုံရှိ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ယင်းကူညီထောက်ပံ့မှုပြုလုပ်ပွဲကို မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဦးကျင်ဦး(ဥက္ကဋ္ဌ၊ Popular Group)၊ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်ဥက္ကဌ ဒေါက်တာ တင်အောင်လွင်၊ ဒုဥက္ကဋ္ဌ ဦးကျော်ဝင်းထွန်း၊ ဦးမျိုးမင်း(MD- Popular Group)၊ ဒေါ်သဇင်ထွန်း(DGM- Popular Group)နှင့် အလုပ်အမှုဆောင်လူကြီးများတက်ရောက်ခဲ့သည်။
ကူညီထောက်ပံ့မှုအဖြစ် ဦးသမန်းကျား၊ ဦးမြသွင်၊ ဦးဒေါင်းနီ၊ ဦးဇေယျာစိန်၊ ဦးမဂျစ်၊ ဦးသထုံဘနှစ်၊ ဂေါ်မူဒို၊ ထွန်းလွင်မိုး၊ စောရာဇာ၊ ဒေါင်းဖြူလေး၊ စိုးမိုးဟိန်း၊ စောထူးဇော်နှင့် ဘိလပ်မြေမောင်မောင်တို့(၁၃) ဦးကို တစ်ဦးလျှင် ကျပ်(၁၀)သိန်းစီဖြင့် ကျပ်သိန်း(၁၃၀) ပေးအပ်ကူညီခဲ့ခြင်းဖြစ်ကြောင်း သိရသည်။